backup og meta

အလုပ်ခွင်မှာ မအိပ်ချင်အောင် ကော်ဖီသောက်ကြတဲ့အခါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 05/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အလုပ်ခွင်မှာ မအိပ်ချင်အောင် ကော်ဖီသောက်ကြတဲ့အခါ

    နေ့စဉ်နဲ့အမျှမှာ မပါမဖြစ်ကတော့ ကော်ဖီနဲ့ လက်ဖက်ရည်ပါပဲ။ နံနက်ခင်းလေးတစ်ခုကို ကော်ဖီ ခါးခါးလေးတစ်ခွက်နဲ့ ဖြတ်ကျော်ချင်ကြတယ်မဟုတ်လား။ နိုးထလာတာနဲ့ ကော်ဖီလေးတစ်ခွက်များ သောက်လိုက်ရရင် တစ်နေကုန်လန်းဆန်းတက်ကြွနေတယ်လို့ ခံစားဖူးကြမှာပါ။

    ဒါဟာ ကော်ဖီ တစ်ခွက်မှာပါဝင်တဲ့ ကဖင်းဓာတ်ကြောင့်ပါပဲ။ ကဖင်း (Caffeine)ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေကို လျင်လျင်မြန်မြန်ဖြစ်စေဖို့ စွမ်းအင်တွေပေးစွမ်းနိုင်တာကြောင့် ခန္ဓာကိုယ်ရော စိတ်အစဉ်ပါ ပေါ့ပါးနေရခြင်းပါ။

    လေ့လာချက်များရဲ့ပြောဆိုချက်အရ ကော်ဖီကို ပမာဏအသင့်အတင့်သာ သောက်သုံးပါက ခန္ဓာကိုယ်အတွက် သင့်တော်လုံခြုံပါတယ်။ သို့သော်လည်း တန်ဆေးလွန်ဘေးဆိုတဲ့စကားအတိုင်း တစ်ခွက်ပြီးတစ်ခွက် မရပ်မနားတမ်း စွဲစွဲလမ်းလမ်းဖြစ်သွားပြီဆိုရင်တော့ ဘေးဥပါဒ်ဖြစ်စေဖို့ရန် ဦးတည်သွားမှာပါ။

    တစ်ဦးနဲ့တစ်ဦးတော့ မတူပါဘူး။ တချို့ကတော့ ပမာဏအနည်းငယ်သောက်ရုံနဲ့ ဘေးထွက် ဆိုးကျိုးတွေခံစားရနိုင်ပြီး ပမာဏ အနည်းငယ်သောက်ရုံနဲ့ ဘာဥပါဒ်မှ မဖြစ်တဲ့သူတွေလည်း ရှိနိုင်ပါတယ်။

    ဥပမာအားဖြင့် မိမိပတ်ဝန်းကျင်မှာ ကော်ဖီသောက်ပြီး ညအိပ်မပျော်တဲ့ သူတွေလည်း ရှိနိုင်သလို၊ အချို့သောသူတွေဟာတော့ ကော်ဖီသောက်ခြင်းကြောင့် ညအိပ်စက်ခြင်းမှာ ဘာအကျိုးသက်ရောက်မှုမှ မရှိနေပါဘူး။ ဒီတစ်ခေါက်တော့ အလုပ်ခွင်မှာ မအိပ်ချင်အောင် ကော်ဖီသောက်ကြတဲ့အခါ ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။

    အလုပ်ခွင်မှာ မအိပ်ချင်အောင် ကော်ဖီသောက်ကြတဲ့အခါ

    အလုပ်ခွင်မှာ မအိပ်ချင်အောင် ကော်ဖီသောက်ကြတဲ့အခါ ခံစားရနိုင်တဲ့  ကဖင်းဓာတ်ရဲ့ ဘေးထွက်ဆိုးကျိုးများကို အနည်းငယ်ရှင်းပြပါရစေ။

    (၁)  စိတ်ဖိစီးမှု

    ကော်ဖီသောက်ခြင်းကြောင့် စိတ်ပင်ပန်းမှုတွေ လျော့ကျသွားပြီး စိတ်ကြည်လင်လန်းဆန်းစေနိုင်ပါတယ်။ ဒါဟာ ဦးနှောက်ထဲမှာရှိတဲ့ ပင်ပန်းခြင်းကိုဖြစ်စေတဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ (adenosine) ‘အက်ဒီနိုဆင်း’ ဆိုတဲ့ အရာကို ကဖင်းဓာတ်က သွားရောက်ပိတ်ဆို့ထားလို့ပါပဲ။

    ဒါပေမဲ့ လူတစ်ယောက်ဟာ အမြဲတစေတက်ကြွနေရင်ရော အဆင်ပြေပါ့မလား။

    ပမာဏများစွာသောက်မိလိုက်တဲ့အခါမှာတော့ စိတ်အလိုမကျမှုတွေ၊ စိတ်တိုမှုတွေ အဆက်မပြတ်ဖြစ်လာပြီး နောက်ဆုံးမှာတော့ စိတ်ဖိစီးမှုတွေနဲ့ ကြုံရတတ်ပါတယ်။ တစ်ထိုင်တည်းနဲ့များစွာ သောက်သုံးမိပါက အသက်ရှူမြန်ခြင်းနဲ့ ရင်တုန်ခြင်းတွေပါ ကြုံတွေ့ရတတ်ပါတယ်။

    အကောင်းဆုံးကတော့ မိမိသောက်လေ့သောက်ထရှိတဲ့ ကော်ဖီအမျိုးအစားမှာပါဝင်တဲ့ ကဖင်းပမာဏကိုကြည့်ပါ။ မိမိရဲ့ တုန့်ပြန်မှုကို ဆန်းစစ်ပါ။ “ငါဘယ်လောက်သောက်ရင် ရင်တုန် တယ်၊ အိပ်မပျော်ဘူး” စသဖြင့်ပါ။ မိမိအဆင်ပြေလက်ခံနိုင်သလောက်သာ ကော်ဖီကို သောက်သုံးပါ။

    (၂)  အစာခြေစနစ်ပြဿနာ

    လူတချို့ဟာ မနက်ခင်းမှာ ကော်ဖီတစ်ခွက်သောက်လိုက်ပါက ဝမ်းမှန်စေတယ်လို့ ထင်ကြပါတယ်။ မှန်ပါတယ်။ ကော်ဖီသောက်ခြင်းကြောင့် ထွက်လာတဲ့ ‘Gastrin ဂတ်စရင်’ ဆိုတဲ့ ဟော်မုန်း ဟာ အူတွေရဲ့လှုပ်ရှားမှုစနစ်ကို ကောင်းစေတာကြောင့် ဝမ်းမှန်စေနိုင်ပါတယ်။

    ဒါဆို ကော်ဖီပမာဏ များစွာသောက်သုံးမိရင် ဝမ်းလျှောစေနိုင်တယ်၊ အရည်ဝမ်းသွားစေနိုင်တယ်ဆိုတာမဆန်းပါဘူးနော်။ ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်ဟာ အစာအိမ်ထဲက အက်စစ်တွေကို လည်ချောင်းဆီပြန်လည်တက်စေနိုင်တဲ့ GERD ဆိုတဲ့ ပြဿနာလည်းဖြစ်နိုင်ပါသေးတယ်။ ရင်ပူခြင်းနဲ့ ပျို့ခြင်း၊ အန်ခြင်းတွေ ခံစားရမှာပါ။

    (၃)  သွေးပေါင်ချိန်တက်ခြင်း

    ကော်ဖီသောက်ခြင်းကြောင့် နှလုံးရောဂါတွေနဲ့ လေဖြတ်ရောဂါတွေ တိုက်ရိုက်ဖြစ်ပွားနိုင်ခြင်းတော့မရှိပါဘူး။ သို့သော်လည်း ကဖင်းဟာ ဦးနှောက်အာရုံကြောစနစ်ကို သွားရောက်လှုံ့ဆော်တာမို့ သွေးပေါင်ချိန်ကိုတော့ တက်စေနိုင်ပါတယ်။ ဒီလိုမြင့်တက်လာတဲ့ သွေးပေါင်ချိန်ကြောင့် နှလုံးသွေးကြောကျဉ်းရောဂါနဲ့ လေဖြတ်ခြင်းတွေ ဖြစ်ပွားစေနိုင်တယ်ဆိုတာကိုတော့ သတိချပ်စေချင်ပါတယ်။ ကံကောင်းတာတစ်ခုကတော့ ကော်ဖီပမာဏများလာခြင်းကြောင့် သွေးပေါင်ချိန်တက်ခြင်းဟာ ခေတ္တခဏပါပဲ။ နာတာရှည်တာမျိုးတော့ မဟုတ်ပါဘူး။ သို့ပေမယ့်လည်း ဆင်ဆင်ခြင်ခြင်လေး သောက်သုံးတတ်ဖို့တော့ လိုအပ်ပါတယ်။

    (၄)  မောပန်းလွယ်ခြင်း

    ကော်ဖီ၊ လက်ဖက်ရည်နဲ့ အခြားသောခွန်အားတိုးအချိုရည်တွေ (Energy Drink) တွေဟာ တက်ကြွစေတယ်ဆိုတာတော့ အမှန်ပါပဲ။ သို့ပေမဲ့လည်း နံရံကိုထိပြီးပြန်ထွက်လာတဲ့ ဘောလုံးလေးတစ်လုံးနည်းတူ သောက်ပြီး အချိန်အကန့်အသတ်တစ်ခုထိပဲ လန်းဆန်းတက်ကြွနေမှာပါ။

