backup og meta

5 ပတ်

5 ပတ်

5 ပတ် မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ

5 ပတ် မြောက် သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်

အခုဆို ကလေးလေးက နှမ်းစေ့လောက်ပဲ ရှိပါတယ်။ ကလေးပုံထက် ဖားလောင်းသေးသေးလေးနဲ့ ပိုတူနေပါတယ်။ ဒီအခြေနေရောက်ရင် သန္ဓေသားလေးက ဆဲလ်အရေအတွက် တော်တော်များလာပါပြီ။ အာရုံကြောမြောင်းမကြီးက သန္ဓေသားအာရုံကြောမကြီးတစ်လျှောက် ပေါ်လာပါတယ်။ အဲဒီကနေ ဦးနှောက်ဖြစ်လာပါတယ်။ သန္ဓေသားရဲ့အလယ်မှာရှိတဲ့ ဖောင်းနေတဲ့နေရာကနေ နှလုံးဖြစ်လာပါတယ်။ တစ်ချိန်ထဲမှာ အချင်းနဲ့ လက်ချောင်းပုံ တခြားအမြှေးပါးတွေလည်း စပြီးဖွံ့ဖြိုးလာပါတယ်။ မေမေ့ဆီက အာဟာရတွေ အချင်းနဲ့အာဟာရပေးမယ့် အမြှေးပါးဆီကနေ သန္ဓေသားလေးဆီရောက်ပါပြီ။

ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ

ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်

အရမ်းကို ပျော်ရွှင်နေပြီးတော့မှ ရုတ်တရက် စိတ်ဖိစီးမှုတွေများလာတာမျိုး ဖြစ်ဖူးကြလားမသိဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာတော့ ဒီလိုခံစားချက်အပြောင်းအလဲအရမ်းဖြစ်လွယ်ပါတယ်။ ပျော်လိုက်၊ စိတ်ဓာတ်ကျလိုက်၊ ဒေါသထွက်လိုက်၊ အားငယ်သလို ခံစားရလိုက်နဲ့ အမြဲပြောင်းလဲနေတတ်ပါတယ်။ တစ်နာရီအတွင်းကို ဒီခံစားချက်တွေ အကုန်ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။

အခုချိန်က ဟော်မုန်းတွေ သိသိသာသာ မြင့်တက်နေတော့ စိတ်ခံစားချက်က အမြဲပြောင်းနေမှာပါ။ သိပ်ပြီးစိတ်မပူပါနဲ့။ ကိုယ်ဝန်ဆောင်တယ်ဆိုတာ ဘဝမှာကြီးမားတဲ့ အချိုးအကွေ့တစ်ခုပဲဟာ၊၊ ဘယ်သူက စိတ်မလှုပ်ရှားဘဲနေမှာလဲ။

မူမမှန်တဲ့ ခံစားချက်တွေက ဒုတိယလမှာ အဆိုးဆုံးပါပဲ။ တစ်ခါတစ်လေ နောက်ဆုံးလမှာ ပြန်ပေါ်လာတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီး ၁၀-၁၂%က စိတ်ဖိစီးမှုကို ခံစားနေရပါတယ်။ ဒီဖိစီးမှုပမာဏက မီးဖွားပြီး စိတ်ဖိစီးမှုကို ခံစားနေရတဲ့သူ ပမာဏနဲ့ တူတူနီးပါးရှိပါတယ်။ ကိုယ်ဝန်ဆောင်နေတုန်း ဘယ်ချိန်မဆို စိတ်ဖိစီးမှုကို ၂ပတ်ထက် ပိုခံစားနေရပြီဆိုရင်တော့ ဆရာဝန်ဆီက အကြံဉာဏ်တောင်းပြီး ကုသမှုခံယူသင့်ပါတယ်။

သိသင့်သိထိုက်တာလေးတွေ

အားကစားရော လုပ်လို့ရလား။

ပေါ့ပေ့ါပါးပါးအားကစားနည်းတွေက ကြွက်သားတွေ ခံနိုင်အားတိုးစေပါတယ်။ အားကစားလုပ်တာ ကောင်းကျိုးတွေ အများကြီးရပါတယ်။

  • အလေးချိန်(ဗိုက်)ကို ပိုပြီးသယ်ထားနိုင်စေပါတယ်။
  • နာကျင်ကိုက်ခဲတာတွေကို လျော့စေပါတယ်။
  • စိတ်ဖိစီးမှုကို လျှော့ချပေးပြီး စိုးရိမ်စိတ်၊ စိတ်ဓာတ်ကျတာကို ကာကွယ်ပေးပါတယ်။
  • အဓိကကြွက်သားတွေကို ဖြေလျှော့ပေးပြီး မီးဖွားဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးပါတယ်။

ပေါ့ပေါ့ပါးပါးအားကစားတွေဆိုတာ လမ်းလျှောက်တာ၊ ရေကူးတာ၊ ယောဂကျင့်တာတွေကို ဆိုလိုတာပါ။ ကိုယ်နဲ့အဆင်ပြေတာကိုရွေးပြီး နေ့တိုင်းပုံမှန်လုပ်လို့ ရပါတယ်။ အားကစားနည်းအသစ်တွေလုပ်တိုင်း ဆရာဝန်နဲ့တိုင်ပင်ပြီး လုပ်ကြဖို့မမေ့နဲ့နော်။

ဆရာဝန်ဆီ သွားပြရအောင်

ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ

မီးမဖွားမီ ကိုယ်ဝန်အပ်တာ စောစောလုပ်တာ ကောင်းပါတယ်။ ကျန်းမာရေးစစ်ဆေးတာကို ပုံမှန်လုပ်ဖို့လည်း မမေ့နဲ့နော်။ ကလေးရော အမေရာ ကျန်းမာဖို့ ကိုယ်ဝန်အပ်တာက အရေကြီးပါတယ်။

ပထမဆုံးသွားပြတဲ့အခါ (ကိုယ်ဝန်၈ပတ်လောက်မှ သေချာသတိထားမိပြီး ပြဖြစ်ကြပါတယ်၊၊) ရောဂါထွေထွေထူးထူးမဖြစ်အောင် ကာကွယ်ဖို့ စမ်းသပ်စစ်ဆေးတာတွေ လုပ်ပါလိမ့်မယ်။ အရေးကြီးဆုံးအချက်က ရက်ရွေးပြီး ရက်ချိန်းယူထားဖို့ပါ။ စွဲသောက်နေတဲ့ဆေးတွေကို ဆရာဝန်သိအောင် ပြောပြဖို့လိုပါတယ်။

ဆရာဝန် မညွှန်းထားတဲ့ ဆေးတွေက စိတ်မချရပါဘူး။ နာတာရှည်ရောဂါတစ်ခုခုကြောင့် ဆေးသောက်နေရတယ်ဆိုရင်တော့ ချက်ချင်းမရပ်လိုက်သင့်ပါဘူး။ ဒါကြောင့် ဘယ်ဆေး၊ အစားအစာ၊ ဆေးဖက်ဝင်အပင်တွေက အန္တရာယ်ရှိလဲဆိုတာ ဆရာဝန်နဲ့တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲ ဆက်လေ့လာရအောင်

ဆရာဝန်ဆီသွားပြရင် ခန္ဓာကိုယ်ကို စစ်ဆေးမှုလုပ်ပါလိမ့်မယ်နော်။ အရပ်၊ အလေးချိန်၊ သွေးဖိအားကအစ မေမေလောင်းလေးတွေရဲ့တစ်ကိုယ်လုံးခြုံပြီး စစ်ဆေးမှုတွေလုပ်မှာပါ။

တင်ပါးဆုံရိုးစစ်ဆေးတာ အရေးကြီးပါတယ်။ မိန်းမကိုယ်စစ်ဆေးတဲ့အခါ သားအိမ်လည်တံ၊ သားအိမ်ဝတွေကိုပါ စစ်ဆေးဖို့ လိုပါတယ်၊၊

5 ပတ် မြောက်မှာ ကျန်းမာဘေးကင်းအောင်နေကြမယ်

ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအားကျနေပါတယ်။ ရောဂါတွေ ဝင်လွယ်ပါတယ်။ တချို့အစာတွေကို ရှောင်တာမျိုးတွေ လုပ်ဖို့လိုပါမယ်နော်။ ဘက်တီးရီးယား၊ ကပ်ပါးကောင်တွေကြောင့်ဖြစ်တဲ့ အစားမှားလို့ဖြစ်တဲ့ရောဂါတွေက မွေးရာပါ ချို့ယွင်းချက်ပါတာတို့၊ ပျက်ကျတာတို့ပါ ဖြစ်စေနိုင်ပါတယ်။ ရှောင်သင့်တဲ့အစာတွေကို အောက်မှာပြပေးပါမယ်နော်။

  •  ပိုးမသတ်ထားတဲ့ချိစ်(လတ်ဆတ်တယ်လို့ ကြော်ငြာတတ်ပါတယ်)၊ ချိစ်ဖြူ၊ ဆိတ်နို့ချိစ်၊ အချဉ်ဖောက်ထားတဲ့ချိစ်၊ ချိစ်ဝါ၊ ချိစ်ပြာတို့တွေ ပါပါတယ်။
  • ပိုးမသတ်ထားတဲ့နို့၊ ဖျော်ရည်၊ ပန်းသီးရှာလကာရည်
  •  ဥအစိမ်း၊ ဥအစိမ်းနဲ့ လုပ်ထားတဲ့ အစားအစာတွေ
  • အစိမ်း ဒါမှမဟုတ် မကျက်တကျက်ဖြစ်နေတဲ့အသားငါး
  • မာကျူရီများတဲ့ငါး ဥပမာ-ငါးမန်း၊ ဓားရှည်ပုံပင်လယ်ငါးတစ်မျိုး၊ ပင်လယ်ငါးကြီးများ

ကပ်ပါးကောင်ကဖြစ်တဲ့ တော့ဆိုပလတ်စမိုးစစ်ရောဂါက ကြောင်အပေါ့အလေးစွန့်တဲ့ဗန်းကနေ ကူးနိုင်လို့ ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ယောက်ယောက်ကို သိမ်းခိုင်းတာပိုကောင်းပါတယ်။

ဒီအပတ်အတွက် အဆင်ပြေပါစေ။ နောက်အပတ် ၆ပတ်မြောက်အတွက်ကို ဆက်ပြောပြပေးထားပါတယ်နော်။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Poppy seed to pumkin: How big is your baby? http://www.babycenter.com/slideshow-baby-size Accessed date: 06/06/2015.

Your pregnancy – 5 weeks http://www.babycenter.com/6_your-pregnancy- 5-weeks_1094.bc accessed date 06/06/2015.

Pregnancy Calendar – week 5
http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week5.html
accessed date 06/06/2015.

 

ယခုပုံစံ

02/02/2024

Hmwe San Eain မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်ချိန် အကင်စားလို့ ရမရ

6 ပတ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hmwe San Eain မှ ရေးသားသည်။ · 02/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement