မိခင်လောင်း တစ်ယောက်အတွက် ကလေးမွေးတော့မယ်ဆိုရင် ဆေးရုံကို ယူသွားရမယ့် ပစ္စည်း၊ အထုပ်တွေ အသင့်ရှိပြီးသားပါ။ ဒါက မိခင်ပဲ လိုတာ မဟုတ်ပါဘူး။ မိခင်နဲ့ အတူရှိနေပြီး ဆေးရုံစောင့်မယ့် ဖခင်လောင်းတွေ လည်း ကိုယ့်အထုပ်ကို ပြင်ထားသင့်ပါတယ်။ ဒါမှ မွေးတော့မယ်ဆိုတာနဲ့ အထုပ်ဆွဲပြီး သွားနိုင်မှာပါ။
ဒါ့ကြောင့် ဖခင်အလောင်းအလျာတွေအတွက် သူ့ရဲ့ လက်တွဲဖော် မွေးခန်းဝင်ရင် ဆေးရုံကို ဘာတွေယူသွားသင့်လဲဆိုတာ ဒီမှာ ကြည့်ကြတာပေါ့။ ဒါတွေက တော်တော် အခြေခံကျပြီး သတိပြုမိကောင်းပါတယ်။ အရေးကြီးတဲ့ အချိန်ကျ အဆင်သင့် ထုတ်ပိုးပြီးသား ဖြစ်တာပေါ့။
ဆေးရုံစောင့်မယ့် ဖခင်လောင်းတွေ ဘာတွေယူသွားရမလဲ။
ဆေးရုံစောင့်မယ့် ဖခင်လောင်းတွေ ဒါတွေယူသွားဖို့ မမေ့ပါနဲ့။
ခေါင်းအုံး
ဆေးရုံ ရက်အနည်းငယ်နေဖို့ လိုမှာဖြစ်တဲ့အတွက် ဆိုဖာ၊ ထိုင်ခုံ၊ ပုံစံမကျတဲ့ ခေါင်းအုံးတွေပေါ်မှာ မသက်မသာ အိပ်မယ့်အစား ကိုယ့်ခေါင်းအုံး ကိုယ်ယူလာတာက နေရာအသစ်မှာ အိပ်ဖို့ ပိုပြီးအဆင်ပြေပြေ အိပ်ပျော်ဖို့ ကူညီပေးပါလိမ့်မယ်။
အဝတ်အစား
သင့်အမျိုးသမီး မီးဖွားတဲ့ကိစ္စက ရက်အနည်းငယ်ကြာမှာပါ။ ဒါကြောင့် သင်က ဆေးရုံနဲ့ ဝေးတဲ့နေရာမှာ နေရင် အဝတ်လဲဖို့ သက်သောင့်သက်သာဖြစ်မယ့် အဝတ်အစားတွေ ပြင်ဆင်လာတာ အကောင်းဆုံးပါ။ ရာသီဥတုနဲ့လိုက်ပြီး ပြင်ဆင်ဖို့ လိုအပ်ပါတယ်။
အဝတ်အစားတွေနဲ့ တွဲဝတ်မယ့် အသုံးအဆောင်တွေလည်း လိုအပ်ပါတယ်။ အဝတ်အစားတွေက နွေးထွေးပြီး လဲလှယ်ရ လွယ်ကူသင့်ပါတယ်။ အဝတ်အစားကို တစ်ခါတည်း လုံလောက်အောင် ယူလာပါ။ မမျှော်လင့်ဘဲ ဖြစ်လာနိုင်တဲ့ ကိစ္စတွေ အတွက်ပါ စဉ်းစားတာ ကောင်းပါတယ်။ အဲ့တာအပြင် သက်သောင့်သက်သာစီးလို့ရတဲ့ ခြေညှပ်ဖိနပ်ပါ ယူလာပါ။
သောက်နေကျဆေးဝါးများ
ဘယ်အချိန် ဆေးရုံက ဆင်းရမယ်ဆိုတာ မသိတာကြောင့် သင်သောက်နေကျ ဆေးဝါးတွေ၊ သာမန်ဝေဒနာအတွက် သောက်လို့ရတဲ့ ဆေးဝါးတွေ (ဥပမာ ခေါင်းကိုက်ပျောက်ဆေး) ကို ယူလာပါ။
တစ်ကိုယ်ရေ သန့်စင်မှု ပစ္စည်းများ
အဝတ်အစားတွေနဲ့အတူ သွားတိုက်တံ၊ သွားတိုက်ဆေး၊ နှုတ်ခမ်းမွေးရိတ်ဓား၊ ချိုင်းနံ့ပျောက်ဆေး စတဲ့ အခြေခံပစ္စည်းတွေကို မမေ့ပဲ ယူလာပါ။ ဒါက အပျော်ခရီးထွက်သလို မဟုတ်ပေမယ့် နေ့စဉ်ဘဝမှာ လိုနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ကိုယ်ရည်သုံးပစ္စည်းတွေကို ထည့်ယူလာဖို့ သတိထားပါ။
နည်းပညာသုံးပစ္စည်းနဲ့ အားသွင်းကြိုးများ
မီးဖွားတာကို စောင့်နေတဲ့ အချိန်တွေမှာ အလုပ်အတွက်ပဲ ဖြစ်ဖြစ် မှတ်တမ်းတင်ချင်တာအတွက်ပဲ ဖြစ်ဖြစ် သင့်စက်ပစ္စည်းတွေနဲ့ အားသွင်းကြိုးတွေကို လိုအပ်ပါလိမ့်မယ်။ ဒီအတွေ့အကြုံတစ်ခုလုံးရဲ့ အမှတ်တရတွေဟာ ဓာတ်ပုံ၊ ဗီဒီယိုတွေနဲ့ ဆို ပိုကောင်းသွားမှာပါ။
တကယ်လို့ သင်က ဒီထူးခြားတဲ့ နေ့ရက်တွေအတွက် အရည်အသွေးကောင်းတဲ့ ပုံတွေ ရယူချင်လို့ စမတ်ဖုန်း မသုံးချင်ဘူးဆိုရင် ကင်မရာယူလာပါ။ မှတ်တမ်းတင်ဖို့ သက်ဆိုင်ရာ ဆရာဝန်နဲ့ ခွင့်ပြုချက်တော့ လိုပါလိမ့်မယ်။
သရေစာများ
အနားကနေ မခွာဘဲ စောင့်နေရတဲ့ အချိန်မှာ အလွယ်တကူစားနိုင်မယ့် သရေစာတွေ ဆောင်ထားသင့်ပါတယ်။ ဒါမှ ဆေးရုံထဲ ပတ်ပြီး ဈေးကြီးတဲ့ အစားအသောက်တွေ ဝယ်ဖို့ မလိုမှာပါ။
မီးဖွားတဲ့ဖြစ်စဉ်ဟာ ခက်ခဲပေမယ့် မိခင်ရော ကလေးအတွက်ပါ အမှတ်တရ ဖြစ်ရပ်တစ်ခုပါ။ ဒါ့ကြောင့် ဖခင်ရဲ့ အားပေးဖေးမတဲ့ အခန်းကဏ္ဍက အရမ်းအရေးကြီးတာပါ။ ပစ္စည်းတွေ မေ့မကျန်ဖို့နဲ့ စာရင်းလုပ်ပြီး သေချာ ထုတ်ပိုးရပါမယ်။
အိမ်တစ်လုံးစာလောက်တော့ မယူလာနဲ့ပေါ့။ ယူလာမယ့် ပစ္စည်းအားလုံးက ဆေးရုံမှာ ကိုယ့်အတွက် မရှိမဖြစ် လိုမယ့် ပစ္စည်းတွေ၊ ကိုယ်သက်သောင့်သက်သာ ဖြစ်ဖို့ လိုတဲ့ ပစ္စည်းတွေ ဖြစ်ရပါမယ်။
[embed-health-tool-due-date]