backup og meta

အာထွာဆောင်း ဂျူးဒိတ် နဲ့ ရာသီရက် ဂျူးဒိတ်နဲ့ ကွာနေရင် ဘယ်ဒိတ်ကို ယူရမလဲ။

အာထွာဆောင်း ဂျူးဒိတ် နဲ့ ရာသီရက် ဂျူးဒိတ်နဲ့ ကွာနေရင် ဘယ်ဒိတ်ကို ယူရမလဲ။

မေမေတွေ အနေနဲ့ ကိုယ်ဝန်ရလာပြီဆိုရင် ပြင်ဆင်စရာတွေ များပါတယ်။ ကလေးလေးကို ဗိုက်ထဲမှာ ထည့်ထား။ အချိန်တန်ရင် မွေးသွားမှာပဲမဟုတ်ပါဘူး။ ဒီကလေးလေး ဗိုက်ထဲမှာ ကောင်းကောင်းကျန်းမာနေရဲ့လားဆိုတာလည်း သိဖို့လိုပါတယ်။ နောက်တစ်ခုက ဘယ်နေ့မွေးမှာလဲ။ ဒါမှ ကြိုပြင်စရာရှိတာ ပြင်လို့ရမှာပေါ့။ မွေးမယ့်နေ့ကို အရပ်ထဲမှာ ဂျူးဒိတ် (Due date)လို့ ခေါ်ကြပါတယ်။ အလွယ်ပြောရင်တော့ ၉လလွယ် ၁၀လဖွားပေါ့။

ဒါပေမယ့် အတိအကျပြောမယ်ဆိုရင်တော့ ကိုယ်ဝန်သည်တစ်ယောက်က ၃၇ပတ်ကနေ ၄၂ပတ် လောက်ထိ ကိုယ်ဝန်ဆောင်ရပါတယ်။ အပတ်၄၀နားဝန်းကျင်ဆို မွေးကြပြီပေါ့။

ဒါဆိုရင် ဘယ်နေ့မွေးမလဲဆိုတာကို တွက်လို့ရမလား။ ရပါတယ်။ မွေးမယ့်ရက်ကို တွက်မယ်ဆိုရင် ရာသီရက်ကနေလည်း တွက်လို့ရသလို၊ အာထွာဆောင်းကနေလည်း တွက်လို့ရပါတယ်။

ဂျူးဒိတ် ကို ရာသီရက်နဲ့ တွက်မယ်ဆိုရင်

ရာသီရက်ကနေ တွက်မယ်ဆိုရင် နောက်ဆုံးရာသီလာသွားတဲ့ ပထမဆုံးရက်ကို ၉လနဲ့ ၇ရက် ပေါင်းရုံပါပဲ။ ဥပမာ ပြီးခဲ့တဲ့ ၁၁လပိုင်း ၁ရက်နေ့ကနေ ၅ရက်နေ့ထိ ရာသီလာတယ်ဆိုပါစို့။ ဒီလကျတော့ မလာဘူး။ ဒါဆို နောက်ဆုံး ရာသီလာတာ ၁၁လပိုင်းကပေါ့။ ပထမဆုံးရက်ဆိုတော့ ၁ရက်နေ့။ ၉လနဲ့ ၇ရက်ပေါင်းတော့ နောက်နှစ် ၈လပိုင်း ၈ရက်နေ့လောက်ဆို မွေးပါပြီ။

သိပ်ကို လွယ်ပါတယ်။ ဒါကတော့ ရိုးရိုးကိုယ်ဝန်ရတဲ့သူပေါ့။ ဖန်ပြွန်သန္ဓေသားတို့ ဘာတို့ဆိုရင်တော့ နည်းနည်းလေးပြောင်းပြီး တွက်ရတာပေါ့။

ဒါတွေမတွက်တတ်ဘူး။ ခေါင်းရှုပ်တယ်ဆိုရင်လည်း ဒီမှာတွက်လို့ရပါတယ်။

အာထွာဆောင်းနဲ့ တွက်မယ်ဆိုရင်

နောက်တစ်ခုက အာထွာဆောင်းပေါ့။ အာထွာဆောင်းမှာကျတော့ ကလေးရဲ့ ခေါင်းကနေ တင် ဒါမှမဟုတ် ခြေဖနောင့်ထိတိုင်းပြီး ခုဘယ်အရွယ်ရှိပြီလဲ။ ဒါဆို ဘယ်တော့လောက်မွေးမှာလဲဆိုပြီး တွက်တာပါ။

ပုံမှန်အားဖြင့်တော့  ၈ပတ် (၆ပတ်)နဲ့ ၁၄ပတ်ကြားဆို စရိုက်သင့်ပါတယ်။ ဒီလို ပထမဆုံးအကြိမ်ရိုက်တဲ့ အာထွာဆောင်းကို dating scanလို့ ခေါ်ပါတယ်။ ကလေးဘယ်အရွယ်လဲဆိုတာ သိအောင်ရိုက်တဲ့ scanပေါ့။

ဒီအချိန်တွင်းမှာ ရိုက်ဖြစ်အောင် ရိုက်ပါ။ ဘာကြောင့်လည်းဆိုတော့ အရွယ်ငယ်တဲ့အချိန်ဆို ဗိုက်ထဲက ကလေးတွေက ကြီးတဲ့နှုန်း တူတူပါပဲ။ ဒါကြောင့် မွေးမယ့်ရက်ကို တွက်ရတာ ပိုပြိး တိကျပါတယ်။ နောက်ပိုင်းကျရင်တော့ ကလေးတွေက အမေဂရုစိုက်တဲ့အပေါ်မူတည်ပြီး၊ တခြား ရောဂါတွေ ဖြစ်တဲ့ပေါ်မူတည်ပြီး လတူရင်တောင် ဆိုဒ်မတူတော့ပါဘူး။ ဒါကြောင့် မွေးရက်တွက်ရတာ ပိုခက်ပါတယ်။

အာထွာဆောင်း မဖြစ်မနေရိုက်ရမှာလား

တချို့အမေတွေက ဘာလေးလည်း မသိချင်ဘူး။ မွေးလာမှ ရင်ခုန်ချင်လို့ အာထွာဆောင်း မရိုက်ဘူးလို့ ပြောတတ်ကြပါတယ်။ မတတ်နိုင်တဲ့သူ၊ ဆေးရုံဆေးခန်းနဲ့အလှမ်းဝေးတဲ့သူ တစ်မျိုးပေါ့။ တတ်နိုင်တဲ့သူကတော့ ရင်မခုန်ချင်ပါနဲ့။ ရိုက်လိုက်ပါ။ အာထွာဆောင်းက ဗိုက်ထဲက သန္ဓေသားကို မထိခိုက်စေပါဘူး။

အာထွာဆောင်းရိုက်ရင် မေမေတွေ၊ ဖေဖေတွေက ဘာလေးလည်းကို စိတ်ဝင်စားတယ်။ ဆရာဝန်တွေက အထဲက ကလေး ဘယ်တော့မွေးမှာလည်း။ ကိုယ်လက်အင်္ဂါစုံရဲ့လား။ ရေမြွာရည် လုံလောက်ရဲ့လား။ အချင်းရှေ့ရောက်နေသလား စတာတွေကို ပိုပြီး သိချင်တာပါ။ ဒါကြောင့် ဆရာဝန်က ညွှန်ကြားလာတဲ့အခါ ရိုက်ဖြစ်အောင် ရိုက်ပါ။

ဂျူးဒိတ် တွက်လို့ အာထွာဆောင်းဒိတ်နဲ့ ရာသီရက်ကတွက်တဲ့ဒိတ်နဲ့ မတူဘူးဆိုရင်

မေမေတွ ခဏခဏ လာပြကြတယ်။ ဆရာမ ရာသီရက်နဲ့ တွက်တော့ ဒီနေ့ မွေးမယ်ထွက်တယ်။ အာထွာဆောင်းကျတော့ ဒီနေ့တဲ့။ ဘယ်ဟာမှန်လဲပေါ့။

အရင်ဆုံး သိထားရမှာက ရာသီရက်တွေ၊ သားဥကြွေတဲ့ရက်တွေဆိုတာက တိတိကျကျ ဖြစ်လာတာ မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်လည်း လွဲနေနိုင်ပါတယ်။ (သားဥကြွေမယ့်ရက်ကို ဒီမှာတွက်ကြည့်နိုင်ပါတယ်။)

ရာသီရက်က ဒိတ်နဲ့ အာထွာဆောင်း ဒိတ်နဲ့ ကွာနိုင်တဲ့ အကြောင်းတွေက

-ရာသီရက်မမှန်တာ

-ရာသီရက်ကို မှားမှတ်ထားတာ (စိတ်ထဲမှာ မှတ်ထားတာ၊ မေ့တေ့တေ့ ဖြစ်နေတာ၊ ပထမဆုံးရက်နဲ့ နောက်ဆုံးရက်နဲ့ မှားမှတ်မိတာ)

-အာထွာဆောင်းကို လရင့်မှ ရိုက်တာဆိုရင်လည်း လွဲတတ်ပါသေးတယ်။ လရင့်လေ ရက်ပိုကွာလေပါပဲ။

ဒါကြောင့် ရာသီရက်က တွက်တဲ့ ဒိတ်နဲ့ အာထွာဆောင်းက ဒိတ်နဲ့ မတူရင်လည်း စိတ်မညစ်ပါနဲ့။ ပုံမှန်အခြေအနေမှာတောင် ၂ရက်ကနေ တစ်ပတ်လောက်ထိ ကွာတတ်ပါတယ်။

ကဲ နောက်ဆုံး ဒိတ်နှစ်ခု တူနေဦးတော့။ မေမေတို့ကလေးက ဂျူးဒိတ်အတိုင်း မွေးချင်မှ မွေးမှာပါ။ စောတာ နောက်ကျတာဖြစ်နိုင်ပါသေးတယ်။

ဟာ ဒါဆို ဂျူးဒိတ်ကြီးက ဘယ်လိုမှ မမှန်နိုင်ဘူးပေါ့။ ဒီလိုလည်း မဟုတ်ပါဘူး။ ရာသီရက်နဲ့ပဲ တွက်တွက်၊ အာထွာဆောင်းနဲ့ပဲ တွက်တွက် မွေးမယ့်ရက်ကို အနီးစပ်ဆုံး ခန့်မှန်းပေးနိုင်ပါတယ်။ မွေးမယ့်ရက်တင် မကဘဲ ကိုယ်ဝန်အပတ်ပါ သိရတော့ ကလေးက အရွယ်အလိုက် ကောင်းကောင်း ဖွံ့ဖြိုးရဲ့လားဆိုတာ သိနိုင်ပါတယ်။

ဒီလိုရက်ကွာနေရင် ဘယ်ရက်ကို ယူရမလဲ။

  • ကိုယ်က ရာသီပုံမှန်လာနေတဲ့သူဖြစ်ပြီး ရာသီရက်မှတ်ထားတာကလည်း တိကျနေတဲ့သူဖြစ်ရပါမယ်။ ဒီလိုဆိုရင်တော့

-အာထွာဆောင်းကို ၆ပတ် (ဒါမှမဟုတ် ၈ပတ်) နဲ့ ၁၃ပတ်ကြားမှာ ရိုက်ထားတယ်။ ကွာတဲ့ရက်ကလည်း ၅ရက်အောက်ဆိုရင်တော့ ရာသီရက်ကနေေ တွက်ထားတဲ့ ဒိတ်ကိုပဲ ယူလိုက်ပါ။ ၅ရက်နဲ့ အထက်ကွာနေရင်တော့ အာထွာဆောင်းဒိတ်ကိုပဲ ယူလိုက်ပါ။

-အာထွာဆောင်းကို ၁၃ပတ်နဲ့  ၂၄ပတ်ကြားမှာ ရိုက်ထားတယ်။ ကွာတဲ့ရက်ကလည်း ၁၀ရက်အောက်ဆိုရင်တော့ ရာသီရက်ကနေေ တွက်ထားတဲ့ ဒိတ်ကိုပဲ ယူလိုက်ပါ။ ၁၀ရက်နဲ့ အထက်ကွာနေရင်တော့ အာထွာဆောင်းဒိတ်ကိုပဲ ယူလိုက်ပါ။

  • ရာသီက ပုံမှန်လာတာ မဟုတ်ဘူး။ ရာသီရက်ကလည်း မသေချာဘူး။ ဒါပေမယ့် အာထွာဆောင်းကို ၆ပတ်နဲ့ ၁၄ပတ်ကြားမှာ ရိုက်ထားတယ်ဆိုရင်တော့ အာထွာဆောင်းဒိတ်ပဲ ယူလိုက်ပါ။ နောက်ကျမှ ရိုက်ဖြစ်တယ်ဆိုရင်တော့ အာထွာဆောင်း ဒိတ်နဲ့ ဗိုက်အရွဘ်အစားနဲ့ ချိန်ညှိရမှာ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ ရက်ကွာတဲ့ ပြဿနာကို နားလည်နိုင်မယ်လို့ ထင်ပါတယ်။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.babycentre.co.uk/x549791/when-will-i-have-my-first-scan#:~:text=An%20early%20scan%20is%20offered,ve%20had%20a%20previous%20miscarriage.

https://www.health.gov.au/resources/pregnancy-care-guidelines/part-d-clinical-assessments/gestational-age

https://www.verywellfamily.com/are-ultrasounds-accurate-for-predicting-due-dates-2371403

ယခုပုံစံ

29/07/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အာထရာဆောင်းဆိုတာ ဘာလဲ ။ ။

ကိုယ်ဝန်ဆောင်တွေ ဘာကြောင့် အာထရာဆောင်း ရိုက်ရတာလဲ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 29/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement