backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ May May Club

အမျိုးသမီးတို့ရဲ့ အသက်အရွယ် အလိုက် ကလေးရနိုင်ခြေကို တွက်ချက်ခြင်း

ကလေးရနိုင်ခြေအကြောင်းကို အရင်မပြောခင် ကလေးရနိုင်ဖို့ လုံးဝကို အဓိက ကျတဲ့ မမျိုးဥ အကြောင်းကို အရင်ပြောပြချင်ပါတယ်။ မိန်းကလေးတစ်ယောက် စပြီးမွေးဖွားလာတည်းက သူတို့ရဲ့ မျိုးဥအိမ်မှာ မျိုးဥပေါင်း ၁သန်း ကနေ ၂ သန်းလောက်ရှိပါတယ်။ ဒါပေမယ့် အပျိုဖော်ဝင်စအချိန်ဖြစ်တဲ့ အသက် ၁၂ နှစ် ရာသီသွေးစပေါ်တဲ့အချိန်မှာတော့ မျိုးဥ ၄ သိန်းလောက်သာကျန်ပါတော့တယ်။ ရာသီစက်ဝန်း တစ်လတစ်လမှာတော့ မမျိုးဥပေါင်း ရာနဲ့ချီ ဆုံးရှုံးပြီး သူတို့ထဲကမှ အသန်စွမ်းဆုံးနဲ့ ကျန်းမာဆုံး မျိုးဥကပဲ မျိုးအောင်နိုင်စွမ်းရှိတာပါ။ အမျိုးသမီးတို့ရဲ့ အသက်အရွယ် အလိုက် မျိုးအောင်နိုင်စွမ်းက ပြောင်းလဲနေပါတယ်။

အမျိုးသမီးတို့ရဲ့ အသက်အရွယ် အလိုက် ကလေးရနိုင်ခြေကို တွက်ချက်ခြင်း

အမျိုးသမီးတို့ရဲ့ အသက်အရွယ် အလိုက် ကလေးရနိုင်ခြေကို တွက်ချက်ခြင်း

အသက်ကြီးလာတဲ့အခါ မျိုးဥအရေအတွက်တွေ တဖြည်းဖြည်းလျော့လာပြီး သန်စွမ်းမှုလည်း လျော့ကျလာတာကြောင့် အသက်ကြီးလာတဲ့အခါ မျိုးအောင်နိုင်စွမ်း လျော့ကျလာရတာဖြစ်ပါတယ်။ ကဲ ဒီတော့ ကိုယ်ပိုင်မိသားစု အသိုက်အမြုံလေးတစ်ခု တည်ဆောက်ဖို့ ပြင်ဆင်နေတဲ့ မမတို့၊ ညီမလေးတို့ အသက်အရွယ်အလိုက် ကလေးရနိုင်ချေနှုန်းကို မသိချင်ကြဘူးလား။ ဒီဆောင်းပါးလေးကို ဖတ်ကြည့်နော်။

အသက် ၁၈ နှစ်မှ ၂၄ နှစ်။

အိမ်ထောင်ပြုဖို့ စောလွန်းတဲ့အချိန်ဖြစ်ပေမယ့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုအရတော့ ဒီအသက်အရွယ်ဟာ ကိုယ်ဝန်ယူဖို့ အသင့်တော်ဆုံး အချိန်တစ်ခုပါ။ မမျိုးဥအိမ်မှာ အရည်အသွေးကောင်းတဲ့ မျိုးဥ အများအပြားရှိနေပြီး မျိုးဥအားလုံးနီးပါးကလည်း သန်စွမ်းတာကြောင့် ဒီ အရွယ်မှာ ရတဲ့ ကိုယ်ဝန်တွေမှာ မွေးရာပါချို့ယွင်းချက်တွေ၊ မျိုးရိုးဗီဇ မူမမှန်တာတွေ မဖြစ်နိုင်တဲ့အပြင် ကလေးမရနိုင်တဲ့နှုန်းလည်း အရမ်းကို နည်းပါးပါတယ်။ ဒါ့ကြောင့် အိမ်ထောင်စောစောပြုတာ ရေရှည်အတွက်တွေးရင် မှားတယ်လို့လည်း ဆိုလို့မရဘူးနော်။

အသက် ၂၅ နှစ်မှ ၃၀ နှစ်။

အသက်ကြီးလာလေလေ ကလေးရနိုင်ခြေနည်းလာလေလေဆိုပေမယ့် အသက် ၂၅ နောက်ပိုင်းမှာတော့ ကလေးရနိုင်ဖို့ အခွင့်အရေးက အများကြီးရှိပါသေးတယ်။ ခုခေတ်က အဲဒီ အချိန်လောက်ရောက်မှ အိမ်ထောင်ပြုကြတာများတယ်မလား။ အိမ်ထောင်ပြုပြီဆိုတာနဲ့ ဆည်းလည်းလေးတွေလည်း လိုချင်သေးတယ်ဆိုတော့ ကြိုးစားကြပြီလေ။

လေ့လာချက်တွေအရ အသက် ၃၀နှစ်အောက် စုံတွဲတွေ အိမ်ထောင်ပြုပြီးပြီးချင်း ပထမ၃လမှာကြိုးစားကြတဲ့အခါ ကလေးရနိုင်ခြေ ၄၀ ကနေ ၆၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ဆိုပါတယ်။ အသက် ၃၀ နောက်ပိုင်းမှာတော့ ကလေးရနိုင်ချေက တစ်နှစ်ထက်တစ်နှစ်ပိုလျော့နည်းလာပါတယ်။ ဒါ့ကြောင့် အသက် ၃၀ နောက်ပိုင်း အိမ်ထောင်မှာမှ အိမ်ထောင်ပြုပြီး ကလေးယူဖို့ ကြိုးစားတဲ့အခါ ပထမ ၃လဆက်တိုက် မအောင်မြင်ဘူးဆိုရင်တော့ ဆရာဝန်ဆီ သွားပြဖို့လိုနေပါပြီ။

အသက် ၃၁ နှစ်မှ ၃၅ နှစ်။

အသက် ၃၀ အစောပိုင်းလေးမှာတော့ ကလေးရနိုင်ခြေ မြင့်သေးတယ်လို့ဆိုရပါတယ်။ မျိုးဥအိမ်ထဲမှာ အရည်အသွေးမီတဲ့ မျိုးဥတွေ ဆက်ရှိနေသေးတာကြောင့်ပါ။ ဒါပေမယ့် ၃၂ နောက်ပိုင်းဆိုရင်တော့ ကလေးရနိုင်ခြေ အတော်လေးကို နည်းသွားပြီလို့ပြောလို့ရပါတယ်။ အသက် ၃၀ ကျော်နဲ့ အသက်၂၀ ကျော် သန္ဓေအောင်နိုင်စွမ်းက ထက်ဝက်လောက်ကို ကွာပါတယ်။

ဒါဆို ၃၂ နှစ်ကျော်ပြီဆိုတာနဲ့ ကလေးမရနိုင်တော့ဘူးပေါ့ ။ မဟုတ်ပါဘူး။ လူတိုင်းကို မဆိုလိုပါဘူး။ အသက် ၃၅ နှစ် အမျိုးသမီး ၅ ယောက်မှာ ၁ယောက်လောက်က ပထမဦးဆုံးကလေးကို အဲ့ဒီ ၃၅ နှစ်အရွယ်မှာ ရတတ်ပြီး အသက်၃၀ ကျော်တဲ့ စုံတွဲ ၃တွဲမှာ ၁တွဲလောက်ကတော့ ကလေးမရနိုင်တဲ့ ပြဿနာကို ခံစားရနိုင်ပါတယ်။

အသက် ၃၅ နှစ်မှ ၄၀။

အသက်၃၀ နောက်ပိုင်းနဲ့ အသက် ၄၀ အစောပိုင်းတို့ဟာ သန္ဓေအောင်နိုင်ခြေ တဖြည်းဖြည်းကျဆင်းလာတဲ့ အသက်အရွယ်တွေပါ။ ဒါပေမယ့် စိတ်ဓာတ်မကျလိုက်ပါနဲ့။ လေ့လာချက်တွေအရ အသက် ၃၅ နှစ်ကနေ ၄၀ နှစ်အတွင်း စုံတွဲတွေ ကလေးရဖို့ ကြိုးစားတဲ့အခါ ကြိုးစားတဲ့ တစ်နှစ်အတွင်း ကလေးရနိုင်ခြေ ၆၀ ရာခိုင်နှုန်းလောက်ရှိပြီး ၂ နှစ်အတွင်းဆိုရင်တော့ ကလေးရနိုင်ခြေ ၈၅ ရာခိုင်နှုန်းအတွင်းရှိတယ်လို့ဆိုပါတယ်။

ကလေးရနိုင်သေးတယ်ဆိုပေမယ့် ဒီ အသက်အရွယ်တွေမှာ ရလာတဲ့ကလေးမှာ မျိုးရိုးဗီဇဆိုင်ရာ ပြဿနာတွေ ဖြစ်ဖို့ အခွင့်အလမ်းအရမ်းများပါတယ်။ ပြောချင်တာကတော့ အသက် တစ်နှစ်ကြီးလာလေလေ ကိုယ်ဝန်ပျက်ကျနိုင်ခြေ နဲ့ ပုံမှန် မဟုတ်တဲ့ကိုယ်ဝန်ရနိုင်ခြေ ပိုများလေလေလို့ ပြောချင်တာပါ။

အသက် ၄၁ နှစ်မှ ၄၅ နှစ်။

အသက် ၄၀ နောက်ပိုင်းဆိုတာ သွေးဆုံးခါနီး အချိန်ဖြစ်တာကြောင့် ကိုယ်ခန္ဓာက သွေးဆုံးဖို့အတွက် ပြင်ဆင်နေတဲ့အချိန်ဖြစ်ပါတယ်။ မမျိုးဥအိမ်ကလည်း မျိုးပွားနိုင်တဲ့ အသက်အရွယ် တောက်လျှောက် အလုပ်လုပ်ခဲ့ရလို့ အနားယူနေချင်တဲ့ အချိန်ဖြစ်တဲ့အပြင် အရည်အသွေးကောင်းတဲ့ မျိုးဥတွေနည်းပါးနေတဲ့ အချိန်လည်းဖြစ်ပါတယ်။

အသက် ၅၀ လောက်ဆို မမျိုးဥအိမ်ထဲမှာ ဘာမျိုးဥမှ မရှိတော့လောက်အောင် နည်းပါးနေပါလိမ့်မယ်။ ဒီ အသက်အရွယ်ရောက်မှ ကလေးရသွားခဲ့မယ်ဆိုရင်လည်း ရလာတဲ့ကလေးမှာ မွေးရာပါ ချို့ယွင်းချက်တွေ အများကြီးရှိမယ့်အပြင် ကလေးအသေလေးမွေးတာ၊ ကလေးပျက်ကျတာနဲ့ မွေးရခက်တဲ့ ပြဿနာတွေ လည်း ကြုံတွေ့နိုင်ပါသေးတယ်။ ဒါ့အပြင် အဲဒီ အရွယ်ဆို ဆီးချို၊ သွေးတိုးက နှိပ်စက်တဲ့ဒဏ်တွေ ခံရမယ့်အပြင် ကိုယ်ဝန် အဆိပ်တက်တဲ့ ပြဿနာတွေလည်း ပိုဖြစ်နိုင်ပါသေးတယ်။

ဒီတော့ အချုပ်ပြောရမယ်ဆိုရင် မိန်းကလေးတစ်ယောက်ရဲ့ သန္ဓေအောင်နိုင်စွမ်းဟာ အသက်ငယ်လေ ပိုမြင့်လေပါ။ အသက် ၂၀ ကနေ ၃၀ အတွင်းဆို သန္ဓေအောင်နိုင်စွမ်းက ၂၅ ရာခိုင်နှုန်းလောက်ရှိပြီး အသက် ၃၀ နောက်ပိုင်းမှာတော့ ၁၀ ရာခိုင်နှုန်းလောက်ပဲရှိပါတော့တယ်။ ဒ့ါကြောင့် ကိုယ်ပိုင် မိသားစုလေးတစ်ခု တည်ဆောက်ချင်သူတွေ အတွက်တော့ ဒီ အသက် ၂၀ ကနေ ၃၅ အတွင်းက အသင့်တော်ဆုံး အချိန်ပါလို့ အကြံပေးပါရစေ။

ရေးသားသူ- Dr Thin Yadanar@ Frances

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/fertility-timeline#6

Accessed Date 9.5.2019

https://www.healthline.com/nutrition/17-fertility-tips-to-get-pregnant

Accessed Date 9.5.2019

 

ယခုပုံစံ

20/09/2022

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သားဥအိမ် နှစ်ဖက်လုံး ထုတ်ပြီးရင် ကလေးရနိုင်သေးလား

သန္ဓေအောင်စေနိုင်တဲ့ လိင်ဆက်ဆံပုံ အနေအထားများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 20/09/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