backup og meta

ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်များ

    ကိုယ့်ရဲ့ ကလေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာဖို့၊ ဉာဏ်ရည်ထက်မြက်စေဖို့ နေ့စဉ် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်များ လုံလောက်စွာ ရရှိဖို့ မိဘတွေအနေနဲ့ သိထားသင့်ပါတယ်။ ကလေးတွေအတွက် တစ်နေ့တာ မျှတတဲ့ အစာအာဟာရကို ချက်ပြုတ်ကျွေးမွေးဖို့၊ ဖျားနာတဲ့အခါ ပြုစုစောင့်ရှောက်ဖို့၊ ကိုယ့်ရဲ့ ကလေးကျန်းမာရေးကို အမြဲသတိရှိနေဖို့ဆိုတာ မိဘတိုင်းရဲ့ တာဝန်ဝတ္တရားတစ်ခုပါပဲ။

    တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင်တွေကို ဘယ်ကနေ ရနိုင်မလဲ။

    ဖြည့်စွက်အားဆေးတွေထက်စာရင် ကလေးတွေအတွက် နေ့စဉ် လိုအပ်တဲ့ အာဟာရ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို သေချာ ချက်ပြုတ်ပြင်ဆင်ထားတဲ့ အစားအစာတွေကနေ ရနိုင်ပါတယ်။

    ငယ်စဉ်ကတည်းက ကိုယ့်ရဲ့ ကလေး စားသောက်နေထိုင်မှုပုံစံ မှန်ကန်စေဖို့နဲ့ အာဟာရဓာတ်တွေ လုံလောက်စွာ ရရှိဖို့ မိဘတွေအနေနဲ့ အကျင့်လုပ်ထားပေးဖို့ လိုပါတယ်။

    ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်များ က ဘာတွေလဲ။

    ကလေးတွေ၊ ဆယ်ကျော်သက်လူငယ်တွေရဲ့ ကိုယ်ခန္ဓာအတွက် အဓိက လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် ၆ မျိုး ရှိပါတယ်။ တစ်နေ့တာအတွက် ပမာဏအနည်းငယ်နဲ့ လုံလောက်မျှတတဲ့ အစာအာဟာရကို မိဘတွေအနေနဲ့ ပြင်ဆင်ချက်ပြုတ်ပေးရမှာ အထောက်အကူဖြစ်စေဖို့အတွက် ဝေမျှပေးလိုက်ပါတယ်။

    ဗီတာမင် A – ကလေးတွေ ကြီးထွားဖွံ့ဖြိုးမှုအတွက် အဓိက လိုအပ်တဲ့ ဗီတာမင်ဖြစ်ပြီး အသားအရေကိုလည်း ကျန်းမာစိုပြည်စေတယ်။ အမြင်အာရုံ ကြည်လင်စေပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတဲ့အပြင် ကိုယ်တွင်း တစ်ရှူးတွေကိုလည်း ပြုပြင်ပေးနိုင်တယ်။ ဗီတာမင် A ဓာတ်ကို မုန်လာဥနီကန်စွန်းဥ အစရှိတဲ့ အဝါရောင်နဲ့ လိမ္မော်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေမှာ အများဆုံးတွေ့ရပြီး နို့ထွက်ပစ္စည်းတွေနဲ့ ဥအမျိုးမျိုးကနေ ရရှိနိုင်ပါတယ်။

    ဗီတာမင် B – ဗီတာမင် B1, B2, B3, B6 နဲ့ B12 အစရှိတဲ့ ဗီတာမင် B အုပ်စုဟာ နေ့စဉ်ကုန်ဆုံးသွားတဲ့ အားအင်တွေကို ဖြည့်တင်းပေးပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သွေးနီဥဆဲလ်တွေကို ထုတ်လုပ်ပေးရာမှာလည်း အထောက်အကူဖြစ်စေတယ်။ သွေးလည်ပတ်မှုစနစ်နဲ့ အာရုံကြောစနစ်ကိုလည်း ကောင်းမွန်စေတယ်။ ဗီတာမင် B အုပ်စုကို အသား၊ ငါး၊ ကြက်သား၊ အခွံမာသီး၊ နို့ထွက်ပစ္စည်း၊ ဥနဲ့ ပဲအမျိုးမျိုးကနေတဆင့် ရရှိနိုင်သလို ဂျုံကြမ်းပေါင်မုန့်တွေမှာလည်း တွေ့ရပါတယ်။

    ဗီတာမင် C – ကိုယ်ခန္ဓာထဲကို ဝင်လာမယ့် ရောဂါတွေကို ကာကွယ်တားဆီးပေးနိုင်တဲ့ အဓိက ဗီတာမင်ဓာတ်ဖြစ်ပါတယ်။ အရိုးနဲ့ ကြွက်သားကို ကျန်းမာကြံ့ခိုင်စေပြီး သွားဖုံးကိုလည်း ကောင်းမွန်စေပါတယ်။ အချဉ်ဓာာတ်များတဲ့ ရှောက်မျိုးနွယ်အသီးတွေ၊ သံပုရာသီး၊ စတော်ဘယ်ရီသီး၊ ကီဝီသီးအပြင် ခရမ်းချဉ်သီး၊ အာလူး၊ ဟင်းနုနွယ်ရွက်၊ ပန်းမုန်လာအစရှိတဲ့ အစိမ်းရောင် ဟင်းရွက်တွေကနေလည်း ဗီတာမင် C ဓာတ်ကို ရရှိနိုင်ပါတယ်။

    ဗီတာမင် D – ကယ်လ်စီယမ်ဓာတ်ကို ကောင်းစွာ စုပ်ယူပေးနိုင်လို့ အရိုးနဲ့ သွားကို ကျန်းမာကြံ့ခိုင်စေပါတယ်။ အရေပြားပေါ် နေရောင်ခြည် တိုက်ရိုက်ထိတွေ့မိတဲ့အခါ ဗီတာမင် D ဓာတ်ကို လုံလောက်စွာ ရရှိနိုင်သလို နို့ထွက်ပစ္စည်းနဲ့ သဘာ၀ ငါးအဆီကနေလည်း ရနိုင်ပါတယ်။

    သံဓာတ် – ကလေးတွေ၊ အထူးသဖြင့် လူပျို၊ အပျိုဖော်ဝင်ကာစ ဆယ်ကျော်သက်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေတဲ့ သတ္တုဓာတ်လည်း ဖြစ်ပါတယ်။ ကြွက်သားတည်ဆောက်ဖို့နဲ့ သွေးနီဥဆဲလ်တွေကို ကောင်းစွာ ထုတ်လုပ်ပေးတဲ့နေရာမှာ ကူညီပေးနိုင်ပါတယ်။ ဝက်သား၊ အမဲသားကဲ့သို့ အနီရောင် အသား၊ ငါး၊ ကြက်သား၊ ပင်လယ်စာ၊ ပဲအမျိုးမျိုး၊ ဟင်းနုနွယ်ရွက်၊ ကြက်ဥအနှစ်ကနေ သံဓာတ်တွေကို အလုံအလောက်ရရှိနိုင်ပါတယ်။

    ကယ်လ်စီယမ်ဓာတ် – အရိုးနဲ့ သွားတွေကို ကျန်းမာကြံ့ခိုင်စေဖို့အတွက် လိုအပ်တဲ့ သတ္တုဓာတ်ဖြစ်ပြီး ကျန်းမာကြံ့ခိုင်စွာ ကြီးပြင်းလာဖို့အတွက် ကလေးဘဝထဲက ကယ်လ်စီယမ်ဓာတ်ကို လုံလောက်စွာ ရရှိဖို့ အရေးကြီးပါတယ်။ ကယ်လ်စီယမ်ဓာတ် ချို့တဲ့တဲ့ ကလေးတွေဟာ တခြားကလေးတွေထက် အရိုးအဆစ်တွေ အားနည်းပြီး ကျိုးလွယ်နိုင်ပါတယ်။ အဆီလျှော့ထားတဲ့ နွားနို့၊ ဆော်လ်မွန်ငါး၊ ဆာဒင်းငါး၊ ဒိန်ချဉ်၊ ချိစ်၊ တို့ဟူးတွေမှာ ကယ်လ်စီယမ်ဓာတ် အများဆုံးပါဝင်ပြီး အစိမ်းရောင် ဟင်းရွက်တွေမှာလည်း တွေ့နိုင်ပါတယ်။

    ဘာတွေကို သတိထားပေးရမလဲ။

    ကလေးတွေအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ဖြည့်စွက်စာ၊ ဆေးဝါးတွေအစား သဘာဝအတိုင်း ပြင်ဆင်ချက်ပြုတ်ထားတဲ့ အစားအစာတွေကိုပဲ ကျွေးတာ ပိုပြီးကောင်းပါတယ်။

    သကြားပါဝင်မှုများတဲ့ ဖျော်ရည်တွေ၊ အအေးတွေ၊ ဆီပါဝင်မှုများတဲ့ အသင့်စား fast food တွေ၊ အကြော်အလှော်တွေကို တတ်နိုင်သလောက် ရှောင်ပေးပါ။ ကိုယ်တိုင်ချက်ပြုတ်တဲ့အခါမှာလည်း ဆီ၊ ဆား၊ သကြားကို လျှော့ထည့်ပြီး အချိုမှုန့်ကို လုံးဝမထည့်သင့်ပါဘူး။

    ကိုယ့်ရဲ့ ကလေးက ထမင်းစားနေချိန်နဲ့ ထမင်းစားပြီးမှာ ဖျော်ရည်သောက်တတ်တဲ့ အကျင့်ရှိတယ်ဆိုရင် သဘာဝအသီးအနှံတွေကို ကိုယ်တိုင်ကြိတ်ထားတဲ့ ဖျော်ရည်တွေ ဒါမှမဟုတ် နွားနို့ကိုသာ အဓိက တိုက်ပေးပါ။

    ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ပမာဏနည်းနည်းနဲ့ လုံလောက်စွာ ရရှိစေဖို့အတွက် တစ်နေ့တာ ချက်ပြုတ်ပေးဖို့ ဟင်းလျာတွေကို သေချာစီမံထားရပါမယ်။ ဗီတာမင်ဆေးဝါးတွေကို တိုက်ကျွေးတဲ့အခါမှာ ဆရာဝန် ဒါမှမဟုတ် ဆေးအညွှန်းမှာ ပါတဲ့ ပမာဏထက် ပိုပြီး မကျွေးသင့်ပါဘူး။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement