backup og meta

ကိုယ်ဝန်ဆောင်နဲ့ ပန်းနာရင်ကျပ်ရောဂါ

ကိုယ်ဝန်ဆောင်နဲ့ ပန်းနာရင်ကျပ်ရောဂါ

ပန်းနာရင်ကျပ်ရောဂါဟာ အဖြစ်များတဲ့ အဆုတ်ရောဂါ တစ်မျိုး ဖြစ်ပါတယ်။ အမြစ်ပြတ်အောင် ကုသလို့ မရနိုင်ပေမယ့် ဆေးတွေနဲ့ ထိန်းချုပ်မယ်၊ ရင်ကျပ်ထစေတာတွေကို ရှောင်မယ်ဆိုရင် လူကောင်းတစ်ယောက်လိုပဲ နေနိုင်ပါတယ်။ ကိုယ်ဝန်လည်း ဆောင်လို့ရပါတယ်။ ဒီဆောင်းပါးမှာတော့ ပန်းနာရင်ကျပ်ရှိသူတွေ ကိုယ်ဝန်ဆောင်မယ်ဆိုရင် ဘာတွေ သတိထားသင့်သလဲ။ ဘယ်လိုဂရုစိုက်ရမလဲဆိုတာကို ပြောပြပေးပါမယ်။ ကိုယ်ဝန်ဆောင်နဲ့ ပန်းနာရင်ကျပ်ရောဂါ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။

ကိုယ်ဝန်ဆောင်နဲ့ ပန်းနာရင်ကျပ်ရောဂါ

ကိုယ်ဝန်ဆောင်နဲ့ ပန်းနာရင်ကျပ်ရောဂါအကြောင်း အတူတူ လေ့လာလိုက်ရအောင်နော်။

ပန်းနာရင်ကျပ်ရှိသူတွေ ကိုယ်ဝန်ဆောင်လို့ ရပါသလား။

ရပါတယ်။ ဒါပေမယ့် ကိုယ်ဝန်မဆောင်ခင်မှာ ဆရာဝန်နဲ့ သေချာတိုင်ပင်ဖို့ လိုပါတယ်။ သောက်လက်စဆေးတွေကို ပြန်ပြဖို့ လိုပါတယ်။ ရောဂါသိပ်ဆိုးနေရင် ကိုယ်ဝန်ဆောင်ဖို့ ခက်နိုင်သလို သောက်လက်စဆေးတွေက ကလေးကို သက်ရောက်မှု ရှိနိုင်တာကြောင့် ကိုယ်ဝန်မယူခင် ဆရာဝန်နဲ့ ပြန်တိုင်ပင်ဖို့ အရေးကြီးပါတယ်။ သေချာကုသထားမယ်ဆိုရင်တော့ အခက်အခဲမရှိဘဲ ကိုယ်ဝန်ဆောင်နိုင်မှာပါ။

ကိုယ်ဝန်ဆောင်ခြင်းကြောင့် ပန်းနာရင်ကျပ်ရောဂါ ပိုဆိုးလာနိုင်သလား

ကိုယ်ဝန်ဆောင်တာကြောင့် ပန်းနာရင်ကျပ်ပိုဆိုးလာမလားဆိုတာကတော့ ပြောရခက်ပါတယ်။ တချို့မိခင်တွေမှာ ပိုပြီးသက်သာလာတာ ရှိသလို ပိုဆိုးလာတာလည်း ရှိပါတယ်။ တချို့ကတော့ ဒီတိုင်းပါပဲ။ ဒီတော့ သိပ်တော့ မစိုးရိမ်ပါနဲ့။ ပန်းနာရင်ကျပ်ဖောက်တဲ့အချိန်မှာ ဆရာဝန်မှာထားတဲ့အတိုင်း လုပ်မယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။

ပန်းနာရင်ကျပ်ကြောင့် ကိုယ်ဝန်မှာ ဘာတွေထိခိုက်လာနိုင်သလဲ။

ပန်းနာရင်ကျပ်က ကောင်းကောင်းထိန်းထားမယ်ဆိုရင် ကိုယ်ဝန်ကို အန္တရာယ်ဖြစ်စေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် မကြာခဏဆိုသလို ပန်းနာရင်ကျပ်ဖောက်လာပြီဆိုရင်တော့

  • ပျို့အန်တာ
  • မိန်းမကိုယ်က သွေးဆင်းတာ
  • ကိုယ်ဝန်ဆိပ်တက်တာ
  • သန္ဓေသား ကြီးထွားဖွံ့ဖြိုးမှု နှောင့်နှေးတာ
  • ကလေးမွေးရခက်တာ
  • လမစေ့ဘဲ မွေးတာ
  • ပေါင်မပြည့်တာ
  • ကလေးအသက်အန္တရာယ်ထိခိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ပန်းနာရင်ကျပ်ဆေးတွေ သုံးစွဲဖို့ အန္တရာယ်ကင်းရဲ့လား။

ဆေးတွေကတော့ ကလေးဆီ အနည်းနဲ့ အများ သက်ရောက်နိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်က ကောင်းကျိုး ဆိုးကျိုး ချိန်ဆပြီး အန္တရာယ်အကင်းဆုံး ဆေးတွေကို ပေးမှာ ဖြစ်ပါတယ်။ မိခင်ဘက်က လိုက်နာသင့်တာတွေကတော့

  • ကလေးကို ထိခိုက်မှာ စိုးရိမ်ပြီး ဆရာဝန်ညွှန်ထားတဲ့ ဆေးတွေကို မသောက်တာ၊ မရှူတာ
  • ဆေးပမာဏကို ကိုယ့်သဘောနဲ့ကိုယ် အတိုးအလျှော့လုပ်တာ၊ ရပ်တာတွေ မလုပ်ပါနဲ့။

ပန်းနာရင်ကျပ်ရှိတဲ့ မိခင်တွေ ကျန်းကျန်းမာမာကိုယ်ဝန်ဆောင်နိုင်ဖို့

ဆရာဝန်နဲ့ ရက်ချိန်းမှန်မှန်ပြပါ။

ရက်ချိန်းတွေမှန်အောင်ပြပြီး ကိုယ့်မှာဖြစ်တဲ့ ဝေဒနာပြောပြ၊ ကိုယ်သိချင်တာမေးပါ။ ပန်းနာရင်ကျပ်နဲ့ ပတ်သက်တဲ့ မှတ်တမ်းလေး လုပ်ထားပြီး ဆရာဝန်ကို ပြန်ပြပါ။ ဒါမှ ဒီလမှာ ဘယ်နှခါကျပ်လဲ၊ ညဘက်တွေ ဘယ်နှညလောက် ကျပ်လဲ၊ ဆေးတွေ အတိုးအလျှော့လုပ်ဖို့ လိုမလို သိမှာပါ။

ပေးထားတဲ့ဆေးကို ညွှန်ကြားချက်အတိုင်းသောက်ပါ။

ကိုယ်သောက်နေရတဲ့ ဆေးတွေနဲ့ပတ်သက်ပြီး စိုးရိမ်တာတစ်ခုခုရှိရင် ဆရာဝန်နဲ့မတိုင်ပင်ဘဲ အပြောင်းအလဲမလုပ်ပါနဲ့။ ကိုယ့်သဘောနဲ့ကိုယ် ဆေးကို မရပ်ပါနဲ့။

ဆေးလိပ်ငွေ့တွေနဲ့ ဝေးဝေးရှောင်ပါ။

ဆေးလိပ်ငွေ့တွေက ပန်းနာရင်ကျပ်ကို ပိုဆိုးစေနိုင်တဲ့အပြင် ကိုယ်တိုင်နဲ့ ကလေးအတွက်လည်းတခြားကျန်းမာရေးပြဿနာတွေ ရှိလာစေနိုင်ပါတယ်။ အိမ်မှာ ဆေးလိပ်ပေးမသောက်ပါနဲ့။ အပြင်သွားရင်လည်း ဆေးလိပ်ငွေ့တွေနဲ့ ဝေးဝေးရှောင်ပါ။

ရင်ကျပ်စေတဲ့ အရာတွေကို သတိထားပြီးရှောင်ပါ။

ပန်းနာရင်ကျပ်ကို ပိုဆိုးစေနိုင်တဲ့ အရာတွေက တစ်ယောက်နဲ့ တစ်ယောက်မှာ မတူကြပါဘူး။ တချို့တွေမှာ ဆေးလိပ်ငွေ့၊ အမှုန်တွေ၊ ဝတ်မှုန်၊ ဖုန်မှုန့် တို့လို ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့အရာတွေကို ရှူမိတာနဲ့ ကျပ်တာမျိုးတွေ ရှိပါတယ်။ ကိုယ်နဲ့ မတည့်တာကို သတိထားပြီး မှတ်ထားပါ။ အဲဒါတွေကိုရှောင်မယ်ဆိုရင် ပန်းနာရင်ကျပ်ခံစားရတာနည်းပြီး ဆေးသိပ်မကူရတော့ဘူးပေါ့။

စားချဉ့်ရည်ပြန်တက်ခြင်း (GERD) မဖြစ်အောင် ထိန်းပါ။

GERDဆိုတာ အစာခြေရည်ပြန်ဆန်တက်ပြီး ရင်ပူခြင်းဖြစ်စေတဲ့ နာတာရှည်အစာခြေစနစ်ရောဂါတစ်မျိုးပါ။ သူ့ကြောင့် ပန်းနာရင်ကျပ်ကိုပိုဆိုးစေနိုင်ပါတယ်။ GERD ဖြစ်တတ်တယ်ဆိုရင် အိပ်တဲ့အခါ ခေါင်းအုံးကို မြှင့်ထားဖို့၊ အစားကို နည်းနည်းချင်းအကြိမ်ရေခွဲစားဖို့၊ အစာစားပြီး ၃ နာရီအတွင်း လှဲမအိပ်ဖို့၊ ရင်ပူစေမယ့် အစားအစာတွေကို ရှောင်ဖို့ သိထားသင့်ပါတယ်။

အရေးကြီးလက္ခဏာတွေကို သိထားသင့်တယ်။

ချောင်းဆိုးတာ၊ ရင်ထဲကျပ်နေတာ၊ အသက်ရှူုမဝတော့တာ၊ အသက်ရှူသံတရွှီရွှီမြည်လာတာလိုမျိုး ပန်းနာရင်ကျပ်ပိုဆိုးလာပြီဆိုတဲ့လက္ခဏာတွေကိုစောစောသိထားဖို့ အရေးကြီးပါတယ်။ လိုအပ်လာရင် ဆရာဝန်အမြန်ဆုံးပြနိုင်ဖို့လိုပါတယ်။ အိမ်မှာ ရင်ကျပ်လာလို့ ဆေးရှူပြီး သက်သာသွားရင်လည်း ကလေးကို စောင့်ကြည့်ပါ။ လှုပ်နေကျ အချိန်တွေမှာ မလှုပ်တော့ရင်၊ အလှုပ်နည်းသွားရင်  ဆရာဝန်နဲ့ ချက်ချင်း (ညသန်းခေါင်ဖြစ်ပါစေ) သွားပြဖို့ လိုပါတယ်။

Omega – 3 Fatty acids သောက်ပါ။

သုတေသနတချို့အရ ကိုယ်ဝန်ဆောင်ချိန်အတွင်း မိခင်က Omega – 3 fatty acids သောက်သုံးရင် မွေးလာတဲ့ကလေးမှာ ပန်းနာရင်ကျပ်ဖြစ်နိုင်ခြေ သိသိသာသာလျော့နည်းစေတယ်လို့ ဆိုကြပါတယ်။ Omega-3 ကိုသောက်ခြင်းအားဖြင့် ငါးသိပ်မစားတဲ့ မိခင်လောင်းတွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်ကို ရရှိစေမှာဖြစ်ပါတယ်။

Omega-3က ကိုယ်ဝန်ဆောင်အားဆေးတွေမှာလည်း ပါတတ်ပါတယ်။ တကယ်လို့ မိခင်က အားဆေးသောက်ချင်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။

ရေးသားသူ− Dr Aye Myat Myat Noe

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Pregnancy and asthma: Managing your symptoms. http://www.mayoclinic.org/healthy-lifestyle/pregnancy-week-by- week/in-depth/pregnancy- and-asthma/art- 20047303. Accessed date July 20, 2017

Asthma and  Pregnanacy https://www.lung.org/lung-health-diseases/lung-disease-lookup/asthma/managing-asthma/asthma-and-pregnancy#:~:text=Asthma%20symptoms%20can%20improve%2C%20stay,asthma%20attack%20during%20their%20pregnancy Accessed date Jan 9, 2023

Asthma and Pregnncy https://www.nhs.uk/pregnancy/related-conditions/existing-health-conditions/asthma/. Accessed date Jan 9, 2023

Asthma during Pregnanacy https://aafa.org/asthma/living-with-asthma/asthma-during-pregnancy/12 Accessed date Jan 9, 2023

Asthma in Pregnanacy https://www.msdmanuals.com/professional/gynecology-and-obstetrics/pregnancy-complicated-by-disease/asthma-in-pregnancy Accessed date Jan 9, 2023

ယခုပုံစံ

24/01/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပန်းနာရင်ကျပ် (Asthma) အကြောင်း ဘာတွေသိထားဖို့လိုအပ်မလဲ

ကိုယ်ဝန်ဆောင် မေမေ အချိုစားများတာက မွေးလာမယ့် ဘေဘီလေးမှာ ပန်းနာရင်ကျပ်ဖြစ်စေနိုင်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 24/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement