ကိုယ်ဝန်ဆောင်မိခင်များသည် ပုံမှန်အားဖြင့် နည်းလမ်း ၂ မျိုး( ရိုးရိုးမွေးခြင်း၊ ဗိုက်ခွဲ၍မွေးခြင်း) ဖြင့် ကလေး မီးဖွားလေ့ရှိပါသည်။ နည်းလမ်း ၂ မျိုးစလုံးတွင် အားနည်းချက် အားသာချက်ရှိပါသည်။ ရိုးရိုးမွေးခြင်း နဲ့ ခွဲမွေးခြင်း အားသာချက်နှင့် အားနည်းချက် တွေက ဘာတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်နော်။
ရိုးရိုးမွေးခြင်း နဲ့ ခွဲမွေးခြင်း အားသာချက်နှင့် အားနည်းချက်
ရိုးရိုးမွေးခြင်း နဲ့ ခွဲမွေးခြင်း အားသာချက်နှင့် အားနည်းချက် တွေကတော့
ရိုးရိုးမွေးခြင်း
မည်သည့်ဆေးအကူမှမယူဘဲ သဘာဝမွေးလမ်းကြောင်း အတိုင်းမွေးခြင်းကို ဆိုလိုပါသည်။
အားသာချက်
- မိခင်အနေဖြင့် သဘာဝ မွေးလမ်းကြောင်းအတိုင်း မွေးနိုင်သည့်အတွက် ကိုယ့်ကိုကိုယ်ယုံကြည်မှု အားတက်မှု ဖြစ်လာခြင်း
- ကလေးမွေးပြီး ဆေးရုံတွင် ၂၄ နာရီ မှ ၄၈ နာရီအတွင်းသာ နေရခြင်း
- နေပြန်ကောင်းချိန်မြန်ပြီး မီးတွင်းအနာမြန်မြန်သက်သာခြင်း
- ကလေးတွင်လည်း အဆုတ်သွေးလွှတ်ကြောများကျဉ်းမြောင်းရာမှ ဖြစ်ပေါ်လာသော ရောဂါ (persistant pulmonary hypertension) နှင့် အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (transient tachypnea of the neonate or TTN) ဖြစ်ပွားမှုနှုန်း ကျဆင်းလာခြင်း
- ကလေးတွင်လည်း ရင်ကျပ်၊ အစာဓါတ်မတည့်ခြင်း၊ လတ်တို့စ် (lactose) မတည့်ခြင်းများ ဖြစ်ပွားမှုနှန်း နည်းပါးလာခြင်း
- နောက်တစ်ကြိမ် ကလေးမွေးဖွားရာတွင်လည်း မွေးချိန်တိုပြီး မြန်ဆန်ခြင်း
- မိခင်အနေဖြင့် မိခင်နို့မြန်မြန်နှင့် ထိရောက်စွာ တိုက်ကျွေးနိုင်ခြင်း
- မိမိကလေးနဲ့ ချက်ချင်းရင်းနှီးမှုရရှိခြင်း
- မိန်းမကိုယ်မှ သွေး၊သွေးခဲများ ဆင်းခြင်းနှင့် ကိုယ်တွင်းကလီစာများ ထိခိုက်မှု နည်းခြင်း
အားနည်းချက်
- မိခင်မှ စိုးရိမ်ပူပန်ရခြင်း
- သွေးဆင်းနိုင်ခြင်း
- မိန်းမကိုယ်စုတ်ပြဲနိုင်ခြင်း
- မီးဖွားစဉ်အတွင်း အချင်းဖိမိခြင်း သို့မဟုတ် အခြားအကြောင်းများကြောင့် ကလေး အောက်စီဂျင်ရရှိမှု နည်းသွားနိုင်ခြင်း
- ကလေးတွင် ပြင်ပထိခိုက်ဒဏ်ရာကြောင့် ဖူးရောင်ခြင်းနှင့် မွေးဖွားစဉ် အရိုးကျိုးခြင်းများဖြစ်နိုင်ပါသည်။
- ရိုးရိုးမွေးပြီးချိန်တွင် သားအိမ်လန်ခြင်းများ ဖြစ်ပွားနိုင်ပါသည်။ သို့သော် အလွန်တွေ့ရနည်းပါသည်။
- မွေးလမ်းကြောင်းစုတ်ပြဲဒဏ်ရာကြောင့် ကလေးမွေးပြီး ၃ လအတွင်း အမျိုးသားနဲ့အတူနေစဉ်အတွင်း နာကျင်မှုကိုခံစားရနိုင်ပါသည်။
- တင်ပဆုံရိုးကျဉ်းသော မိခင်များတွင် ကလေးကြီးခြင်းကြောင့် ကလေးမွေးဖွားစဉ်အတွင်း မြီးညောင့်ရိုး ကျိုးသွားနိုင်ပါသည်။
- ဆီးမထိန်းနိုင်ခြင်း နှင့် တင်ပါးဆုံတွင်း အင်္ဂါများ ကျွံကျခြင်းရောဂါများမိခင်တွင် တွေ့ရှိရမှုနှုန်းများလာခြင်း
ဗိုက်ခွဲမွေးခြင်း
ဗိုက်ခွဲမွေးခြင်း (C-section (သို့) cesarean section) မွေးခြင်းဆိုသည်မှာ မိခင်၏ ဝမ်းဗိုက်နှင့်သားအိမ် တို့တွင် ခွဲစိတ်ရာပေး၍ ကလေးကိုမွေးထုတ် ခြင်းဖြစ်ပါသည်။
အားသာချက်
- မိခင်အနေဖြင့် မည်သည့်နေ့တွင် ကလေးမွေးမည်ကို သိသဖြင့် စိုးရိမ်မှုကင်းခြင်း
- သတ်မှတ်ရက်ထက် ကျော်လွန်၍ ကလေးမွေးဖွားခြင်းမှ ရှောင်ရှားနိုင်ခြင်း
- သွေးသွန်ခြင်း၊ မွေးဖွားစဉ်အတွင်း ကလေးထိခိုက်ဒဏ်ရာရခြင်း၊ တင်းပါးဆုံ ကြွက်သားများ ဒဏ်ရာရရှိခြင်း၊ ပိုးဝင်ခြင်း၊ ကိုယ်တွင်း ကလီစာများကို မတော်တဆထိခိုက်ခြင်း၊ ကလေးတွင် စုတ်ပြဲဒဏ်ရာရရှိခြင်းနှင့် မေ့ဆေးနှင့်ဆိုင်ရာ နောက်ဆက်တွဲပြဿနာများ ကို ဖြစ်ပွားမှုနှုန်းကျဆင်းသွားခြင်း
- မိခင်တွင် လိင်မှတဆင့်ကူးဆက်သောရောဂါများ ( ရေယုန်၊ ကြွက်နို့၊ HIV၊ အသည်းရောင်အသားဝါ) ရှိပါက မိခင်မှတဆင့် ကလေးဆီသို့ကူးစက်မှုနှုန်း နည်းခြင်း
အားနည်းချက်
- ခေါင်းအရမ်းကိုက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း
- ဆေးရုံတွင် ကြာရှည်စွာနေရခြင်း၊ နေပြန်ကောင်းရန် အချိန်ကြာခြင်း
- ခန့်မှန်းမွေးရက် အတွက်မှားခြင်းကြောင့် ကလေးစောစီးစွာ မွေးရနိုင်ခြင်း
- ခွဲစိတ်ရင်း အူလမ်းကြောင်းနှင့် ဆီးအိမ်ကိုမတော်တဆ ထိခိုက်မိခြင်း
- သွေးများစွာ ဆုံးရှုံးနိုင်ခြင်း
- သားအိမ်ကွဲထွက်ခြင်းနှင့် ပုံမှန်အူလမ်းကြောင်းလုပ်ဆောင်ချက်များ ကျဆင်းခြင်း
- တစ်လအောက် ကလေးသေဆုံးမှု၊ အဆုတ်သွေးလွှတ်ကြော ကျဉ်းမြောင်းရာမှ ဖြစ်ပေါ်လာသော ရောဂါ(persistant pulmonary hypertension) အသက်ရှူလမ်းကြောင်းရောဂါများ (TTN နှင့် respiratory distress syndrome) များဖြစ်ပွားခြင်း
- နောက်ကိုယ်ဝန်များတွင် အချင်းရှေ့ရောက်ခြင်းနှင့် အချင်းနှင့်သားအိမ်နံရံများစွာ ကပ်တွယ်နေခြင်းများ တွေ့ရနိုင်ပါသည။်
- ခွဲစိတ်ပြီးတွင် မအီမသာခံစားရခြင်းကြောင့် ကလေးအား မိခင်နို့မတိုက်ကျွေးနိုင်ခြင်း နှင့် မိခင်နှင့်ကလေး ထိတွေ့မှုအားနည်းခြင်း
- ခွဲစိတ်စဉ် ကလေးအား မတော်တဆ ထိခိုက်မိခြင်း
- ကျန်းမာရေးစရိတ်ကြီးခြင်း
- နှလုံးဖောက်နိုင်ခြင်း
- အနာသွေးစုနာတည်ခြင်း
- မီးတွင်းအချိန်တွင် သားအိမ်ပိုးဝင်ခြင်း
- သွေးပြန်ကြောတွင် သွေးခဲများတွေ့ရခြင်း
- ခွဲစိတ်အနာ ပြန်လည်ပွင့်ထွက်နိုင်ခြင်း
- ခွဲစိတ်အနာပတ်လည်တွင် နာကျင်ခြင်း
ထိုနည်းလမ်းနှစ်သွယ်တွင် ကောင်းကျိုး၊ဆိုးကျိုး များစွာ ရှိပါသည်။ မိခင်၏ ကျန်းမာရေးအခြေအနေပေါ်တွင် မူတည်၍ ဆရာဝန်များမှ သင့်လျှော်သော နည်းလမ်းကို ရွေးချယ်ပေးပါလိမ့်မည်။
[embed-health-tool-due-date]