ကိုယ်ဝန်ဆောင်ချိန်မှာ ဟိုဟာမလုပ်ရ၊ ဒီဟာ မလုပ်ရ စသဖြင့် တားမြစ်ချက်တွေ အမျိုးမျိုးကို ကြားဖူးမှာပါ။ ခုခေတ်ကိုယ်ဝန်ဆောင်မေမေတွေက ကိုယ်ဝန်မရှိခင်တည်းက ကိုယ့်ကားကိုယ်မောင်းပြီး သွားလာတတ်ကြသူတွေဆိုတော့ ကိုယ်ဝန်ဆောင်ပြီးရင် ကားမောင်း လို့ရမရ သိချင်နေကြမှာပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ ကားမောင်း လို့ရမရ
အကြမ်းအားဖြင့် ပြောရရင်တော့ ရပါတယ်။ ချွင်းချက်လေးတွေ ရှိပေမယ့် ကိုယ်ဝန်ရှိရုံသက်သက်နဲ့တော့ ကားမောင်းတာကို ရပ်လိုက်စရာ မလိုပါဘူး။ အထူးသဖြင့် ကိုယ်ဝန်နုစဉ်နဲ့ ကိုယ်ဝန်ရင့်ချိန်မှာ ကားမောင်းတာက သာမန်အချိန်တွေမှာ မောင်းတာနဲ အတူတူပဲလို့ ဆိုကြပါတယ်။
ကိုယ်ဝန်ဆောင်တွေ ဒုက္ခရောက်တာ ဒုတိယ ၃လပတ် (၃လကနေ ၆လကြား)ပါ။ ကိုယ်ဝန်ဆောင်တွေ ကားမတော်တဆမှု ဖြစ်တာက ဒီလအပိုင်းအခြားမှာ အဖြစ်များပါတယ်။ ဘာကြောင့်လဲတော့ မသိကြပေမယ့် ကိုယ်ဝန်ဆောင်ဟော်မုန်းတွေကြောင့်လို့ ယူဆကြပါတယ်။
ဒါက လုံးဝမောင်းလို့ မရဘူးလို့ ပြောတာ မဟုတ်ပါဘူး။ ဒီအချက်တွေကို လိုက်နာရင် မေမေတို့ ကားမောင်း လို့ရပါပြီ။
ကိုယ်ဝန်ဆောင်ချိန်မှာ ကားမောင်း မယ်ဆိုရင်
- ခါးပတ်သေချာ ပတ်ပါ။
အများစုက ကိုယ်ဝန်ရှိနေတာကြောင့် ခါးပတ်က ဗိုက်ကို ဖိမိနေမှာစိုးလို့ မပတ်ချင်ကြပါဘူး။ တကယ်က ခါးပတ်က မတော်တဆမှုတွေများ ဖြစ်ခဲ့ရင် မေမေရော ကလေးကိုပါ မထိခိုက်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ခါးပတ်က ဗိုက်ကို ဖိမိမနေဖို့ ပတ်နည်းမှန်ဖို့ လိုပါတယ်။ ခါးပတ်ကြိုးမှာ အောက်ကအစက ဗိုက်ရဲ့ အောက်ကနေ ပင့်တင်ထားသလို ရှိနေပါစေ။ နောက်တစ်စက ပုခုံးစွန်းကနေ ကိုယ်ကို ကန့်လန့်ဖြတ် ရှိနေပါစေ။ ဗိုက်ကို ဖိထားသလိုမျိုး မရှိပါစေနဲ့။
- လက်လှမ်းမီပါစေ။
ကားရဲ့ အရေးကြီး အစိတ်အပိုင်းတွေ ဖြစ်တဲ့ ဘရိတ်လိုမျိုးကို သေချာလက်လှမ်းမီနေပါစေ။ သက်သောင့်သက်သာနဲ့ မောင်းရတဲ့ ပုံစံဖြစ်ဖို့ လိုပါတယ်။ စတီယာရင်က ဗိုက်ကို ဖိမိတာမျိုး မဖြစ်ပါစေနဲ့။
- လေအိတ်အလုပ်လုပ်ပါစေ။
လေအိတ်က ကောင်းကောင်းအလုပ်မလုပ် စစ်ဆေးပါ။ လေအိတ်အပြင် ကားတစ်စီးလုံးမှာ လိုအပ်တာ မှန်သမျှကို မကြာခဏ စစ်ဆေးပါ။
- ဖုန်းမသုံးပါနဲ့။
ကိုယ်ဝန်ဆောင်ချိန်မှာ နဂိုတည်းက ဟော်မုန်းအပြောင်းအလဲတွေဖြစ်ပြီး အာရုံစူးစိုက်မရတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကားမောင်းရင်း အာရုံများစေမယ့် ဖုန်းသုံးတာမျိုး မလုပ်ပါနဲ့။
- ခရီးဝေးမောင်းရင်း ဂရုစိုက်ပါ။
ခရီးဝေးမောင်းတာပဲဖြစ်ဖြစ်၊ မြို့တွင်းမှာ မောင်းတာပဲဖြစ်ဖြစ် တစ်နာရီ တစ်ခါလောက် ကားမောင်းတာရပ်ပြီး အကြောလျှော့ပေးပါ။ ကိုယ်ဝန်ဆောင်က အထိုင်များလို့ မသင့်တော်ပါဘူး။ ကိုယ်ဝန်ကြောင့် နဂိုတည်းက သွေးပျစ်တတ်တာကြောင့် အထိုင်များရင် ပိုဆိုးနိုင်ပါတယ်။ အနည်းဆုံး တစ်နာရီ တစ်ခါလောက် ကားရပ်ပြီး လမ်းလျှောက်ပါ။ ရေများများသောက်ပါ။
ကိုယ်ဝန်ဆောင်များ ကားမမောင်းသင့်တဲ့ အခြေအနေ
ကိုယ်ဝန်ဆောင် ၁၀ယောက်မှာ ၉ယောက်လောက်က ဘာပြဿနာမှမရှိဘဲ အန္တရာယ်ကင်းကင်းနဲ့ ကားမောင်းနိုင်ကြပါတယ်။ ဒါပေမယ့် ဒီလိုအခြေအနေမျိုးဆိုရင်တော့ ကားမမောင်းဖို့ အကြံပေးချင်ပါတယ်။
- ဆရာဝန်က တားမြစ်ထားရင်
ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာ ထိန်းမရအောင် ဆိုးနေလို့၊ အတက်ရောဂါ ရှိလို့ စသဖြင့် ရောဂါအခံတွေကြောင့် ကားမောင်း ဖို့ မသင့်တော်ဘူးလို့ တားမြစ်ထားရင် မမောင်းသင့်ပါဘူး။
- ပျို့အန်တာဆိုးနေရင်
ကိုယ်ဝန်နုချိန်မှာ ပျို့အန်တယ်၊ မူးဝေနေတယ်ဆိုရင် မမောင်းသင့်ပါဘူး။ သတိတစ်ချက်လွတ်သွားတာနဲ့ အန္တရာယ်တွင်းထဲရောက်နိုင်လို့ပါ။
- ကားနဲ့ ကိုယ်နဲ့ အံဝင်ခွင်ကျ မဖြစ်ရင်
ကိုယ်ဝန်မရှိခင်တုန်းကတော့ ကားမောင်းရတာ အဆင်ပြေကောင်း ပြေနိုင်ပါတယ်။ ခုက ဗိုက်လေး ထွက်လာပြီဆိုရင်တော့ မမီမကမ်းမောင်းရတာတွေ ရှိလာနိုင်ပါတယ်။ ကားခုံ၊ စတီယာရင်၊ ဘရိတ်၊ ကားမီး စတာတွေက ကိုယ်နဲ့ လက်လှမ်းမီတဲ့အနေအထား၊ ဘယ်အချိန်မျိုးမှာပဲဖြစ်ဖြစ် သက်သောင့်သက်သာနဲ့ နင်းနိုင်၊ နှိပ်နိုင်တဲ့ အနေအထား ဖြစ်ရပါမယ်။ ကားနဲ့ ကိုယ်နဲ့ အံဝင်ခွင်ကျ သက်သောင့်သက်သာဖြစ်အောင် မညှိနိုင်ရင် မမောင်းတာ ပိုကောင်းပါတယ်။
- ကိုယ်ဝန်ကြောင့် လှုပ်ရှားရတာ ခက်နေရင်
ကိုယ်ဝန်ကြောင့် ခါးနာတယ်၊ လက်ကောက်ဝတ်တွေ နာတယ်၊ မောတယ်၊ ဟိုဘက် ဒီဘက်စောင်းဖို့တောင် ခက်တယ်ဆိုရင် မမောင်းပါနဲ့။ ကားမောင်း ရတာက ဒီထက်ပိုပင်ပန်းပါတယ်။ လက္ခဏာတွေ ပိုဆိုးလာပါလိမ့်မယ်။
- အာရုံစိုက်မရရင်
ကိုယ်ဝန်ဆောင်ချိန်မှာ အာရုံစိုက်ရခက်တာ သဘာဝပါ။ ဟော်မုန်းအပြောင်းအလဲကြောင့် ဟိုမေ့ ဒီမေ့ကလည်း ဖြစ်တတ်ပါတယ်။ ညဘက်တွေလည်း အိပ်ပျော်ဖို့ ခက်တာကြောင့် ခေါင်းလည်း ကြည်ချင်မှ ကြည်မှာပါ။ ဒီလိုမျိုးဆိုရင်တော့ ကားမမောင်းပါနဲ့။ အိပ်ချင်မူးတူး ဖြစ်နေမယ်။ စိတ်နဲ့ လူနဲ့ မကပ်ဘဲ အာရုံထွေပြားနေမယ်ဆိုရင် ကားမမောင်းဖို့ အကြံပေးပါရစေ။
- ဗိုက်နာနေရင်
ကလေးမွေးဖို့ ဗိုက်နာနေရင် ကားမောင်းနိုင်ပါ့မလားလို့ မေးစရာ ရှိပါတယ်။ တချို့မေမေတွေက စိတ်မြန်လွန်းတဲ့အခါကျတော့ ဆေးရုံကားလာတာ၊ တစ်ယောက်ယောက်လာတာကို စောင့်မနေတော့ဘဲ ကိုယ့်ဟာကိုယ် ကားမောင်း ပြီး ဆေးရုံကို သွားတတ်ကြပါတယ်။
ဒီလိုအချိန်မှာတော့ ဒါမျိုးမစွန့်စားသင့်ပါဘူး။ မွေးခါနီးရင် ဗိုက်က ကြာလေနာလေဖြစ်ပြီး ဘယ်လိုမှ အာရုံစိုက်လို့ ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီချိန်လေးမှာတော့ ထက်မြတ်တဲ့ မိန်းမသားတွေ မလုပ်ဘဲ တစ်ယောက်ယောက် အလာကို စောင့်ဖို့ အကြံပေးချင်ပါတယ်။
ကားမတော်တဆဖြစ်တဲ့အခါ မပေါ့ပါနဲ့။
ကားတိုက်မိလို့ ကြီးကြီးမားမား ဒဏ်ရာ ရတာကမှ အရေးကြီးတာ မဟုတ်ပါဘူး။ ဘရိတ်ကြမ်းကြမ်း အုပ်လိုက်မိတာ၊ ကားတိုက်မလို ဖြစ်သွားတာတွေကိုလည်း သတိထားရပါမယ်။ ပြင်ပမှာ ဘာမှထိခိုက်ဒဏ်ရာ မရဘူး။ ကိုယ်ဝန်လည်း ထိခိုက်တဲ့ပုံ မရဘူးဆိုရင်တောင် မပေါ့သင့်ပါဘူး။ အနည်းဆုံးတော့ ဆရာဝန်နဲ့ ပြသပြီး ကလေးအခြေအနေကို စစ်ဆေးသင့်ပါတယ်။
[embed-health-tool-due-date]