27 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ
သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်
27 ပတ် အရွယ်ကလေးလေးက ဂေါ်ဖီပန်းအရွယ်လောက် ရှိပါပြီ။ ကျန်းမာတဲ့ကလေးလေးဆို ၈၆၀ ဂရမ် ၃၆.၅၇ စင်တီမီတာရှိနေပါပြီ။
နောက်ဆုံး ၃ လရဲ့ ပထမဆုံးအပတ်ဆိုတော့ မွေးလာမယ့် ကလေးရဲ့ ရုပ်ရည်နဲ့ တူလာပါပြီ။ အဆုတ်၊ အသည်းနဲ့ ကိုယ်ခံအားက ကောင်းကောင်းမဖွံ့ဖြိုးသေးပေမယ့် ဒီချိန်မှာ မွေးလာရင်တော့ ရှင်နိုင်ပါတယ်။ အကြားအာရုံက ဆက်ဖွံ့ဖြိုးနေမှာမို့လို့ မေမေ၊ ဖေဖေတွေရဲ့ အသံကို ကောင်းကောင်းမှတ်မိနေပါပြီ။ နားကိုတော့ ထူထည်းတဲ့ ဖယောင်းလွှာနဲ့ ကာထားတုန်းပါ။ ရေမြွာရည်တွေ မဝင်အောင်လို့ပါ။ ဒီတော့ ကလေးလေးကြားနေတဲ့ အသံတွေက ဗလုံးဗထွေးအသံတွေပါ။
ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ
ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်
ကိုယ်ဝန်ရှိချိန်မှာတော့ မေမေတွေရဲ့ ခန္ဓာကိုယ်က ကလေးလေးကို အပြည့်အဝအာဟာရပေးပြီး အကာအကွယ်ပေးထားမှာပါ။ ဒါပေမယ့် မွေးကင်းစလေးကို ဘယ်ကိုဂရုစိုက်ရမလဲဆိုတာကတော့ သင်ယူရဦးမှာပါပဲ။
ဒီတော့ ကလေးမွေးတာနဲ့ ဆိုင်တာတွေသင်ပေးတဲ့ သင်တန်းတွေကို ကိုယ့်အနီးအနားမှာရှိတဲ့ လူမှုရေးစင်တာတွေ၊ ဆေးရုံတွေမှာ သွားတက်နိုင်ပါတယ်။ အဲဒီမှာ ကလေးမွေးရင် အနာသက်သာအောင် ဘယ်လိုလုပ်ရမလဲဆိုတာတွေ သင်ပေးပါတယ်။
မွေးကင်းစလေးတွေနဲ့ပတ်သက်ပြီး ကြုံလာရမယ့် ပြဿနာတွေ၊ နို့တိုက်ရမယ့်နည်းလမ်းတွေ၊ ဖြည့်စွက်အစာ ဘယ်လိုကျွေးရမှာတွေပါ သင်ပေးပါတယ်။ မီးမဖွားခင် ကလေးလေးနဲ့ ပတ်သက်တာမှန်သမျှကို တတ်နိုင်သလောက် သင်ယူလေ့လာထားတာ ကောင်းပါတယ်။ ကိုယ်က အခုမှပထမဆုံးမွေးမှာဆိုရင် ဒီဗဟုသုတတွေက ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိစေပါတယ်။
27 ပတ် မြောက်မှာ သိသင့်သိထိုက်တာလေးတွေ
ကိုယ်ဝန်ဆောင်ကာလ အလယ်လောက်ကနေ နောက်ပိုင်းကာလတွေဆို ကလေးလေးက မွေးဖို့အတွက် သင့်တော်တဲ့အနေအထားမှာ ငြိမ်နေပါပြီ။ ဒါပေမယ့်ကလေးလေးရဲ့ ခေါင်းနဲ့ သားအိမ်ရဲ့ အလေးချိန်ကတော့ မေမေတွေရဲ့ ခါးအောက်ပိုင်းက အာရုံကြောမကြီးပေါ်မှာ ငြိမ်ပြီးရှိနေပါတယ်။
ဒီတော့ တင်ပါးနာတာ၊ ယားတာ၊ ကျောကနေ ခြေထောက်အထိကို နာတာတွေ ဖြစ်နိုင်ပါတယ်။ ဒီဝေဒနာတွေ သက်သာအောင် နည်းလမ်းလေးတွေ ပြောပြမယ်နော်။
- ထိုင်ပါ။ ခြေထောက်တွေကို အနားပေးလိုက်တော့ ခါးတွေ၊ ခြေထောက်တွေနာတာ သက်သာတာပေါ့။ ကိုယ်အတွက် သက်သောင့်သက်သာရှိမယ့် အနေအထားနဲ့ လှဲနေရင်လည်း အဆင်ပြေပါတယ်။
- နွေးအောင် လုပ်ပါ။ နာတဲ့နေရာကို ရေနွေးအိတ် ကပ်ပေးတာလည်း သက်သာစေပါတယ်။ ရေကြက်သီးနွေးလေးနဲ့ ချိုးတာမျိုးလည်း လုပ်နိုင်ပါတယ်။
- လေ့ကျင့်ခန်းလုပ်ပါ။ အကြောဆန့်လေ့ကျင့်ခန်းတွေက ဖိအားတွေကို လျော့ကျစေပါတယ်။
- ရေကူးပါ။ တင်ပါးနာတာအတွက်ဆို ရေကူးတတ်ရင် ရေကူးသင့်ပါတယ်။ ရေကူးတာက အနောက်ဘက်က ကြွက်သားတွေကို ဆန့်ပေးတဲ့အတွက် နာတာသက်သာစေပါတယ်။
ဆရာဝန်ဆီသွားပြရအောင်
ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ
ဒီအချိန်မှာတော့ လမစေ့ဘဲမွေးနိုင်ခြေက အရမ်းနည်းသွာပါးပြီ။ ဒါပေမယ့် လမစေ့ဘဲ မွေးမယ့်လက္ခဏာတွေကို သိအောင်တော့ ပြောပြထားမယ်နော်။
- ဝမ်းသွားပြီး ရာသီလာသလိုမျိုး အောင့်တာ၊ ပျို့တာ၊ အစာမကြေတာ၊
- ၁၀မိနစ် တစ်ကြိမ်လောက် သားအိမ် ကျုံ့တာ၊ အနေအထားပြောင်းလည်း မသက်သာတာ၊
- ခါးအောက်ပိုင်းတွေ ဆက်တိုက်ကိုက်တာ၊
- မိန်းမကိုယ်ကနေ အရည်တွေ၊ သွေးတွေဆင်းတာ၊
- တင်ပါးဆုံ၊ ဆီးစပ်နဲ့ ပေါင်ခြံနာတာ
- မိန်းမကိုယ်ကနေအရည်တွေဆက်တိုက်ကျတာ
ဒီလက္ခဏာတွေပြတိုင်း လမစေ့ဘဲမွေးနိုင်တာ မဟုတ်ပါဘူး။ ဆရာဝန်တွေနဲ့ သေချာပြသဖို့ အကြံပေးချင်ပါတယ်။
ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲ ဆက်လေ့လာရအောင်
ဒီလမှာ စစ်ဆေးမှု အသစ်လေးတွေ ထပ်လုပ်မှာပါ။ စစ်ဖို့ လိုအပ်တာပေါ် မူတည်ပြီး အောက်ပါစစ်ဆေးမှုကို လုပ်ပါလိမ့်မယ်။
- ကိုယ်အလေးချိန်နဲ့ သွေးပေါင်တိုင်းခြင်း
- ဂလူးကိုးစ်နဲ့ ပရိုတင်းအတွက် ဆီးစစ်ခြင်း
- သန္ဓေသားနှလုံးခုန်နှုန်းစစ်ခြင်း
- မွေးမယ့်အချိန်တွက်ဖို့ သားအိမ်အခြေအနေကို အပြင်ဘက်ကနေစစ်ဆေးခြင်း
- သားအိမ်ထိပ် အမြင့်တိုင်းခြင်း
- ခြေလက်ရောင်မရောင်၊ သွေးပြန်ကြောတွေ ဖောင်းလားစစ်ခြင်း
- သွေးတွင်းဂလူးကိုးစ်စစ်ခြင်း
- သွေးအားနည်းနေလားသိအောင် သွေးစစ်ခြင်း
- လိုအပ်တဲ့ ကာကွယ်ဆေးထိုးခြင်း
တခြားမူမမှန်တဲ့ လက္ခဏာတွေ၊ မေးခွန်းတွေ၊ သိချင်တဲ့အကြောင်းတွေကို စာရင်းနဲ့မှတ်ပြီးဆရာဝန်ကို မေးနိုင်ပါတယ်။
ကျန်းမာဘေးကင်းအောင် နေကြမယ်
ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ
မေမေတို့ရေ လက်သည်းလှလှလေးတွေလည်း ဆိုးချင်နေမှာပေါ့။ ဒါပေမယ့် လက်သည်းဆေးဆိုးတာက အခန့်မသင့်ရင် လက်သည်းတွေတစ်ဝိုက်ကို allergy တွေ၊ မှိုတွေ၊ ဘက်တီးရီးယားတွေ ဖြစ်စေပါတယ်။ ကိုယ်ဝန်ရှိချိန်မှာ လက်သည်းဆိုးတာက မသိသေးတဲ့ရောဂါတွေလည်း ဖြစ်နိုင်ချေရှိပါတယ်။ ဒီတော့ သားသားမီးမီးလေးတွေ မွေးလာပြီးတော့မှပဲ လှအောင်ပြန်ပြင်ကြရအောင်နော်။
၂၈ ပတ်မြောက်ရောက်ရင် ဆက်တွေ့မယ်နော်။
ရေးသားသူ- Hmwe San Eain
[embed-health-tool-pregnancy-weight-gain]