backup og meta

ကလေး နို့မှုန့် အာဟာရနဲ့ပတ်သက်ပြီး သင်ဘာတွေ သိသင့်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေး နို့မှုန့် အာဟာရနဲ့ပတ်သက်ပြီး သင်ဘာတွေ သိသင့်လဲ

    နို့မှုန့်ဟာ ကလေးအတွက် ဘယ်လို အာဟာရရှိစေနိုင်လဲ ဆိုတာနဲ့ ပတ်သက်ပြီး မေမေတို့ အမြဲမေးတတ်ကြပါတယ်။ နို့မှုန့် အကြောင်းကို မပြောခင်မှာ ကလေးအတွက် အကောင်းဆုံး အာဟာရကတော့ မိခင်နို့ ဖြစ်တယ်ဆိုတာကို အရင်ဆုံး သိထားဖို့ လိုပါတယ်။

    မိခင်နို့မှာ ကလေးကြီးထွားမှုနဲ့ ဉာဏ်ရည် ထက်မြက်စေဖို့ အာဟာရဓာတ် အစုံအလင် ပါဝင်ပါတယ်။ ဒါ့အပြင် မိခင်နို့ တိုက်ကျွေးခြင်းဖြင့် မိခင်နဲ့ ကလေးကြား သံယောဇဉ်ကိုလည်း တိုးစေသလို ကလေးရဲ့ ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးတဲ့အတွက် တချို့သော ရောဂါတွေ ဖြစ်မလာအောင်၊ ကလေး ကျန်းမာစေဖို့၊ အလွယ်တကူ ဖျားနာခြင်းတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ အသက် ၆လအထိ မိခင်နို့ တစ်မျိုးတည်းကိုသာ သေချာတိုက်ကျွေးဖို့ အရေးကြီးပါတယ်။

    ကလေး အသက် ၆လ နောက်ပိုင်းမှာ မိခင်နို့ကို တိုက်လို့ ရသလို အသက်အရွယ် အပိုင်းအခြားအလိုက် ဖြည့်စွက်အာဟာရတွေ၊ အမာစာတွေကိုလည်း နည်းနည်းချင်း စတင်ကျွေးသင့်ပါပြီ။ ဒီလို အရွယ်မှာ ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်စွက်ပေးနိုင်ဖို့ နို့မှုန့်ကိုပါ သေချာရွေးဝယ်ဖို့ အရေးကြီးပါတယ်။

    နို့မှုန့် အမျိုးအစား ဘယ်နှစ်မျိုးလောက် ရှိလဲ။

    ပုံမှန်အားဖြင့် အတွေ့များတဲ့ နို့မှုန့် အမျိုးအစားကတော့ (၄) မျိုးပါ။ အဓိက

    • နွားနို့ကနေ အခြေခံပြီး ထုတ်ထားတဲ့ နို့မှုန့်
    • ဆိတ်နို့ကနေ အခြေခံပြီး ထုတ်ထားတဲ့ နို့မှုန့်
    • ပဲနို့ကနေ အခြေခံပြီး ထုတ်ထားတဲ့ နို့မှုန့်
    • Hydrolysed Protein ဓာတ်ကို အခြေခံ ထုတ်ထားတဲ့ နို့မှုန့် တို့ပဲ ဖြစ်ပါတယ်။

    များသောအားဖြင့် နွားနို့ကနေ အခြေခံ ထုတ်ထားတဲ့ နို့မှုန့် အမျိုးအစားကို ရွေးချယ်တတ်ကြပါတယ်။ ကိုယ့်ရဲ့ ကလေးက နွားနို့နဲ့ ဓာတ်မတည့်ဘူးဆိုရင် ဆိတ်နို့ ဒါမှမဟုတ် ပဲနို့ အခြေပြု နို့မှုန့်တွေကို ရွေးချယ်လို့ ရပါတယ်။ တော်ရုံနဲ့ အစာမကြေတတ်တဲ့ ကလေးတွေ ဆိုရင်တော့ Hydrolysed Protein နို့မှုန့်တွေကို ရွေးချယ်တာ အကောင်းဆုံး ဖြစ်မှာပါ။

    နို့မှုန့်က ကလေးတွေအတွက် ဘယ်လို အကျိုးပြုပေးနိုင်လဲ။

    မိခင်နို့လောက်တော့ နို့မှုန့်ဟာ ကလေးတွေအတွက် အာဟာရဓာတ် မပေးစွမ်းနိုင်ဘူး ဆိုတာတော့ အမှန်ပါ။ ဒါကြောင့်လည်း ကလေးတွေအတွက် မိခင်နို့ကို မဖြစ်မနေ တိုက်ဖို့ လိုတယ်လို့ ပြောရခြင်း ဖြစ်ပါတယ်။ ကလေး အသက် ကြီးလာတော့မှသာ တခြား ဖြည့်စွက်စာ အနေနဲ့ နို့မှုန့်တိုက်ကျွေးတာ အကောင်းဆုံး ဖြစ်မှာပါ။ နို့မှုန့်ရဲ့ ကောင်းကျိုးတွေကို ပြောပြပေးရမယ်ဆိုရင်

    ၁။ ငါးကြီးဆီလို့လည်း လူသိများတဲ့ Omega-3 ဓာတ်ဟာ ကလေးတွေရဲ့ အရိုးအဆစ်တွေနဲ့ နှလုံးကို ကျန်းမာစေတယ်။ ဦးနှောက် ဖွံ့ဖြိုးစေဖို့ ကူညီပံ့ပိုးပေးတဲ့အတွက် ကိုယ့်ရဲ့ ကလေး ငယ်စဉ်ကတည်းက Omega-3 ဓာတ်ကို အလုံအလောက် ရစေဖို့ ကျွေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါ့အပြင် ကလေးတွေ ပန်းနာရင်ကျပ် မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်တယ်။ မျက်စိအားကောင်းစေပြီး အမြင်အာရုံကို ကြည်လင်စေတယ်။ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ကောင်းစွာ အလုပ်လုပ်စေလို့ ကိုယ့်ရဲ့ ကလေး စာသင်ကြားတဲ့ နေရာမှာ အထောက်အကူ ဖြစ်စေမှာပါ။ Omega-3 ဓာတ်ကို ကိုယ်ခန္ဓာက ထုတ်လုပ်ပေးနိုင်ခြင်း မရှိတဲ့အတွက် အစားအစာတစ်မျိုးတည်းကနေသာ ရနိုင်ပါတယ်။

    ၂။ DHA (Docosahexaenoic Acid) ဓာတ်သည် Omega-3 လိုပဲ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် လိုအပ်တဲ့ Fatty Acid အုပ်စုထဲမှာ ပါဝင်ပါတယ်။ ကလေး ငယ်စဉ်မှာ ဦးနှောက်ကို ကြီးထွားစေပြီး ဉာဏ်ရည် ထက်မြက်စေလို့ ကလေးရဲ့ အနာဂတ် ပညာရေးနဲ့ သင်ကြားရေးပိုင်းမှာ ကောင်းစွာ အထောက်အကူ ပေးနိုင်မှာပါ။

    ၃။ နို့မှုန့်မှာ ပါဝင်တဲ့ ပရိုတင်းဓာတ်နဲ့ ကယ်လ်စီယမ်ဓာတ်က ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို မြှင့်တင်ပေးနိုင်တယ်။ ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးသလို အရိုးအဆစ်တွေ သန်မာစေလို့ တခြားကလေးတွေနဲ့ ယှဉ်လိုက်ရင် ကိုယ့်ကလေးက ပိန်ညှက်နေတာမျိုး မရှိတော့ဘဲ အသက်အရွယ်အလိုက် ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်၊ ကိုယ်ခန္ဓာမျိုး ရစေမှာပေါ့။

    ၄။ ကလေးကျန်းမာစေဖို့နဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေကိုလည်း နို့မှုန့်ကနေ ရနိုင်ပါတယ်။ ဒီ အာဟာရဓာတ်တွေဟာ ကလေးရဲ့ ကိုယ်ခန္ဓာတွင်း ကောင်းစွာ အလုပ်လုပ်စေနိုင်ဖို့ ကူညီပေးသလို မလိုလားအပ်တဲ့ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်ဖို့ ကိုယ်ခံအားစနစ်ကိုလည်း အားဖြည့်ပေးပါတယ်။ အသားအရေကို ကြည်လင်စေပြီး မျက်စိအားကောင်းစေတယ်။ မှတ်ဉာဏ်ကို ကောင်းစေပြီး ခဏခဏ မေ့တာမျိုး မဖြစ်စေဖို့ ကူညီပေးနိုင်ပါတယ်။

    ဒါကြောင့် မေမေ ဖေဖေတွေအနေနဲ့ ကိုယ့်ရဲ့ ကလေးအတွက် ဖြည့်စွက် အာဟာရ နို့မှုန့်တွေကို ရွေးတော့မယ်ဆိုရင် တွေ့ရာတံဆိပ်တွေ ရွေးချယ်တာထက် ကိုယ့်ကလေးအတွက် အကောင်းဆုံး ဖြစ်မယ့် နို့မှုန့်မျိုးကိုသာ ရွေးချယ်ဝယ်ယူသင့်ပါတယ်။ ကလေးမွေးကင်းစ အရွယ်ကနေ အနည်းဆုံး အသက် ၆လ ပြည့်တဲ့အထိ မိခင်နို့ တစ်မျိုးတည်းကိုသာ တိုက်ဖို့၊ အဲ့ဒီနောက်ပိုင်းမှာ ကလေးရဲ့ ကျန်းမာရေးနဲ့ အာဟာရကို ပုံမှန်စစ်ဆေးဖို့ ဆရာဝန်နဲ့လည်း သေချာပြကြည့်ဖို့ အကြံဉာဏ် ပေးလိုက်ချင်ပါတယ်နော်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါ ရှာဖွေအတည်ပြုချက်များ နှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement