brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မီးနေသည်တွေ မိုးရေကိုင် ရင် ဘာဖြစ်တတ်သလဲ

မီးနေသည်တွေ မိုးရေ မထိရဘူး။ မိုးရေထိရင် အဆစ်တွေ နာတတ်တယ်။ နောက်ပိုင်းကျရင် ဒဏ်ဖြစ်ပြီး ခံရတတ်တယ်လို့ ပြောကြတယ်။ ဒါက တကယ်ပဲလား။ မီးနေသည်တွေ မိုးရေကိုင် ရင် ဘာဖြစ်တတ်သလဲ။

မီးနေသည်တွေ မိုးရေကိုင် ရင် ဘာဖြစ်တတ်သလဲ

မိုးရေက အဆိပ်သင့်စေလား။

မိုးရေကလည်း ရိုးရိုးရေပါပဲ။ နေထိုင်ရာဒေသကို လိုက်ပြီး ဖုန်တွေ၊ အမှိုက်သရိုက်တွေ ပါနိုင်ပေမယ့် သေချာသန့်စင်ပြီး ချိုးရေ၊ သုံးရေအနေနဲ့ သုံးနိုင်ပါတယ်။ ရေရှားတဲ့ ဒေသတွေမှာဆို ရေသန့်စက်နဲ့ သန့်ပြီး သောက်ရေအဖြစ်တောင် သုံးလို့ရပါတယ်။

ဒါကြောင့် မိုးရေက သာမန်လူတွေကိုရော ကိုယ်ဝန်ဆောင်၊ မီးနေသည်တွေကိုပါ ထိတွေ့မိရုံနဲ့ အဆိပ်မသင့်စေပါဘူး။

မီးနေသည်များနဲ့ ရေပြဿနာ

လူကြီးတွေက မီးနေသည်တွေကို မိုးရေတင်မကပါဘူး။ မီးတွင်းမှာ ရေမကိုင်ရဘူးတို့၊ ဆပ်ပြာမကိုင်ရဘူးတို့ပါ တားတတ်ကြပါတယ်။ ဘာကြောင့်လဲလို့ မေးလိုက်ရင် ခြေလက်တွေ ထုံတတ်တယ်။ အဆစ်တွေ နာတတ်တယ်ဆိုပြီး ပြောကြပါတယ်။

မီးနေသည်တွေ မိုးရေကိုင် ရင် ဘာဖြစ်တတ်သလဲ

တကယ်တမ်းကတော့ မီးနေသည်တွေ မိုးရေအပါအဝင် ရေပဲကိုင်ကိုင် ဆပ်ပြာပဲကိုင်ကိုင် ဘေးထွက်ဆိုးကျိုး မရှိပါဘူး။ ကိုင်လို့ ရပါတယ်။

ဒါပေမယ့် ရေအကြာကြီးချိုးတာ၊ မိုးရေထဲမှာ အကြာကြီးနေတာမျိုးတော့ မလုပ်ရပါဘူး။ ဒါဆိုရင်တော့ ခုခံအားနည်းနေတဲ့ မီးနေသည်တွေ နေမကောင်းဖြစ်နိုင်ခြေ များပါတယ်။

နောက်ပြီး အေးလွန်းတဲ့ မိုးရေကို ကြာကြာကိုင်ရင် အဆစ်တွေ နာတာ သဘာဝပါ။ မိုးရေမှ မဟုတ်ပါဘူး။ အေးတဲ့ ဘယ်အရာပဲဖြစ်ဖြစ် ကြာကြာကိုင်ရင် အဆစ်တွေ နာတာပါပဲ။

မီးနေသည်မှ မဟုတ်ပါဘူး။ သာမန်လူကိုင်ရင်လည်း နာမှာပါ။ ဒါပေမဲ့ ဒါက ခဏပဲ နာတာ ဖြစ်ပြီး အေးတာ သက်သာရင်ပျောက်သွားမှာဖြစ်တဲ့အတွက် စိုးရိမ်စရာ မလိုပါ။

ဒါကြောင့် မီးနေသည်တွေက မိုးရေရော၊ ရိုးရိုးရေရော၊ ဆပ်ပြာရော ကိုင်လို့ ရပါတယ်။ အန္တရာယ်မဖြစ်ပါဘူး။ သူများနိုင်ငံတွေမှာ water birthလို့ခေါ်တဲ့ ရေထဲမှာ ကလေးမွေးတာတောင် လုပ်နေပါပြီ။

မီးနေသည်တွေ ခြေလက်ထုံတာ ဘာကြောင့်လဲ

မီးနေသည်တွေ ခြေလက်ထုံမှာစိုးပြီး လူကြီးတွေက ရေမကိုင်၊ ဆပ်ပြာမကိုင်ခိုင်းကြပေမယ့် တကယ်က ဒါတွေကြောင့် ထုံတာ မဟုတ်ပါဘူး။ ဘယ်ရီ ဘယ်ရီလို့ခေါ်တဲ့ ဗီတာမင် ဘီဝမ်းချို့တဲ့လို့ ဖြစ်တာပါ။

လူကြီးတွေက မီးနေသည်တွေကို အစားရှောင်ခိုင်းတော့ အာဟာရလိုအပ်ချက်များတဲ့ မီးတွင်းကြီးမှာ အာဟာရချို့တဲ့တော့တာပေါ့။ အထူးသဖြင့်တော့ ဗီတာမင်ဘီဝမ်းပါ။

ဗီတာမင်ဘီဝမ်း ချို့တဲ့တဲ့အခါ အမေမှာ

  • ခြေလက်တွေ ထုံတာ
  • ကျဉ်တာ
  • ကြွက်သားတွေ အားနည်းပြီး ခြေလက်မသယ်ချင်တာတွေ ခံစားရပါတယ်။

ဒါတင် မကသေးပါဘူး။ မိခင်နို့ကို စို့ရတဲ့ ကလေးမှာပါ ဗီတာမင် ဘီဝမ်းချို့တဲ့ပြီး

  • မောတာ
  • ဖောတာ
  • နှလုံးထိခိုက်ပြီး အသက်ဆုံးရှုံးရတတ်ပါတယ်။

ဒါကို ကလေးသူငယ်နာလို့ ခေါ်ကြပါတယ်။ လူကြီးတွေကတော့ ကလေးမှာ သူငယ်နာပါလာလို့ မီးတွင်းမှာ ဆုံးတယ်လို့ ပြောကြပေမယ့် တကယ်က မိခင်အစားရှောင်လို့ ဗီတာမင်ဘီဝမ်းချို့တဲ့ပြီး ဆုံးတာပါ။

အစားရှောင်လို့ ခြေလက်ထုံတာကို မိုးရေကိုင်၊ ဆပ်ပြာကိုင်လို့ ထုံတယ်ထင်တော့ အာဟာရပြည့်အောင် စားရကောင်းမှန်းမသိတော့ပါဘူး။ ဒီပြဿနာက ရေမကိုင်ဘဲ နေလိုက်ရုံနဲ့ ဖြေရှင်းလို့ ရတာမှ မဟုတ်တာပဲလေ။ အာဟာရပြည့်ဝအောင် စားမှ ရမှာပါ။

ဗီတာမင် ဘီဝမ်းကြွယ်ဝတဲ့ အစားအစာများ

  • ဝက်သား
  • ငါး
  • ပဲ
  • ကောက်နှံ (ဥပမာ ဆန်၊ ဂျုံ)
  • နေကြာစေ့
  • ဒိန်ချဉ်

မီးနေသည်တွေ မိုးရေကိုင် ဖို့၊ ရေကိုင်ဖို့ မကြောက်ပါနဲ့။

မီးနေသည်တွေ မီးတွင်းမှာ တစ်ကိုယ်ရည်သန့်ရှင်းရေးက အရေးကြီးပါတယ်။ ကလေးမွေးပြီးစအချိန်မှာ ကိုယ်ခံအား ကျနေတဲ့အတွက် ပြင်ပကနေ ရောဂါပိုးတွေ ဝင်မလာအောင် သန့်ရှင်းအောင် နေဖို့ လိုပါတယ်။

ကလေးမွေးထားတဲ့ မေမေတွေက

  • ကလေးကို မကိုင်ခင် လက်ဆေးရမယ်။
  • ရေချိုးရမယ်။ မွေးပြီး ၁-၂ရက်နေရင် ခေါင်းလျှော်လို့တောင် ရနေပြီ။
  • ကလေးကို နို့မတိုက်ခင်နဲ့ နို့တိုက်ပြီးချိန်မှာ ရင်သားတစ်ဝိုက်ကို သန့်ရှင်းရေးလုပ်ရမယ်။
  • ရိုးရိုးမွေးလို့ မွေးလမ်းကြောင်းချဲ့ထားရင် ချဲ့ထားတဲ့ ချုပ်ရိုး၊ ဗိုက်ခွဲထားရင် ခွဲထားတဲ့ ချုပ်ရိုး ဒါတွေကို သန့်ရှင်းဖို့အတွက် ပုံမှန်ဆေးကြောနေရမယ်။
  • ဘာချုပ်ရိုးမှ မရှိဘူးဆိုရင်တောင် မီးနေသွေးတွေ ဆင်းနေတဲ့အတွက် မိန်းမကိုယ်တစ်ဝိုက်ကို သန့်ရှင်းရေး လုပ်ဖို့ လိုပါတယ်။

ဒါတွေလုပ်ဖို့ဆိုရင် ရေမကိုင်ဘဲ၊ ဆပ်ပြာမကိုင်ဘဲ လုပ်လို့မှ မရတာပဲ။ ဒီလို သန့်ရှင်းရေးတွေ မလုပ်ဘဲ ၄၅ရက်လုံးလုံး နေဖို့ဆိုတာကလည်း လက်တွေ့မကျလှပါဘူး။

ဒါကြောင့် မီးနေသည်တွေ ရေကိုင်ပါ။ ဆပ်ပြာကိုင်ပါ။ ရေနဲ့ ဆပ်ပြာကို သုံးပြီး သေချာသန့်ရှင်းရေး လုပ်ပါ။ အလွန်အကျွံ ‌ရေထဲစိမ်နေတာ မဟုတ်ဘူးဆိုရင် အန္တရာယ်မရှိဘူးဆိုတဲ့ အကြောင်းကို ပြောပြချင်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 18/09/2023 ဖြစ်ပါသည်။