backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ကိုယ်ဝန်ဆောင် တို့ရဲ့ ၉လလွယ် ၁၀လဖွား ခရီး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကိုယ်ဝန်ဆောင် တို့ရဲ့ ၉လလွယ် ၁၀လဖွား ခရီး

မိခင်ဖြစ်ရတာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ကိစ္စပါ။ ကိုယ့်ဗိုက်ထဲကနေ ကိုယ်နဲ့ တူတဲ့၊ ကိုယ်ချစ်ရသူနဲ့ တူတဲ့ ရင်သွေးလေး ထွက်လာမှာက အင်မတန် ပျော်ရွှင်စရာ ကောင်းပါတယ်။ အမျိုးသမီးတစ်ယောက်အတွက် ကိုယ်ဝန်ဆောင်တဲ့ အချိန်၉လမှာ သူ့ဘဝမှာ အရေးကြီးဆုံးနဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ကိစ္စပါပဲ။ ဒီကာလမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အနေနဲ့ ဘာတွေ ကြုံတွေ့ရမှာလဲ။ ကလေးလေး အောင်အောင်မြင်မြင် မွေးဖွားလာဖို့ ဘာတွေ ပြင်ဆင်ထားကြမလဲ။ ကိုယ်ဝန်ဆောင် တို့ရဲ့ ၉လလွယ် ၁၀လဖွား ခရီး အကြောင်းလေး လေ့လာရအောင်လား ……

ကိုယ်ဝန်ရမှန်း သိရှိခြင်း

ယေဘုယျအားဖြင့်တော့ အိမ်ထောင်ရှိတဲ့ အမျိုးသမီးတစ်ယောက်က တားဆေးလည်း မသုံးဘူး၊ ပုံမှန်လည်း အတူနေဖြစ်တယ်၊ ရာသီထိန်သွားတယ်ဆိုရင် ကိုယ်ဝန်ရှိဖို့ များပါတယ်။ ဆီးစစ်တံနဲ့ ဆီးစစ်ကြည့်တာတော့ အလွယ်ဆုံးပေါ့။ တခြား ရုပ်ပိုင်းဆိုင်ရာပြောင်းလဲခြင်းတွေ ရှိနိုင်ပေမယ့် ဆီးစစ်လိုက်တာကတော့ အသေချာဆုံးပါပဲ။

(အမျိုးသမီးတစ်ယောက် ရာသီရက်ကျော်မကျော်၊ ဘယ်နေ့မှာ သားဥကြွေလဲဆိုတာသိချင်ရင် ‘သားဥကြွေခြင်းကို တွက်ချက်ခြင်း‘ ကျန်းမာရေး ကိရိယာမှာ ဝင်ရောက် တွက်ချက်နိုင်ပါတယ်။)

ကိုယ်ဝန်ရှိမှန်း သိတဲ့အခါ

ကိုယ်ဝန်ရှိမှန်း သိပြီဆိုရင် အမျိုးသား၊ ဆွေမျိုးတွေကို ပြောပြပြီး အပျော်တွေကို ဝေမျှလိုက်ပါဦး။ ဒီကိုယ်ဝန်ဆောင် ခရီးလမ်းတစ်လျှောက်မှာ သူတို့တွေရဲ့ ဖေးမမှုနဲ့ အားပေးမှုလည်း လိုအပ်တယ်လေ။

ပြီးရင်တော့ ကလေးလေး ကျန်းမာစွာနဲ့ မွေးဖွားနိုင်ဖို့ ကိုယ်ဝန်အပ်ပါတော့။ သားဖွားမီးယပ်ဆရာဝန် ဒါမှမဟုတ် ဆရာဝန်မရှိရင် ကျွမ်းကျင်သားဖွားဆရာမနဲ့ ကိုယ်ဝန်အပ်ထားတာက သင့်ကိုယ်ဝန်နဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေ ကင်းစေမှာပါ။

ကိုယ်ဝန်အတွက် လိုအပ်တဲ့ ကာကွယ်ဆေးတွေထိုးမယ်၊ ဆေးစစ်ချက်တွေ မှန်မှန်လုပ်မယ်၊ ရက်ချိန်းမှန်မှန်ပြမယ်ဆိုရင် ကလေးလေးက ကျန်းကျန်းမာမာနဲ့ မွေးလာနိုင်မှာပေါ့။ ကလေးမွေးတာကိုလည်း တတ်နိုင်သမျှ ဆေးရုံမှ မွေးဖို့ အကြံပြုပါရစေ။ အိမ်မှာမွေးမယ်ဆိုရင်လည်း ကျွမ်းကျင်တဲ့ သားဖွားဆရာမနဲ့ပဲ မွေးသင့်ပါတယ်။

(ကိုယ့်ကိုယ်ဝန်က ဘယ်တော့မွေးမှာလဲဆိုတာ သိချင်ရင် ‘မီးဖွားမည့်ရက် တွက်ချက်ခြင်း ကိရိယာ‘ မှာ လာရောက်တွက်ချက်နိုင်ပါတယ်။)

ကိုယ်ဝန်ဆောင်ချိန်တလျှောက် ဆောင်ရန် ရှောင်ရန်တွေက

  • ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်ငွေ့ကို ရှောင်ပါ။ ကိုယ်ဝန်ယူမယ်လို့ စစဉ်းစားထားကတည်းက ရှောင်ထားသင့်ပါတယ်။
  • အရက်လုံးဝမသောက်ပါနဲ့။ ကိုယ်ဝန်ယူဖို့ စီစဉ်ထားကတည်းက အရက်ကို ကြိုဖြတ်ထားပါ။
  • ကိုယ်ဝန်ဆောင်ချိန်မှာ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း လုပ်ပေးပါ။ မွေးရဖွားရလွယ်ပါလိမ့်မယ်။
  • အာဟာရပြည့်ဝအောင် စားပါ။
  • ချိုလွန်း၊ ငန်လွန်းတာတွေ၊ အသင့်စားအစားအစာတွေ၊ ကလီစာတွေ ခဏခဏ စားတာမျိုး ရှောင်ကြည်ပါ။
  • ကိုယ်ဝန်ဆောင် အားဆေးသောက်ပါ။ ကိုယ်ဝန်ဆောင်မယ်လို့ စီစဉ်ထားကတည်းက သောက်နိုင်ရင် ပိုကောင်းပါတယ်။
  • ဗိုက်ထဲက ကလေးကို ရောဂါပိုး မကူးစက်အောင် ကာကွယ်ပါ။ နေမကောင်းတဲ့ သူနား မကပ်ပါနဲ့။ ကာကွယ်ဆေးတွေ အပြည့်အစုံထိုးပါ။ ကြောင်ချေးကို မကိုင်ပါနဲ့။
  • တုပ်ကွေးကာကွယ်ဆေး ထိုးပါ။
  • ကလေးလှုပ်ပြီဆိုရင် လှုပ်တဲ့ အကြိမ်အရေအတွက်ကို မှတ်ပါ။ ၂၄နာရီအတွင်း ၁၀ကြိမ်ပြည့်ရပါမယ်။
  • ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ညစ်မခံပါနဲ့။ အမျိုးသားနဲ့ ရင်းနှီးသူတွေကို ရင်ဖွင့်ပါ။ အကူအညီတောင်းပါ။
  • ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ရော စိတ်ပါ ကျန်းမာနေမှ ကလေးလေးကို အဆင်ပြေပြေမွေးနိုင်မှာမို့လို့ အသေးစိတ်ဂရုစိုက်ပေးဖို့ လိုပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်တလျှောက် ပြောင်းလဲမှုများ

    ကိုယ်ဝန်ဆောင် တို့ရဲ့ ၉လလွယ် ၁၀လဖွား ခရီး က စိတ်လှုပ်ရှားစရာအကောင်းဆုံး လတွေပါပဲ။ ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်ဖို့ ဂရုစိုက်ဖို့လိုပါမယ်။

    ကိုယ်ဝန်စဆောင်ခြင်း

    မျိုးအောင်လို့ သန္ဓေသားဖြစ်ပြီး ၅ရက် တစ်ပတ်လောက်ဆိုရင် သူနေဖို့ သားအိမ်ထဲကို တိုးဝင်ပါတယ်။ အဲ့ဒီအချိန်မှာ သွေးနည်းနည်း ဆင်းတတ်ပါတယ်။ ရာသီလာတာနဲ့ မှားတတ်ကြပါတယ်။ ဒါကြောင့် ပုံမှန်ဆင်းနေကြထက် နည်းသွားတယ်ဆိုရင်၊ အိမ်ထောင်လည်း ရှိတယ်ဆိုရင် ကိုယ်ဝန်စစ်သင့်ပါတယ်။

    ပထမ ၃လ

    ကိုယ်ဝန်ရှိရှိခြင်းဆို လူက နုံးပြီး အားမရှိသလို ဖြစ်နေတတ်ပါတယ်။ အမြဲတမ်း ခွေနေချင်ပြီး အိပ်ပဲ အိပ်နေချင်ပါတယ်။ နောက်ပိုင်းကျရင်တော့ ပျို့တာ၊ အန်တာတွေ ဖြစ်လာပါတယ်။ ရင်သားတွေ တင်းပြီး နာလာတာမျိုးလည်း ဖြစ်လာပါတယ်။

    ဒုတိယ ၃လ

    ပျို့အန်တာတွေ၊ နုံးတာတွေက အရင်ကလောက် မဆိုးတော့ပါဘူး။ ဒါပေမယ့် ပြဿနာအသစ်အနေနဲ့ ဝမ်းဗိုက်အောက်ပိုင်း ဆီးစပ်နားကနေ ခပ်တင်းတင်းလေး အောင့်အောင့်တတ်ပါတယ်။ ဒါက ကလေးလေး ကြီးလာတဲ့အတွက် သားအိမ်ကို ချဲ့တာကြောင့် သားအိမ်ဘေးက အရွတ်တွေ တင်းပြီး နာလာတာပါ။ နားနားနေနေနေရင် သက်သာပါတယ်။

    ၅လ ၆လလောက်ဆို ကလေးလှုပ်ပါပြီ။ စစချင်းမှာ ကလေးလှုပ်တာ ညင်သာလွန်းလို့ ဒါမှမဟုတ် သားဦး မေမေမို့လို့ သိပ်ပြီး သတိမထားမိတတ်ပါဘူး။ လရင့်လာတာနဲ့အမျှ ပိုပိုပြီး လှုပ်သလို မေမေလည်း သတိထားမိမှာပါ။

    နောက်ဆုံး ၃လ

    မွေးခါနီး ဖွားခါနီး ဖြစ်နေပါပြီ။ မွေးမယ့်ဆေးရုံကို ကြိုရှာထားသင့်သလို ကလေးမွေးရင် သုံးမယ့် ပစ္စည်းတွေကိုလည်း ခြင်းတစ်ခြင်းနဲ့ ကြိုပြင်ထားသင့်ပါပြီ။ ဟော်မုန်းအပြောင်းအလဲရော၊ ဗိုက်လေးလာတာကြောင့်ရော ပင်ပန်းတာ၊ ညဘက်အိပ်မပျော်တာ ဖြစ်လာတတ်ပါတယ်။

    ကလေးကပိုကြီးပြီး ပိုသန်လာတာကြောင့် အားပြင်းပြင်းနဲ့ ကန်တတ်နေပါပြီ။ တစ်ချက် တစ်ချက် သားအိမ်ညှစ်ပြီး အမွေးသင်နေပါပြီ။

    မွေးပြီ

    တကယ်မွေးပြီဆိုရင်တော့ အချွဲတွေ ဆင်းလာပါပြီ။ သွေးစလေး နည်းနည်းလေး ပါတတ်ပါတယ်။ သားအိမ်ညှစ်တာက အမွေးသင်တုန်းကနဲ့ မတူတော့ပါဘူး။ ကြာလာလေလေ ညှစ်တာပိုစိပ်ပြီး ပိုအားကောင်းလာပါတယ်။ ပျို့ပြီး အန်ချင်သလိုလို ဝမ်းသွားချင်သလိုလို ဖြစ်တတ်ပါတယ်။ ဒီလိုနဲ့ ကြိုးစားပြီး မွေးလိုက်တာ နောက်ဆုံးမှာတော့ ကျန်းမာတဲ့ ကလေးလေး ထွက်လာပါပြီ။

    မီးတွင်း

    မီးတွင်းမှာတော့ အရင်လို ကလေးကို ဗိုက်ထဲမှာ ထည့်ထားလို့ မရတော့ပါဘူး။ ကလေးရဲ့ မကြာခဏ နို့ဆာတာတွေ၊ နေ့နဲ့ ညနဲ့ မှားတဲ့ ဒဏ်တွေကို ခံရတော့မှာပါ။ ဒီချိန်မှာ ကလေးမေမေတွေအနေနဲ့ မီးတွင်းမှာ စိတ်ကျဝေဒနာ ခံစားရတတ်လို့ အိမ်သားတွေက ဖေးမဖို့ လိုပါတယ်။

    ကောင်းတဲ့တစ်ချက်ကတော့ သိပ်မကြာခင်မှာ ကိုယ်ဝန်ဆောင်တုန်းက ဖြစ်ခဲ့တဲ့ ကိုယ်ခန္ဓာပြောင်းလဲမှုတွေက အရင်အတိုင်း ပြန်ဖြစ်လာတော့မှာပါ။ မီးတွင်းမှာလည်း မေမေတို့အနေနဲ့ အာဟာရပြည့်အောင် စားပြီး အိပ်ရေးဝအောင် အနားယူဖို့ လိုပါတယ်။ ကလေးထိန်းဖို့ အိမ်သားတွေကို ကူညီခိုင်းပါ။

    Takeaways

    ကိုယ်ဝန်ဆောင် ၉လဟာ အမျိုးသမီးတွေအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံး လတွေပါပဲ။ ဒီကာလတွေမှာ လူသားသေးသေးလေးတွေ သယ်ပိုးထားပြီး ပြောင်းလဲမှုတွေကို ကြံ့ကြံ့ခိုင် ရင်ဆိုင်နေတဲ့ သူ့ကို မြင်တွေ့ရမှာပါ။ ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်ဖို့ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ ဆရာဝန်နဲ့ ပုံမှန်ရက်ချိန်းပြပါလို့ တိုက်တွန်းချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement