backup og meta

အလုပ်များတဲ့ မေမေတွေ ကလေးကို အစာကျွေးမွေးရာမှာ အထောက်အကူဖြစ်စေမယ့် အကြံပြုချက်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အလုပ်များတဲ့ မေမေတွေ ကလေးကို အစာကျွေးမွေးရာမှာ အထောက်အကူဖြစ်စေမယ့် အကြံပြုချက်များ

    ဒီကနေ့ခေတ်မှာက လင်ရယ် မယားရယ် ဒိုးတူဘောင်ဘက် ရှာဖွေလုပ်ကိုင်စားသောက်ကြတဲ့ မိသားစုတွေများလာပါတယ်။ ဒီတော့ နေ့စဉ်လုပ် လုပ်ငန်းခွင်အလုပ်တွေ၊ အိမ်မှုကိစ္စတွေနဲ့ အလုပ်များနေတဲ့ မိန်းမသားတွေကလည်း တစ်နေ့တခြား ပိုပိုများပြားလာပါတယ်။

    အိမ်ထောင့်ဝင်ငွေအတွက် မိမိတတ်သိထားတဲ့ ပညာနဲ့ တစ်ဖက်တစ်လမ်းက ဝင်ငွေရှာဖွေနေတဲ့ လေဒီတွေအတွက် နေ့စဉ်နဲ့အမျှ အားလပ်ချိန်ရယ်လို့ သိပ်တောင်မရှိလှပါဘူး။

    တကယ်လို့ ကိုယ့်မှာ အိမ်ရဲ့ ဆည်းလည်း သားသားမီးမီးကလည်း ရှိနေမယ်ဆိုရင်တော့ အလုပ်မအားလပ်မှုတွေကြားကနေ ကလေးကို နေ့စဉ် ကျွေးဖို့မွေးဖို့၊ နို့ချိုတိုက်ကျွေးဖို့ ကိစ္စတွေကို စီမံရတာက မိခင်တွေရဲ့ ဝတ္တရားတစ်ခုဖြစ်လာပါတော့တယ်။

    ကလေး အသက် ၆ လထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးဖို့သင့်ပါတယ်။ မိခင်နို့မှာ ပါဝင်တဲ့ အာဟာရတွေက ကလေးတွေ ကောင်းကောင်းကြီးထွားဖွံ့ဖြိုးနိုင်ဖို့နဲ့ ဉာဏ်ရည်ထက်မြက်စေဖို့ အထောက်အကူဖြစ်စေပါတယ်။ တကယ်လို့ ကိုယ့်ကလေးအသက် ၆ လ ပြည့်ပြီးပြီ ဆိုရင်တော့ ဖြည့်စွက်စာတွေ စပြီး ကျွေးပေးလို့ ရပါပြီ။

    ဒီလိုအချိန်မှာ ကလေးတွေရဲ့သဘာဝအရ မေမေတွေ စားသမျှကို လိုက်ကြည့်ရင်း စားချင်တတ်တယ်။ တချို့သော အစားအစာတွေဟာ အာဟာရဖြစ်ပေမယ့် ကလေးတွေအတွက်တော့ အစာခြေရခက်စေနိုင်တယ်။ တချို့သောအစားအစာတွေကတော့ ကလေးတွေနဲ့ မသင့်လျော်ဘူး။ မာလွန်းတဲ့ အစားအစာတွေ၊ လည်ချောင်းနင်စေနိုင်လောက်တဲ့ အစားအစာတွေဆိုရင် ကလေးတွေကို မကျွေးသင့်ပြန်ဘူး။

    မိခင်တစ်ယောက်အနေနဲ့တော့ ကလေးကို အစာကျွေးမွေးတော့မယ်ဆိုရင် ဒီအချက်တွေကို တွေးရပူရ စဉ်းစားရနဲ့မို့ ပင်ပန်းလွန်းရတတ်ပြန်ပါတယ်။ အလုပ်ကလည်းများ၊ ကလေးအတွက်လည်း ပူရနဲ့ သောကမပွားရစေဖို့ မေမေတို့အတွက် အကြံပြုချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

    သားသားမီးမီး အစာကျွေးမွေးမှုအတွက် အကြံပြုချက်များ

    အာဟာရ ပြည့်ဝတာတွေကို ပြင်ဆင်ကျွေးမွေးပါ – ကလေးကို ကျွေးမွေးသမျှ အစားအစာတိုင်းကို ဂရုတစိုက်နဲ့ ပြင်ဆင်ကျွေးမွေးပါ။ အာဟာရပြည့်ဝဖို့နဲ့ ကျန်းမာစေဖို့က အဓိက အကျဆုံးအချက်ဖြစ်ပါတယ်။

    မိခင်နို့ကိုလည်း ဆက်တိုက်ပါ – ကလေး အသက် ၆ လထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးဖို့သင့်ပါတယ်။ မိခင်နို့မှာ ပါဝင်တဲ့ အာဟာရတွေက ကလေးတွေ ကောင်းကောင်းကြီးထွားဖွံ့ဖြိုးနိုင်ဖို့နဲ့ ဉာဏ်ရည်ထက်မြက်စေဖို့ အထောက်အကူဖြစ်စေပါတယ်။ ၆ လ ကျော်သွားချိန်မှာလည်း မိခင်နို့ကို ဆက်လက်တိုက်ကျွေးလို့ရပါတယ်။

    နို့ညှစ်ပြီး စနစ်တကျ သိမ်းဆည်း တိုက်ကျွေးနိုင်ပါတယ် – အာဟာရဓာတ်တွေအများကြီးပါတဲ့ မိခင်နို့ကို အာဟာရဓာတ်တွေ မပျောက်မပျက်စေဘဲ အန္တရာယ်ကင်းအောင် သိမ်းဆည်းပြီး တိုက်ကျွေးလို့ရပါတယ်။ ချက်ချင်းညှစ်ထုတ်ထားတဲ့ လတ်လတ်ဆတ်ဆတ်နို့ဟာ ပုံမှန် လေးနာရီ ဝန်းကျင်ကြာအောင် ထားနိုင်ပါတယ်။ ၄နာရီ ကျော်သွားရင်တော့ ကလေးကို မတိုက်သင့်တော့ပါဘူး။ ရေခဲသေတ္တာထဲမှာ သိမ်းထားမယ်ဆိုရင်တော့ ၄ ရက်ထိသိမ်းထားနိုင်ပါတယ်။

    Formula Milk လည်း တိုက်နိုင်ပါတယ် – ကိုယ်က အချိန် လုံးဝ မအားလပ်တော့ဘူး၊ လုပ်ငန်းခွင်၊ အိမ်မှုကိစ္စတွေနဲ့ အလုပ်အရမ်းရှုပ်နေပြီ၊ နို့ကိုသိမ်းဆည်းတိုက်ကျွေးဖို့လည်း အဆင်မပြေတော့ဘူးဆိုရင် Formula Milk တိုက်ကျွေးပြီး အစားထိုးနိုင်ပါတယ်။

    အချိန်ကုန်သက်သာစေဖို့ ကိုယ်တိုင် ကလေးနဲ့အတူ စားပါ – ကလေးကို အစားအသောက်တွေ ကျွေးမွေးရင်း ကိုယ်တိုင်လည်း စားတာက ကောင်းမွန်တဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ အစားအစာရဲ့ အရသာ၊ အခြေအနေကို သိနိုင်သလို အချိန်ကုန်တာကိုလည်း လျှော့ချနိုင်ပါတယ်။ နောက်ပြီး အာဟာရပြည့်ဝမှုကတော့ အပိုဆုပါ။

    အာဟာရပြည့်ဝတဲ့ မုန့်ပဲသရေစာတွေ ဆောင်ထားပါ – ကျန်းမာရေးနဲ့ ညီညွတ်ပြီး ကလေးနဲ့သင့်လျော်တဲ့ အစားအသောက်တွေ၊ မုန့်ပဲသရေစာတွေကို ကိုယ်လက်လှမ်းမီရာမှာ ကြိုတင်သိုမှီးထားသင့်ပါတယ်။ နောက်ပြီး ကလေးသောက်မယ့် သောက်ရေကိုလည်း ခုလိုပဲ အဆင်သင့်ပြင်ဆင်ထားပါ။ ဒီနည်းလမ်းဟာ ကလေးကို ကြုံသလိုကျွေးမွေးမိတာမျိုးတွေ၊ ရေဆာရေငတ်စေတာမျိုးတွေ မဖြစ်စေအောင် ကူညီနိုင်ပါတယ်။

    Energy နဲ့ Nutrition ကို မမေ့ပါနဲ့ – ခုချိန်မှာ ကလေးအတွက် အရေးအကြီးဆုံးက ခွန်အားဖြစ်စေဖို့နဲ့ အာဟာရပြည့်ဝဖို့ပါပဲ။ ကျွေးမယ့်အစာတိုင်းမှာ ဒီအချက် ၂ ချက်ကို ထည့်စဉ်းစားပါ။ လတ်ဆတ်တဲ့ သစ်သီးတွေ၊ နို့ထွက်ပစ္စည်းတွေ၊ အသား၊ ငါးနဲ့ အစိမ်းရောင်အရွက်တွေ ကျွေးမွေးနိုင်ပါတယ်။

    စနစ်တကျ အကြိမ်ရေ သတ်မှတ်ကျွေးမွေးပါ – အသက် ၁ နှစ်နဲ့ ၂ နှစ်အကြား ကလေးတွေကို ပုံမှန်ပန်းကန်လုံးရဲ့ ၄ ပုံ ၃ ပုံ ပမာဏနဲ့ တစ်နေ့ကို ၄ ကြိမ်လောက် ကျွေးမွေးဖို့ UNICEF က တိုက်တွန်းထားပါတယ်။ အစာစားချိန်တွေရဲ့ အကြားမှာ အဆာပြေမုန့် နည်းနည်းစီ ကျွေးလို့ရပါတယ်။

    အသင့်စားအစားအစာတွေ လုံးဝ မကျွေးမွေးပါနဲ့ – အသင့်စား အစားအစာတွေ (Fast Food) နဲ့ အချိုရည်တွေကို လုံးဝ မတိုက်မိအောင် သတိထားပါ။

    အစာအမျိုးအစားကို ရောနှောကျွေးပါ – တစ်ခါတစ်ရံမှာ ကလေးက အစာမာတွေကို မနှစ်သက်တာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေကို ရှောင်လွှဲဖို့ ကလေးကို အစာမာတွေ စကျွေးချိန်မှာ သူနှစ်သက်ရာ အစားအစာနဲ့ ရောနှောကျွေးတာမျိုး လုပ်ပေးသင့်ပါတယ်။

    အထက်ပါနည်းလမ်းတွေဟာ အလုပ်များတဲ့ မိခင်တွေ ကလေးကို အစာကျွေးမွေးရာမှာနဲ့ ကျွေးမွေးမှုအတွက် ကြိုတင် ပြင်ဆင်တာ၊ စီမံစဉ်းစားမှုပြုလုပ်တာတွေမှာ အထောက်အကူဖြစ်စေမှာ ဖြစ်ပြီး ကလေးကျန်းမာစေဖို့လည်း အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement