backup og meta

ဗိုက်ခွဲမွေးတဲ့မေမေတွေ အနာအမြန်ကျက်ပြီး သက်သာလာစေဖို့

ဗိုက်ခွဲမွေးတဲ့မေမေတွေ အနာအမြန်ကျက်ပြီး သက်သာလာစေဖို့

ဒီဘက်ခေတ်မှာ ဗိုက်ခွဲမွေးတယ်ဆိုတာ အရင်တုန်းကလောက်တော့ ကြောက်စရာမကောင်းတော့ပါဘူး။ ဒါပေမယ့်လည်း ခွဲထားတဲ့အရှိန်က ရှိနေတော့ မေမေတွေအနေနဲ့ ကလေးနို့တိုက်တဲ့အခါ ကိုယ့်ကျန်းမာရေးကြောင့် ပြဿနာတစ်စုံတစ်ရာများ ရှိလာမလားဆိုပြီး စိုးရိမ်ပူပန်စိတ်တွေ ဝင်လာတတ်ပါတယ်။ နောက်ပြီးတော့ ခွဲထားတဲ့နေရာကိုလည်း သေချာဂရုစိုက်ဖို့၊ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို အရင်ကထက် ပိုသတိထားဖို့ လိုပါတယ်နော်။ ဒီဆောင်းပါးမှာတော့ ဗိုက်ခွဲမွေးထားတဲ့မေမေတွေ အတွက် အမြန်နာလန်ထူနိုင်ဖို့၊ ခွဲမွေးထားတဲ့ အနာမြန်မြန်ကျက်ဖို့၊ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်၊ နေထိုင်မှုပုံစံတွေကို ပြောပြပေးချင်ပါတယ်။

ဗိုက်ခွဲမွေးတဲ့မေမေတွေ အနာအမြန်ကျက်ပြီး သက်သာလာစေဖို့

ဗိုက်ခွဲမွေးတဲ့မေမေတွေ အနာအမြန်ကျက်ပြီး သက်သာလာစေဖို့ ဆိုရင်

၁။ အရင်ဆုံး အိပ်ချိန်ပြည့်ဝစွာအိပ်ပါ။

ဘယ်လောက်ပဲ စိုးရိမ်စရာ သိပ်မရှိတော့ဘူးပြောပြော ဗိုက်ခွဲမွေးတယ်ဆိုတာ အကြီးဆုံးခွဲစိတ်မှုတစ်ခုပါပဲ။ ခွဲစိတ်မှုအပြီးမှာ ဒဏ်ရာအမြန်ကျက်ဖို့ အရင်ဆုံးလုပ်ရမယ့်အရာကတော့ ကောင်းကောင်းမွန်မွန် အိပ်စက်အနားယူဖို့ပါပဲ။ အကောင်းဆုံးကတော့ ခွဲမွေးပြီး တစ်ပတ်အတွင်း ဆေးရုံမှာပဲ သေချာအနားယူပါ။ ဆေးရုံကဆင်းပြီး ၆ပတ်အတွင်း အိမ်မှာပဲ အနားယူပါ။ အလုပ်မသွားပါနဲ့။ အိပ်ချိန်ကို တစ်နေ့ အနည်းဆုံး ၈နာရီအပြည့်ပေးပြီး အိပ်စက်အနားယူပါ။ တစ်နေ့လုံးတော့ အိပ်ရာထဲမှာပဲ နေစရာတော့ မလိုပါဘူး။ အိမ်အလုပ် ပေါ့ပေါ့ပါးပါးလေး ထလုပ်တာ၊ အိမ်ထဲမှာပဲ လမ်းထလျှောက်တာ၊ ကလေးနို့တိုက်တာမျိုးတော့ လုပ်ပေးလို့်ရပါတယ်။

၂။ လေ့ကျင့်ခန်းလုပ်တာ ရှောင်ပါ။

ခွဲမွေးပြီး ၆လအထိကို ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်တာ၊ ဗိုက်ကို ထိစေမယ့် လေ့ကျင့်ခန်းလုပ်တာမျိုးတွေ လုံးဝရှောင်ပါ။ လမ်းလျှောက်တာလောက်တော့ လုပ်ပေးလို့ရပါတယ်။ မပြေးပါနဲ့၊ အလေးမမပါနဲ့၊ Gym မကစားပါနဲ့၊ အထုပ်အပိုးတွေ မသယ်ပါနဲ့။ အိပ်ရာကနေ ထလာတဲ့အခါ လက်နှစ်ဖက်ကို အားပြုပြီး ဖြည်းဖြည်းချင်း ထပါ။  အနာကို မလိုအပ်ဘဲ လက်နဲ့ထိတာ၊ ပွတ်သပ်ကိုင်တွယ်တာမျိုး မလုပ်ပါနဲ့။

၃။ အကိုက်အခဲပျောက်ဆေးတွေ လျှောက်မသောက်ပါနဲ့။

ခွဲပြီးကာစမှာ နာတဲ့အရှိန်က အနည်းနဲ့ အများကျန်နိုင်ပါတယ်။ ဒီအတွက် ကိုယ်ပြနေတဲ့ ဆရာဝန်ဆီမှာ အကိုက်အခဲပျောက်ဆေး ညွှန်းဖို့ ပြောလို့ရပါတယ်။ ကိုယ့်ဘာသာ ဆေးဆိုင်မှာသွားပြီး တွေ့ရာဆေးလျှောက်သောက်တာမျိုး မလုပ်ပါနဲ့။ စွဲသောက်နေရတဲ့ ဆေးတွေ ရှိရင် ဆရာဝန်ကို ပြောထားပါ။ သောက်လိုတဲ့ အားဆေးတွေ၊ ဖြည့်စွက်စာတွေ ရှိရင်လည်း ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီး လိုအပ်မှ သောက်ပေးပါ။

၄။ အစာအာဟာရကို သေချာဂရုစိုက်ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာလည်း ကိုယ့်ရဲ့ နေ့စဉ်အာဟာရကို ဂရုစိုက်ဖို့လိုအပ်သလို ဗိုက်ခွဲမွေးပြီးသွားတဲ့အခါမှာလည်း ခွဲထားတဲ့ အနာမြန်မြန်ကျက်စေဖို့ ဂရုစိုက်ပေးရပါမယ်။ နေ့စဉ် အစာအာဟာရမှာ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အစေ့အဆန်၊ ပဲ၊ နွားနို့ ဦးစားပေးစားသုံးပါ။ အသား၊ ငါးတွေကိုလည်း များများစားပေးပါ။ ရေများများသောက်ပါ။ အမာစာတွေထက် ကြက်စွပ်ပြုတ်လေးတွေ သောက်ပေးတာ ပိုအဆင်ပြေပါတယ်။ ဝမ်းချုပ်စေနိုင်တဲ့အစားအစာတွေကို ရှောင်ပါ။

ဘာတွေကို သတိထားမလဲ။

ခွဲမွေးပြီး ၆ပတ်အတွင်း ဒဏ်ရာက အနည်းငယ်ကိုက်ခဲနာကျင်တာ၊ သွေးထွက်တာ၊ အရည်အနည်းငယ် စိမ့်ထွက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါက ပုံမှန်ပဲမို့ အရမ်းတော့ စိတ်ပူစရာမလိုပါဘူး။

  • ခွဲထားတဲ့နေရာမှာ နီရဲပြီး ရောင်နေတာ
  • ပြည်တွေ စိမ့်ထွက်လာတာ
  • မခံမရပ်နိုင်အောင် နာကျင်နေတာ
  • အပြင်းဖျားတာ
  • မိန်းမကိုယ်ကနေ အနံ့အသက်မကောင်းတဲ့ အရည်တွေ စိမ့်ထွက်လာတာ
  • သွေးအများကြီးဆင်းတာ
  • ခြေထောက်ဖောရောင်တာ
  • အသက်ရှူရခက်ခဲတာ

ဒီလို လက္ခဏာတွေ တွေ့ရတယ်ဆိုရင်တော့ ကိုယ်ပြနေကျ ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ကျန်းမာရေး စစ်ဆေးဖို့ လိုပါတယ်။ နောက်တစ်ခါ ခွဲထားတဲ့ ဒဏ်ရာကို ပိုးမဝင်အောင် သေချာဂရုစိုက်ပါ။ ဆရာဝန်က ဆေးပေးလိုက်ရင် ဆေးအညွှန်းအတိုင်း သောက်ပေးပါနော်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/pregnancy/c-section-tips-for-fast-recovery#when-to-seek-help (October 4, 2019)

ယခုပုံစံ

02/02/2023

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခွဲမွေးထားတဲ့မေမေ တို့ရေ ဒါလေးတွေသိထားဖို့လိုပါမယ်နော်

ခွဲမွေးထားတဲ့ မေမေတို့ အတွက် ချုပ်ရိုးမြန်မြန်သက်သာစေမယ့် နည်းလမ်းအချို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 02/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement