backup og meta

ကိုယ်ဝန်ကြောင့် တက်လာတဲ့ ဆီးချို ကိုယ်ဝန်အပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလဲ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 09/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ကြောင့် တက်လာတဲ့ ဆီးချို ကိုယ်ဝန်အပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလဲ ။ ။

    ကိုယ်ဝန်ကြောင့် တက်လာတဲ့ ဆီးချို အကြောင်းကြားဖူးကြမယ်လို့ ထင်ပါတယ်။ ဒါကို Gestational diabetes လို့ခေါ်ပါတယ်။ မျိုးရိုးထဲမှာလည်း ဆီးချိုမရှိ၊ ကိုယ့်မှာလည်း ဆီးချို ရှိနေတာ မဟုတ်ဘဲနဲ့ ကိုယ်ဝန်ဆောင်မှ ဆီးချိုဖြစ်ဖူးတဲ့ သူတွေရှိကြမှာပါ။ ဆီးချိုဆိုတဲ့ ရောဂါကလည်း အစားအသောက်ရှောင်ရပြီး ပြန်မပျောက်တတ်တော့ လူတိုင်းကကြောက်ကြတာပေါ့။

    ကိုယ်ဝန်ကြောင့် ဖြစ်တဲ့ ဆီးချိုတက်ခြင်းတွေက မီးဖွားပြီးရင်တော့ ပြန်ပျောက်သွားလေ့ရှိတယ်ဆိုပေမယ့် မီးဖွားဖို့ဆိုတာကလည်း ၁၀ လကြီးများတောင်လိုတာဆိုတော့ ကိုယ်ဝန်ဆောင်ချိန်တက်လာတဲ့ ဆီးချိုဟာ ဒီ ၁၀ လအတွင်း ကိုယ်ဝန်အပေါ်မှာ၊ သန္ဓေသားအပေါ်မှာ မိခင်အပေါ်မှာ သက်ရောက်မှုတွေ အများကြီးရှိမှာပါ။ ဘာတွေလဲဆိုတာ ကြည့်ရအောင် ။ ။

    ကိုယ်ဝန်သက်ဘယ်လောက်ဆို ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ ဆီးချိုစဖြစ်တတ်လဲ ။ ။

    ကိုယ်ဝန်ဆောင်တဲ့ မိခင်တိုင်း ဒီလို ဆီးချို ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ ဒီလို ကိုယ်ဝန်ဆောင်ချိန်တက်လာတဲ့ ဆီးချိုဟာ အချင်းကနေထုတ်တဲ့ human placental lactogen ကြောင့် ဖြစ်ရတာပါ။ Human placental lactogen ဟော်မုန်းက အင်ဆူလင်ဟော်မုန်းရဲ့ အာရုံခံနိုင်စွမ်းကို လျော့ကျအောင် လုပ်လိုက်တာကြောင့် သွေးတွင်းသကြားဓာတ်တွေတက်လာရတာပါ။

    ဒီလို ကိုယ်ဝန်ဆောင်ကြီးနဲ့ ဆီးချိုဖြစ်တာက ကိုယ်ဝန်သက် ၂၄ပတ် ကနေ ၂၈ပတ်အတွင်းမှာ စဖြစ်လာတတ်ပါတယ်။ မျိုးရိုးလည်းမရှိ၊ အရင်တည်းက ဆီးချိုမရှိဘဲနဲ့လည်း ဖြစ်နိုင်သလို ကိုယ်ဝန်ဆောင်ပြီး တစ်သက်လုံးဆက်ရှိသွားတတ်တာမျိုးလည်း မဟုတ်ပါဘူး။ တစ်ခုရှိတာက ကိုယ်ဝန်ရှိချိန်မှာ ဆီးချိုတတ်ဖူးတဲ့သူတွေဟာ နောက်ပိုင်းကျရင် အမျိုးအစား ၂ ဆီးချိုဖြစ်နိုင်ချေတော့ များတတ်ပါတယ်။

    ကိုယ်ဝန်ကြောင့် တက်လာတဲ့ ဆီးချိုက ကိုယ်ဝန်အပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလဲ ။ ။

  • မွေးလာတဲ့ ကလေးပေါင်များခြင်း
  • ကိုယ်ဝန်ကြီးနဲ့ ဆီးချိုဖြစ်နေတဲ့ မိခင်တစ်ယောက်က မွေးလာတဲ့ ကလေးရဲ့ အလေးချိန်ဟာ ပုံမှန်ဖြစ်တဲ့ ၅ပေါင် ၈ အောင်စထက်ကို များနေပါလိမ့်မယ်။ ဒီလို ကလေးကြီး နေတာကြောင့် မီးဖွားတဲ့အခါ မွေးလမ်းကြောင်းကို ကလေးက ဆင်းရခက်သလို၊ မိခင်ဘက်ကလည်း ညှစ်ရလွန်းအားကြီးပြီး မိန်းမကိုယ်ပြဲသွားတာမျိုးတွေ ဖြစ်တတ်တာကြောင့် မီးဖွားရခက်ခြင်းကို ဖြစ်စေမှာပါ။

    • ခွဲမွေးရတတ်ခြင်း

    ကလေးက ကြီးလွန်းလို့ ရိုးရိုးမွေးဖို့ မလွယ်တဲ့အခါ ခွဲမွေးရတတ်ပါတယ်။ ဒီအခါ ခွဲမွေးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတချို့ကို ခံရမှာပါ။ ဒါ့ပြင် ဆီးချိုကြောင့် အနာကျက်ဖို့ ခက်ခဲတာမျိုးပေါ့။

    • ကိုယ်ဝန်ဆိပ်တက်ခြင်း

    ကိုယ်ဝန်ကြောင့် ဆီးချိုတက်နေတဲ့ ဝေဒနာခံစားရတဲ့ အမျိုးသမီးတွေဟာ တစ်ချိန်တည်းမှာပဲ သွေးပေါင်ပါ ဆက်တက်နိုင်တဲ့အတွက် ကိုယ်ဝန်ဆိပ်တက်တဲ့ ဝေဒနာကိုပါ ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆိပ်တက်ခြင်းဟာ အချိန်မတိုင်ခင် မီးဖွားစေနိုင်သလို အခန့်မသင့်ရင် သွေးခဲတဲ့ ဝေဒနာကိုပါ ခံစားရစေပြီး မိခင်ကိုလေဖြတ်စေနိုင်ပါတယ်။

    • Shoulder Dystocia ကလေးပခုံးတစ်နေခြင်း

    တက်နေတဲ့ ဆီးချိုကြောင့် များလာတဲ့ သွေးတွင်းသကြားဓာတ်တွေဟာ အချင်းကနေဖြတ်ပြီး ကလေးဆီကို ရောက်ကုန်တဲ့အတွက် ဗိုက်ထဲက ရင်သွေးလေးဟာ ပုံမှန်ထက်ပိုပြီး ကြီးထွားနေရတာဖြစ်ပါတယ်။ အထူးသဖြင့် ကလေးပခုံးနဲ့ ဗိုက်တို့လို နေရာမျိုးတွေက ပိုကြီးနေတတ်ပြီး မီးဖွားတဲ့အခါ မွေးရခက်တတ်ပါတယ်။ ဒါကြောင့်လည်း ခွဲမွေးရတတ်ပါတယ်။

    ဆီးချိုရှိသူ အမျိုးသမီးတွေက မရှိသူတွေထက်စာရင် နေ့မစေ့ လမစေ့ မွေးနိုင်ခြေ ပိုများပါတယ်။ နေ့မစေ့ လမစေ့ မွေးတဲ့အတွက် ကလေးရဲ့ ကိုယ်တွင်းအင်္ဂါတွေ (အထူးသဖြင့် အဆုတ်က) ကောင်းကောင်း မဖွံ့ဖြိုးသေးတာကြောင့် နောက်ဆက်တွဲ ပြဿနာတွေ ခံစားရနိုင်ပါတယ်။

    • ကလေးအသေမွေးခြင်း

    ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ ဆီးချိုရဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ကလေးအသေမွေးတာလည်း ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ဆီးချိုကောင်းကောင်း မထိန်းနိုင်ရင်ပါ။

    • ကလေးမှာ သွေးတွင်းသကြားဓာတ်နည်းခြင်း

    အမေ့ရဲ့  တက်နေတဲ့ သွေးတွင်းသကြားဓာတ်တွေက ကလေးဆီကို ရောက်သွားတဲ့အတွက် ကလေးရဲ့ ပန်ကရိယက အင်ဆူလင်တွေ အများကြီး ထုတ်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့ ကြိုးစားပါတယ်။ မွေးလည်းပြီးရော အမေ့ဆီက သကြားဓာတ်က ကလေးဆီ မရောက်တော့ပေမယ့် အင်ဆူလင်က များနေသေးတာကြောင့် သွေးတွင်းသကြားဓာတ် ထိုးကျသွားတတ်ပါတယ်။

    ဒါဆို ကိုယ်ဝန်ကြောင့် ဆီးချိုဖြစ်လာပြီဆိုတာနဲ့ ဒါတွေ အားလုံး အကုန်ဖြစ်တော့မှာလား။ ။

    အပေါ်မှာ ပြောခဲ့တဲ့ ဆိုးကျိုးတွေက သွေးတွင်းသကြားဓာတ်ကို သေချာ မထိန်းမှသာ ဖြစ်လာနိုင်တာတွေပါ။ ကိုယ်ဝန်ဆောင်ဆီးချိုက တခြားဆီးချိုရောဂါတွေလိုပါပဲ။ ဆေးဝါးတွင် အစားအသောက်တွေနဲ့ပါ ထိန်းရတာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ဆီးချိုရှိတယ်ဆိုရင် ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းထားဖို့ အရေးကြီးပါတယ်။ ဒါမှ နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်မှာပါ။

    ကိုယ့်မှာ ကိုယ်ဝန်ကြောင့် ဆီးချိုတက်နေကြောင့် ဘယ်လိုသိနိုင်မှာလဲ ။ ။

    ကိုယ်ဝန်ကြောင့် ဆီးချိုတက်တာက တခြားဆီးချိုတွေကိုပဲ လက္ခဏာမပြတတ်ပါဘူး။ ဒါကြောင့် ကိုယ်ဝန်အပ်တဲ့အခါ၊ ရက်ချိန်းပြတဲ့အခါ သွေးတငွင်းသကြားဓာတ်ကို စစ်ကြည့်တာပါ။ ဒါပေမယ့် လက္ခဏာပြခဲ့မယ်ဆိုရင်တော့

    • ရေငတ်ခြင်း
    • အာခြောက်ခြင်း
    • ဆီးခဏခဏသွားခြင်း
    • မောပန်းခြင်း
    • မှက္ခရုကဲ့သို့ ရောဂါမကြာခဏဖြစ်ခြင်း
    • အချိုတွေ စားချင်နေခြင်း စတာတွေ ခံစားရမှာပါ။

    အကောင်းဆုံးကတော့ ကိုယ်ဝန်ရှိနေပြီဆိုတည်းက ဆရာဝန်ဆီမှာ သေချာအပ်ပြီး ကိုယ်ဝန်ရော မိခင်ရဲ့ ကျန်းမာရေးကိုရော တစ်လပြီးတစ်လ စောင့်ကြည့်စစ်ဆေးနေတာ အကောင်းဆုံးပါ။ ပြဿနာတစ်စုံတစ်ရာရှိလာခဲ့ရင်လည်း ဆေးကုသမှု လက်ဦးထားလိုက်ရင် အဆိုးဆုံးတွေ ဖြစ်လာတော့မှာ မဟုတ်တဲ့အတွက်ကြောင့် ကိုယ်ဝန်ရှိပြီဆိုတည်းက သက်ဆိုင်ရာ သားဖွားဆေးခန်းတွေမှာ သေချာ ဗိုက်အပ်သင့်ပါတယ်။ ။

    ရေးသားသူ− Dr Thin Yadanar @ Frances

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 09/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement