18 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ
သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်
18 ပတ် ဆို ကလေးက ငရုပ်ပွအရွယ် ၂၀၀ ဂရမ်၊ ၁၄ စင်တီမီတာလောက်ရှိပါပြီ။
ကလေးလေးက နည်းနည်းစလှုပ်လာပါပြီ။ ကလေးလေးလှိမ့်တာ၊ လည်နေတာ၊ ကန်တာကို မေမေတို့ သိလာပြီနော်။ ကလေးသမ်းတာကအစ ကြို့ထိုးတာအထိကို မေမေတို့ သိနေပါပြီ။ သားသားမီးမီးကတော့ မြန်မြန်ဆန်ဆန်ကြီးထွားနေတဲ့ အကြောင်းကို မေမေတို့ကို သတင်းပေးနေပြီနော်။
နားရွက်လေးကလည်း ဖွံ့ဖြိုးပြီးသားဆိုတော့ မေမေတို့ အသံကို ကောင်းကောင်းကြားနိုင်ပါတယ်နော်။ ကလေးကို စကားစပြောဖို့ အချိန်ကောင်းပါပဲ။ ကလေးလေးက မေမေတို့အသံ၊ နှလုံးခုန်သံ၊ အချင်းကိုဖြတ်ပြီး သွေးစီးသံကိုကြားရတဲ့အခါ စိတ်သက်သာရာရမှာပါ၊၊
ကလေးလေးရဲ့မျက်လုံးလေးတွေက အရင်ကလို ဘေးကို စွေမနေတော့ဘဲ အရှေ့တည့်တည့်ကို ကြည့်နိုင်တဲ့အထိကို ကောင်းကောင်းဖွံ့ဖြိုးလာပါပြီ။ ဒီအချိန်မှာ ဗိုက်အရှေ့ကနေပြီး ဓာတ်မီးနဲ့ထိုးရင် ကလေးလေးက သိနိုင်ပါတယ်။
ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ
ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်
ကျောနာတာ ပိုဆိုးလာတတ်ပါတယ်။ ဒါကပုံမှန်ပါပဲ။ ဗိုက်က ပိုကားလာလေ ခါးအောက်ပိုင်းက ပိုနာလာလေပါ။ အဓိကအကြောင်းရင်းက ကိုယ်မှာရှိတဲ့ ကမ္ဘာ့ဆွဲအားဗဟိုချက်ပြောင်းပြီ ကျောအောက်ပိုင်းကို ပိုပြီးဖိအားပေးသလိုဖြစ်သွားလို့ပါ။ ကိုယ်ဝန်ဆောင်ဟော်မုန်းက တင်ပါးက အရိုးတွေနဲ့ အရွတ်တွေကို လျော့ရဲလာအောင် လုပ်လို့လည်း ဖြစ်တတ်ပါတယ်။
အောက်မှာ သက်သာစေနိုင်မယ့်နည်းလေးတွေ ပြောပြထားပါတယ်။
- တစ်နာရီထက် ပိုကြာအောင် ဆက်တိုက်မထိုင်ပါနဲ့။ ကြွက်သားနဲ့ အဆစ်တွေကို လှုပ်ရှားပေးဖို့ မမေ့ပါနဲ့။ သွေးလည်ပတ်အားကောင်းအောင် တစ်နာရီခြားတစ်ခါ မတ်တပ်ရပ်ပြီး လှုပ်ရှားတာမျိုး လုပ်ပေးပါ။ တကယ်လို့ အလုပ်က တစ်နေရာတည်းကိုအကြာကြီးထိုင်နေရတာမျိုးဆို ကျောမှာ ဖိအားတွေသိပ်မများအောင် ခြေထောက်တင်ဖို့ ခုံလေးထားထားပါ။
- အကြာကြီးရပ်တာမျိုးလည်း မလုပ်သင့်ပါဘူး။ ဆေးကြောတိုက်ချွတ်ဖို့ အကြာကြီးရပ်ရမယ်ဆိုလည်း ခန္ဓာကိုယ်နဲ့ ကျောကို ဖိအားသိပ်မရောက်အောင် ချောမွေ့ပြီးထူထည်းတဲ့ ကော်ဇောမျိုးပေါ်မှာရပ်ပါ။
- အလေးအပင်တွေလည်း မ မရဘူးနော်။ မလုပ်မဖြစ် လုပ်ရမယ်ဆိုရင်တော့ ဖြည်းဖြည်းပဲ မပါ။ ရပ်ရင် ခြေနှစ်ဘက်ကို ပခုံးအကျယ်လောက် ရပ်ပေးပါ။ ကုန်းရင်လည်း ဒူးကအရင်ကွေးပြီးမှ ကုန်းပါ။ ဈေးဝယ်ထွက်လို့ လေးနေရင် လက်တစ်ဖက်စီကို အလေးတွေမျှပြီး ခွဲသယ်ပါ။
18 ပတ် မြောက်မှာ သိသင့်သိထိုက်တာလေးတွေ
တစ်ခါတစ်လေ ကိုယ်ဝန်ဆောင်ချိန်မှာ အာသာပြင်းပြပြီး အပူအစပ်တွေကို ပိုစားမိစေပါတယ်။ ကိုယ်အစာအိမ်အခြေနေကြည့်ပြီး ချိန်ဆပါ။ အလွန်အကျွံ အဖြစ်အောင် ဆင်ခြင်ပါ၊၊
ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် အစာခြေစနစ်က စွမ်းဆောင်အားတွေ ကျပါတယ်။ ဇီဝကမ္မလုပ်ဆောင်မှုတွေကျဆင်းလာပြီး အစာအိမ်နဲ့အူတွေမှာ ကျုံ့အားတွေကျလာလို့ အစာချေရပိုခက်စေပါတယ်။ ဒါကြောင့် အစာကိုနည်းနည်းနဲ့ အကြိမ်ရေများများစားပေးဖို့ အကြံပေးပါရစေ။ ရင်ပူရင်ဆာမဖြစ်ရအောင်လို့ပါ။
ဆရာဝန်ဆီ သွားပြရအောင်
ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ
မျက်စိထဲမှာ အစက်သေးသေးလေးတွေ မြင်နေရတယ်လို့ ထင်နေပါသလား။ ကိုယ်ဝန်ဆောင်ဟော်မုန်းကိုပဲ အပြစ်တင်လိုက်ပါ။ ကိုယ်ဝန်ရှိချိန်မှာ မျက်ရည်ထုတ်တာနည်းသွားပြီး မျက်လုံးခြောက်လာလို့ အမြင်တွေ ဝေဝါးရတာပါ။ တကယ်လို့များ နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုပါ ထိခိုက်လာပြီဆို ဆရာဝန်ဆီပြကြပါ။
အမြင်ဝေဝါးရတာက အရည်တွေစုလာလို့လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဆို ဆေးကုသမှုခံယူဖို့ လိုပါတယ်။ ဒါ့ပြင် ဆီးချို၊ သွေးတိုးကြောင့်လည်း ဖြစ်နိုင်ပါ တယ်။
ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲဆက်လေ့လာရအောင်
ဒီလမှာ ဆရာဝန်ဆီမသွားရသေးဘူးဆို ဒီအပတ်ကသွားဖို့ အချိန်ကောင်းပါပဲ။ ဆရာဝန်က ဒုတိယအကြိမ် အာထရာဆောင်းရိုက်ဖို့ ပြောပါလိမ့်မယ်။ ဒါကို ၁၈-၂၂ ပတ် အတွင်း လုပ်လေ့ရှိပါတယ်။ ဒီဒုတိယ ၃ လပတ်မှာ ရိုက်တာက ကလေးရဲ့ ဖွံ့ဖြိုးမှုကို 3D,4D နဲ့ ကောင်းကောင်းမြင်နိုင်ပါတယ်။
ကလေးလေးရဲ့ပုံတွေ ရိုက်ထားလို့ရသလို လှုပ်ရှားမှုတွေကအစ ဗီဒီယိုမှတ်တမ်းတင်ထားလို့ရပါပြီ။ ဒီဒုတိယအကြိမ် စစ်ဆေးမှုက ကလေးနဲ့ သူ့အင်္ဂါ အစိတ်အပိုင်းတွေရဲ့ အရွယ်အစား၊ ရေမြွာရည်ပမာဏ၊ အချင်းနေရာတွေကို ပိုပြီးတိတိကျကျသိနိုင်ပါတယ်။ ကလေးလေးနဲ့ ပိုနီးကပ်လာတယ်လို့ ခံစားစေရမယ့် စိတ်လှုပ်ရှားစရာတစ်မျိုးဖြစ်မှာပါ။
ကျန်းမာဘေးကင်းအောင်နေကြမယ်
ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ
ကျန်းမာဘေးကင်းဖို့ သိသင့်တာလေးတွေပါ။
- ပင်လယ်စာမှာ ပါဝင်တဲ့ ဘေးဖြစ်နိုင်တဲ့ ပစ္စည်းများ
ပင်လယ်စာတွေ စားလို့ရသေးတယ်ဆိုပေမယ့် အနေတော်လောက်ပဲစားပါ။ အထူးသဖြင့် ပင်လယ်စာက အာဟာရအပြည့်အဝပါပေမယ့် အဆိပ်ဖြစ်နိုင်တဲ့ ပိုးသတ်ဆေး၊ ပြဒါးဓာတ်၊ ဓာတုပစ္စည်းတွေပါနိုင်ပါတယ်။ တကယ်လို့ ပင်လယ်စာက အဆိပ်ပမာဏမြင့်သွားရင် ကလေးလေးဖွံ့ဖြိုးတာကို ထိခိုက်နိုင်ပါတယ်။ ဒါပေမယ့် ပင်လယ်စာတိုင်းကို ရှောင်စားနေဖို့တော့မလိုပါဘူး။ ဘယ်ငါးက အဆိပ်ပိုများလဲ၊ များရင်ရှောင်ပြီး အနည်းဆုံးကိုရွေးစားပါ။ အထူးသဖြင့် အဆိပ်များတာကတော့ ပင်လယ်ငါးကြီးတွေပါ။
- အမောပန်းလွန်ခြင်း
လမ်းလျှောက်တဲ့အခါ အသက်ရှူရကျပ်လာရင်၊ လွယ်လွယ်နဲ့မောနေပြီဆိုရင် ရပ်ပြီး အနားယူလိုက်ပါ။ မလဲမချင်း မလုပ်သင့်ပါဘူး။ အလုပ်က ကလေးရော အမေပါ ပင်ပန်းစေပြီး ကျန်းမာရေးကိုထိခိုက်စေပါတယ်။ ကိုယ်ဝန်မရှိခင်ကလို သွက်သွက်လက်လက် မလှုပ်ရှားနိုင်တော့ဘူးဆိုတာ သတိရပါ။
အချိန် အကြာကြီး အလုပ်လုပ်ရမယ်ဆိုလည်း ကြားမှာအနားယူပါ။ အလုပ်တွေပုံလာရင် အထက်လူကြီးကို ပြောပါ။ ကျန်းမာရေးကို ပထမမှာထားပါ။ တစ်ရက်တစ်လေ ခွင့်ယူပြီး နားနားနေနေနေပါ။ အဲနောက်ပိုင်း အလုပ်လုပ်တာ ပိုသွက်လာတာကို တွေ့ရမှာပါ။
၁၉ပတ်မြောက်ရောက်ရင် ဆက်တွေ့မယ်နော်။
[embed-health-tool-pregnancy-weight-gain]