backup og meta

ကိုယ်ဝန်ပျက်ကျပြီး နောက် ဘယ်လိုဖြေသိမ့်ရမလဲ

ကိုယ်ဝန်ပျက်ကျပြီး နောက် ဘယ်လိုဖြေသိမ့်ရမလဲ

ကိုယ်ဝန်ပျက်ကျတယ်ဆိုတာ ကြိုသိနိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ အမျိုးသမီးတစ်ယောက်ရဲ့ဘဝမှာ တကယ်တမ်းကြုံလာတဲ့အခါ ကိုယ့်ရင်သွေးလေးကို ဆုံးရှုံးလိုက်ရပြီဆိုတဲ့ ဝမ်းနည်းမှုအတိုင်းအတာက ထင်ထားထက်ကို ပိုနိုင်ပါတယ်။ ကိုယ်ဝန်ပျက်ကျပြီး တဲ့အချိန်က တကယ်ကိုအရေးကြီးပါတယ်။ ဖြစ်ပြီးသွားတဲ့အရာကို ဘာမှမတတ်နိုင်တော့ဘူးဆိုပေမယ့် လက်ရှိမိခင်လောင်းရဲ့ ကျန်းမာရေးက အဓိကထားရမယ့်အချက်ပါ။

စိတ်ပိုင်းဆိုင်ရာခံစားချက်တွေက ခန္ဓာကိုယ်ရုပ်ပိုင်းထက် အနာကျက်ဖို့ အချိန်ပိုကြာလေ့ရှိပါတယ်။ ဒါ့ကြောင့် ဆုံးရှုံးမှုအပေါ် ဝမ်းနည်းပူဆွေးစိတ်တွေ သက်သာအောင် ကိုယ့်ဘာသာကြိုးစားတာကပဲ အချိန်ကြာလာတာနဲ့အမျှ လက်ရှိအခြေအနေကို လက်ခံပေးနိုင်ဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။

ကိုယ်ဝန်က ဘယ်နှစ်လပဲဖြစ်ဖြစ် ကိုယ်ဝန်ပျက်ကျပြီးရင် အပြစ်မကင်းစိတ်တွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ ဝမ်းနည်းစိတ်တွေဖြစ်လာမယ့်ကာလကို ကျော်ဖြတ်ရမှာ သဘာဝပါပဲ။ ဘာ့ကြောင့်များဒီလိုဖြစ်ရတာလဲဆိုပြီး နှမျောတသစိတ်နဲ့ တွေးနေမိမှာလည်းသေချာပါတယ်။

ကိုယ်ဝန်ပျက်ကျပြီးနောက် ဖြစ်လာနိုင်ခြေရှိတဲ့ ခံစားချက်တွေက

  • အပြစ်တင်စိတ် ဒီလိုဖြစ်ရတာတွေက ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့်ဆိုတာ မတွေးပါနဲ့။ လုပ်ရပ်ကိစ္စတစ်ခုခုကြောင့် ဖြစ်လာတာမျိုးက နည်းပါတယ်။
  • ဒေါသစိတ် –တစ်ခါတလေ ကိုယ့်အနီးအနားကသူတွေ၊ သူငယ်ချင်းမိတ်ဆွေတွေ၊ မိသားစုတွေကို ဒေါသထွက်တာကို သတိနဲ့ ဆင်ခြင်ပေးပါ။ သူတို့လည်းစိတ်မကောင်းဖြစ်ကြသူတွေပါ။
  • ဝမ်းနည်းစိတ်ဖိစီးခြင်း – ကိုယ်မျှော်လင့်ထားသမျှတွေ ရုတ်တရက်ပျောက်ကွယ်သွားသလို ခံစားရတဲ့အခါ ဝမ်းနည်းစိတ်ကို မျိုသိပ်မထားပါနဲ့။
  • စိတ်ရှုပ်ထွေးမှုလေးလံမှုတွေအတွက် အဖြေရှာရင်း စိတ်တွေ ရှုပ်ထွေးလာတတ်ပါတယ်။ စိတ်ဓာတ်ကျတာတောင် ရှိလာနိုင်ပါတယ်။
  • ပင်ပန်းနွမ်းလျခြင်း – ပင်ပန်းနေသလို ခံစားနေရပေမယ့် အိပ်လို့လည်းမရပြန်ဘူး ဒါမှမဟုတ် နုံးချိပြီးတစ်ချိန်လုံး အိပ်ချင်နေတာမျိုးဖြစ်တတ်ပါတယ်။ အနားယူပေးပါ။

ဒါ့ကြောင့် ကိုယ်ဝန်ပျက်ကျပြီးနောက်ပိုင်း မိခင်လောင်းတွေရဲ့ကိုယ်ရောစိတ်ပါကျန်းမာရေးအတွက် ဘယ်လိုနေထိုင်သင့်သလဲဆိုတာ အကြံပြုချက်လေးတွေဖော်ပြပေးလိုက်ပါတယ်။

ကိုယ်ဝန်ပျက်ကျပြီး နောက် ပြန်လည်နာလန်ထူနိုင်ဖို့

  • ဘာပဲဖြစ်ဖြစ် ကိုယ်ခံစားရတာကို ဒီအတိုင်းခံစားခွင့်ပြုလိုက်ပါ။

မျိုသိပ်မထားပါနဲ့။ ကိုယ်ဝန်ပျက်ကျတဲ့အခါ ကြုံတွေ့ရတဲ့ခံစားချက်မျိုးက တစ်ယောက်နဲ့ တစ်ယောက်မတူကြပါဘူး။ သားသမီးဆုံးရှုံးလို့ ပူဆွေးရတဲ့နာကျင်မှုမျိုးက သင့်ကို အထီးကျန်စေတတ်ပါတယ်။ ကိုယ်ချစ်ခင်ရင်းနှီးတဲ့သူတွေနဲ့ စကားစမြည်ပြောဆိုတာအပြင် တခြားပြင်ပကသူတွေနဲ့လည်း မိတ်ဖွဲ့ပေးပါ။ ဒီနည်းက အထီးကျန်စိတ်ကို ဖြေဖျောက်ပေးနိုင်ပြီး နာကျင်မှုကို မေ့လျော့လာစေမှာပါ။

  • ဆရာဝန်နဲ့တိုင်ပင် အကြံပြုချက်ခံယူပါ။

ကိုယ်ဝန်ပျက်ကျတဲ့လက္ခဏာ စပြကတည်းက ဆေးကုသမှုခံယူရမှာဖြစ်ပါတယ်။ ပြန်လည်နာလန်ထူမယ့်အချိန်ကတော့ ကိုယ့်ရဲ့ကျန်းမာရေး၊ ကိုယ်ဝန်လ အနုအရင့်ကို မူတည်ပြီး အနည်းအများ ကွာခြားတတ်ပါတယ်။ ဆရာဝန်ပုံမှန်ပြပြီး ညွှန်ကြားချက်အတိုင်းလိုက်နာနေထိုင်ပါ။

ကိုယ်ဝန်ပျက်ကျခြင်းက ခန္ဓာကိုယ်မှာ ဘေးထွက်ဆိုးကျိုးတွေ ကျန်ရစ်ခဲ့နိုင်ပါတယ်။ ဖြစ်လာနိုင်တဲ့ အောက်ပါဘေးထွက်ဆိုးကျိုးတွေအတွက် ကြိုတင်ပြင်ဆင်ထားပါ။

  • သိပ်မပြင်းထန်တဲ့ သို့မဟုတ် ပြင်းထန်တဲ့ ခါးနာခြင်း
  • ကိုယ်အလေးချိန်ကျခြင်း
  • ဖြူနှစ်နှစ် အကျိအချွဲတွေဆင်းခြင်း
  • အရောင်ရင့်ရင့် သွေးဆင်းခြင်း။

ဘေးထွက်ဆိုးကျိုးက ပိုဆိုးလာတယ်ဆိုရင် ဆရာဝန်ပြပါ။

ကိုယ်ဝန်ပျက်ကျ ပြီးနောက် ဘယ်လိုဖြေသိမ့်ရမလဲ

  • လက္ခဏာတွေပြင်းထန်လာရင် အမြန်ဆုံး ဆေးကုသမှုခံယူပါ။

သွေးဆင်းများခြင်း၊ အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ အပြင်းအထန်ဗိုက်အောင့်ခြင်းတို့အပါအဝင် လက္ခဏာတွေဆိုးလာရင် မပေါ့ဆပါနဲ့။ အမြန်ဆုံးကုသမှုခံယူပါ။

  • စိတ်ကိုကုစားဖို့ ကိုယ့်ကိုယ်ကိုယ်အချိန်ပေးပါ။

ဟော်မုန်းတွေကလည်း အရေးပါတဲ့နေရာက ပါဝင်နေတယ်ဆိုတာ မမေ့ပါနဲ့။ ကိုယ်ဝန်ရှိခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်းအပေါ်ထားရှိတဲ့ ဟော်မုန်းရဲ့တုံ့ပြန်မှုတွေက သင့်ရဲ့စိတ်ခံစားချက်တွေကို ပိုပြင်းထန်စေပါတယ်။ ဒီဖြစ်ရပ်နောက်ပိုင်းမှာ တော်တော်ကြာတဲ့အထိ ငိုနေမိတာမျိုးက အဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် ဒါတွေက ယာယီခံစားချက်တွေဖြစ်ပြီးကြာရင် ပုံမှန်ပြန်ဖြစ်သွားမှာပါ။

  • အားရှိအောင်စားပါ။

နောက်ပိုင်းအတွက် အကောင်းဆုံးက ကျန်းမာရေးအတွက်ကောင်းတဲ့ အစာအာဟာရတွေ စားပေးဖို့ပါပဲ။ ဖိစီးမှုတွေရှိနေတဲ့ ခန္ဓာကိုယ်အတွက် အားဖြစ်စေမယ့် အာဟာရဓာတ်စာတွေစားပေးရပါမယ်။ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေ၊ ကြက်ဥ၊ အမဲသား၊ ပဲပိစပ်၊ လိမ္မော်သီး၊ ထောပတ်သီးတို့လို ဖောလစ်အက်စစ်ကြွယ်ဝတဲ့အစားအစာတွေက အကောင်းဆုံးပါ။

  • တခြားသူတွေဆီက အားပေးဖေးမမှုရယူပါ။ 

အပေါင်းအသင်းများခြင်းကလည်း ဒီအချိန်မှာ အကျိုးရှိလှပါတယ်။ ကိုယ့်ခင်မင်သူတွေဆီက လမ်းညွှန်မှု၊ အားပေးနှစ်သိမ့်မှု၊ အကြံပြုချက်တို့ကို ရယူပါ။ အထူးသဖြင့် ကိုယ့်လိုကြုံခဲ့ဖူးသူတွေဆီကပေါ့။

ကိုယ်ဝန်ပျက်ကျတဲ့ ဖြစ်ရပ်အများစုက ကြိုတင်ကာကွယ်လို့မရနိုင်တဲ့ကိစ္စတွေ ဖြစ်ပါတယ်။ ဒါပေမယ့် မိခင်ရဲ့အသက်အရွယ်၊ အရင်က ပျက်ကျဖူးတာတွေရှိတာ၊ ရောဂါအကြောင်းရင်း၊ သောက်သုံးနေရတဲ့ ဆေးဝါး၊ ဓာတုပစ္စည်းထိတွေ့မှု စတဲ့ ကိုယ်ဝန်ပျက်ကျနိုင်ခြေများစေတဲ့ အကြောင်းရင်းတွေ ရှိနေုနိုင်ပါသေးတယ်။ နောက်ကိုယ်ဝန်တွေမှာ အခုလိုထပ်မဖြစ်ရအောင် ဒီလိုအချက်တွေကိုတော့ ထည့်သွင်းဂရုစိုက်ပေးရပါမယ်။ ဗဟုသုတ လေ့လာထားတာတော့ လွန်တယ် မရှိပါဘူး။

မိခင်လောင်းများသို့

  • ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ပျက်ကျတာက ဖြစ်တတ်တဲ့ သဘောပါ။
  • အများစုက အကြောင်းရင်းမရှိဘဲ ပျက်ကျကြတာ များပါတယ်။
  • ကိုယ်ဝန်ပျက်ကျပေမယ့်လည်း နောက်ကိုယ်ဝန်တွေမှာ အောင်အောင်မြင်မြင် မွေးဖွားနိုင်တဲ့ မိခင်တွေ အများကြီးရှိတဲ့အတွက် စိတ်ကို ဖြေသိမ့်နိုင်ဖို့ လိုပါတယ်။
  • စိတ်ခံစားချက်တွေ ပြင်းထန်ပြီး ထိန်းချုပ်ရတာ ခက်နေရင် စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြသပြီး ဆွေးနွေးသင့်ပါတယ်။
 

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.babycentre.co.uk/a4006/coping-with-a-miscarriage

https://www.wikihow.com/Recover-from-a-Miscarriage

http://americanpregnancy.org/pregnancy-loss/miscarriage-surviving-emotionally/

https://www.webmd.com/baby/tc/miscarriage-home-treatment

http://www.newkidscenter.com/How-to-Take-Care-of-Yourself-after-Miscarriage.html

ယခုပုံစံ

01/06/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

IUD နဲ့ပတ်သက်တဲ့ အယူအဆအမှားများ

ကလေးမွေးပြီးရင် ဘယ်သားဆက်ခြားနည်းကို အသုံးပြုမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 01/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement