အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် အသက်ကြီးလာလေ မျိုးဆက်ပွားစွမ်းရည် ကျဆင်းလာလေပါပဲ။ အသက် ၃၀ ကျော်ရင် ကလေးရဖို့ ခက်ခဲလာသလို ကိုယ်ဝန်ပြဿနာတွေနဲ့ ကလေးမှာ နောက်ဆက်တွဲဆိုးကျိုးတွေလည်း ပိုများလာတတ်ပါတယ်။ အခုဒီဆောင်းပါးမှာတော့ အမျိုးသမီးတွေအနေနဲ့ အသက်ကြီးမှ ကလေးယူမယ်ဆိုရင် ဘာတွေ သတိထားရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။
အမျိုးသမီးတွေ အသက်ကြီးမှ ကလေးယူမယ်ဆိုရင်
ပုံမှန်ဆို မိန်းကလေးတွေက အသက် ၂၀ လောက်မှာ ကိုယ်ဝန်ဆောင်ဖို့အကောင်းဆုံးဖြစ်ပြီး အသက် ၃၀ ကျော်လာရင်တော့ ကလေးရနိုင်ခြေ ကျဆင်းလာပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မိန်းကလေးတစ်ယောက် အသက်ကြီးလာလေ သားဥအိမ်ထဲက ထုတ်ပေးနိုင်တဲ့ သားဥအရေအတွက်ရော အရည်အသွေးပါ ကျဆင်းလာတာကြောင့်ပဲ ဖြစ်ပါတယ်။
နောက်ပြီး ကိုယ်တွင်းဟော်မုန်း အပြောင်းအလဲတွေပါ ဖြစ်တဲ့အတွက် ကိုယ်ဝန်ရသွားရင်တောင် ကျန်းမာတဲ့ ကိုယ်ဝန်ဖြစ်ဖို့ ခက်ခဲပါတယ်။ သားအိမ်အလုံးအကျိတ်နဲ့ endometriosis လို မီးယပ်ရောဂါ ဖြစ်ပွားမှုတွေ ကလည်း အသက်ကြီးတာနဲ့ ဆက်စပ်နေတာကြောင့် ထည့်စဉ်းစားစရာ အချက်တစ်ချက်ဖြစ်နေပါတယ်။ Endometriosis မီးယပ်ရောဂါဆိုတာ ပုံမှန်သားအိမ်နံရံမှာ တွေ့ရတဲ့အသားစတွေက သားအိမ်အပြင်ဖက်ထိ ကြီးထွားလာတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အမျိုးသမီးရဲ့ မျိုးဆက်ပွားအင်္ဂါတွေကို ပုံစံပြောင်းစေတာကြောင့် ကိုယ်ဝန်ရဖို့ ခက်ခဲစေပါတယ်။
အသက်ကြီးမှ ကလေးယူတဲ့အမျိုးသမီးတွေ အဓိကခံစားရနိုင်တဲ့ အခြေအနေ ၃ မျိုးရှိပါတယ်။ ဒါတွေကတော့
၁။ ကလေးမှာ မွေးရာပါချို့ယွင်းချက် ပါလာခြင်း
အမေရိကန်ဗဟိုကူးစက်ရောဂါ ထိန်းချုပ်ရေးစင်တာက ထုတ်ပြန်ချက်အရဆို အမေရိကန်နိုင်ငံမှာ မွေးဖွားတဲ့ ကလေး ၃၃ ယောက်မှာ တစ်ယောက်က မွေးရာပါချို့ယွင်းချက်တစ်ခုခု ပါနေတယ်လို့ ဆိုပါတယ်။ အသက် ၄၀ နဲ့အထက် အမျိုးသမီးတွေ မွေးဖွားတဲ့ကလေးတွေမှာ craniosynostosis လို့ခေါ်တဲ့ ဦးခေါင်းခွံအရိုးတွေ ပေါင်းစပ်မှု မမှန်တာ၊ hypospadias ခေါ်တဲ့ ဆီးလမ်းကြောင်းအပေါက်နေရာလွဲနေတာ၊ esophageal atresia ခေါ်တဲ့ အစာရေမျိုပြွန်နဲ့ အစာအိမ် ဆက်စပ်မနေတာစတဲ့ ပြဿနာတွေဖြစ်ပွားမှုများတာလည်း လေ့လာမှုတွေအရ တွေ့ရှိထားပါတယ်။
နောက်ပြီး ကိုယ်ဝန်ဆောင်မိခင်အသက်ကြီးလေ မွေးလာမယ့်ကလေးမှာ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုမမှန်တဲ့ ဒေါင်းရောဂါလက္ခဏာစု (Down syndrome) ဖြစ်ပွားနိုင်ခြေတက်လာတာလည်း တွေ့ရပါတယ်။ အသက် ၂၀ အရွယ်မှာ ကိုယ်ဝန်ဆောင်ရင် ကလေးအယောက် ၁၅၀၀ လောက်မှာမှ တစ်ယောက်ပဲ ဒေါင်းရောဂါလက္ခဏာစု ဖြစ်ပွားနိုင်တာဖြစ်ပြီး အသက် ၄၅ နှစ်လောက်မှ ကိုယ်ဝန်ဆောင်ရင်တော့ မွေးလာမယ့်ကလေး ၃၅ ယောက်မှာ တစ်ယောက်ဖြစ်ပွားနိုင်တဲ့အထိ မြင့်တက်လာတာကို တွေ့ရပါတယ်။
၂။ သားပျက်သားလျှောဖြစ်ခြင်း
ကိုယ်ဝန်ဆောင်တဲ့မိန်းကလေးတိုင်းမှာ သားပျက်သားလျှောဖြစ်နိုင်ခြေရှိတာ မှန်ပါတယ်။ ဒါပေမဲ့ အသက်ကြီး လာလေ ဒီပြဿနာခံစားရနိုင်ခြေများလေဆိုတာအမှန်ပါပဲ။ ယေဘုယျပြောရရင် ကိုယ်ဝန်ဆောင်တိုင်းမှာ သားပျက်သားလျှောဖြစ်နိုင်ခြေ ၁၃% လောက်ရှိပြီး အသက်၄၅ နှစ်ကျော် အမျိုးသမီးတွေမှာ ဒီပမာဏက ၅၃% အထိ မြင့်တက်သွားပါတယ်။
ဆိုလိုတာကတော့ အသက် ၄၅နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး ၂ ယောက်မှာ တစ်ယောက်ကတော့ သားပျက်သားလျှောဖြစ်နိုင်ခြေ ရှိနေပါတယ်။ ဒါပေမဲ့လည်း သားပျက်သားလျှောဖြစ်တဲ့ကိစ္စက အသက်အရွယ်တစ်ခုတည်းနဲ့ သက်ဆိုင်တာတော့ မဟုတ်ပါဘူး။ အရင်ကကိုယ်ဝန်ပျက်ကျဖူးတာ၊ နာတာရှည်ရောဂါတစ်ခုခုရှိလို့ ကျန်းမာရေးသိပ်မကောင်းတာ လိုအပ်ချက်တွေကိုလည်း ထည့်စဉ်းစားရပါမယ်။
၃။ သွေးပေါင်ချိန်မြင့်တက်ခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ချိန် အလွန်အမင်းမြင့်တက်ခြင်းက မိခင်နဲ့ ကလေးသေဆုံးစေတဲ့ အဓိက ပြဿနာတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်း အသက်အရွယ်မရွေး ကိုယ့်သွေးပေါင်ချိန်ကို မှန်မှန်စစ်ဆေးဖို့အကြံပေးချင်ပါတယ်။ ကိုယ်ဝန်ဆောင်တိုင်းဖြစ်ပွားနိုင်ပြီး အသက် ၄၀ ကျော်သူတွေဆိုရင်တော့ ဖြစ်နိုင်ချေပိုများပါတယ်။
ဒါကို ကိုယ်ဝန်ဆိပ်တက်ခြင်း (Preeclampsia) လို့လည်း ခေါ်ပါတယ်။ Preeclampsia လက္ခဏာတွေထဲမှာ သွေးပေါင်ချိန်တက်တာအပြင် မျက်နှာနဲ့လက်တွေ ဖောရောင်တာ၊ ဆီးသွားနည်းသွားတာ၊ မောလာတာ၊ အရမ်းဝလာတာ၊ အမြင်ဝေဝါးလာတာ၊ ခေါင်းကိုက်တာ၊ မူးဝေအော့အန်တာ တွေလည်းပါဝင်နေပါတယ်။
ကလေးယူမယ်ဆိုရင် ဒီလိုကြိုပြင်ဆင်ပါ။
အသက်ကြီးမှ ကလေးယူရင် ကလေးရနိုင်ခြေနည်းတယ်၊ ချို့ယွင်းချက်တွေ များနိုင်တယ်ဆိုပေမဲ့ မယူရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒီခေတ်မှာ အမျိုးသမီးတွေက ပညာရေး၊ စီးပွားရေး အခြေအနေတွေကြောင့် အသက် ၃၀လောက်မှ ကလေးယူရကြပါတယ်။ တော်တော်များများလည်း ကျန်းမာတဲ့ ကလေးတွေ မွေးကြပါတယ်။
တစ်ခုရှိတာကတော့ ကလေးမယူခင်မှာ သားဖွားမီးယပ်ဆရာဝန်နဲ့ ကြိုတိုင်ပင်ပါ။ လိုအပ်တဲ့ အားဆေးတွေ သောက်ထားပြီး ကျန်းမာရေးကို ဂရုစိုက်မယ်ဆိုရင် ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ရေးသားသူ – Dr.Htoo Tint
[embed-health-tool-ovulation]