    ထိုအချိန်ကနေ ကျော်လွန်ပြီးချိန်မှာတော့ မောပန်းမှုတွေနဲ့ ကျန်ရစ်ခဲ့မှာပါ။ ပုံမှန်လူတစ်ယောက်ထက်ကို ပိုမိုပြီး မောပန်းလွယ်တယ်လို့ဆိုကြပါတယ်။ ဒါအပြင် အိပ်စက်ခြင်းမှာလည်း ပြဿနာရှိနိုင်တာမို့ အိပ်ရေးမဝခြင်းကိုပါ ခံစားရမှာပါ။ ဒါကြောင့် ကော်ဖီကို တော်ရုံပမာဏနဲ့တင် ကျေနပ်တင်းတိမ်သင့်ပြီး လောဘမကြီးမိဖို့ သတိထားရမှာပါ။

    (၅) ဆီးမကြာခဏသွားခြင်းနဲ့ ဆီးမထိန်းနိုင်ခြင်း

    ဆီးများများသွားခြင်းဟာ ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်ကြောင့်ပါ။ ကဖင်းဓာတ်ဟာ ဆီးအိမ်ကို သွားရောက်လှုံ့ဆော်တာကြောင့် ဆီးမကြာခဏသွားခြင်းဖြစ်ပါတယ်။ သင်ကိုယ်တိုင်လည်း ဒီလိုမျိုး ဆီးမကြာခဏသွားတာကို ကော်ဖီတွေ၊ လက်ဖက်ရည်တွေ သောက်ပြီးချိန်မှာ ခံစားဖူးလို့ သိမှာပါ။သို့သော်လည်း အသက်အရွယ်ကြီးသူတွေမှာတော့ ဆီးခဏခဏသွားရာကနေ ဆီးမထိန်းနိုင်တော့ဘဲ ချက်ချင်းဆိုသလို ထွက်ကျသွားတာမျိုးထိ ရှိလာနိုင်ပါတယ်။ သင်ကိုယ်တိုင်လည်း ဒီလိုမျိုးခံစားမိပြီဆိုရင်တော့ ကော်ဖီကို အလွန်အမင်းသောက်နေရာကနေ ရပ်တန့်လိုက်သင့်ပါပြီနော်။

    (၆)  နှလုံးခုန်မြန်ခြင်း

    ကဖင်းရဲ့ လှုံ့ဆော်မှုဟာ နှလုံးခုန်နှုန်းကို မြန်စေပါတယ်။ ကော်ဖီအများအပြားသောက်သုံးတဲ့အခါ ကဖင်းဓာတ်လွန်စွာများလာတဲ့အတွက် နဂိုနှလုံးခုန်နှုန်းမမှန်ခြင်း ရောဂါရှိနေရင် ပိုဆိုးတတ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်တော့ မတူပါဘူး။ သို့ပေမဲ့လည်း ကဖင်းပမာဏကို ထိန်းညှိပြီးတော့သာ သောက်သုံးသင့်ပါတယ်။

    (၇)  စွဲလမ်းခြင်း

    ကော်ဖီကို နှစ်ခြိုက်စွာသောက်သုံးရင်းနဲ့ပဲ တစ်နေ့တခြား ပိုပိုစွဲလမ်းလာပြီး မသောက်ရရင် မနေနိုင်သလို ဖြစ်လာတတ်ပါတယ်။ အကျင့်ကြီးတစ်ခုလို ဖြစ်လာမှာပါ။ ကော်ဖီကို စွဲလမ်းနှစ်ခြိုက်စွာ သောက်သုံးနေရာကနေ ရုတ်တရက်ဆိုသလို ဖြတ်လိုက်ပါက ခြေလက်တုန်ရီခြင်းတွေလည်း ခံစားရနိုင်တာမို့ ပမာဏမြောက်များစွာကို အကျင့်ကြီးတစ်ခုလို မသောက်မိနေဖို့ လိုအပ်ပါတယ်။

    (၈)  ကြွက်သားများပျက်စီးခြင်း

    ‘Rhabdomyolysis’ ဆိုတဲ့ ကြွက်သားမျှင်တွေ ပျက်စီးတဲ့ ရောဂါဟာ မတော်တဆထိခိုက်မှု တွေ၊ ပိုးဝင်ခြင်းတွေ၊ မူးယစ်ဆေးဝါးသုံးစွဲမှုတွေနဲ့ မြွေကိုက်ခြင်း၊ အင်းဆက်ကိုက်ခြင်းတွေကြောင့် ဖြစ်တတ်ပါတယ်။ ပျို့အန်ခြင်းနဲ့ ဆီးမည်းမည်းသွားခြင်းဆိုတဲ့ လက္ခဏာတွေခံစားရမှာပါ။ ဖြစ်တောင့်ဖြစ်ခဲ ဆိုပေမဲ့လည်း ကြွက်သားပျက်စီးခြင်းဟာ ကဖင်းဓာတ်လွန်ကဲခြင်းနဲ့ ဆက်စပ်မှုရှိနေပါတယ်။ အချိန်ခဏလေးအတွင်းမှာ ကော်ဖီကို လွန်ကဲစွာ အဆမတန်သောက်သုံးပါက ကြွက်သားပျက်စီးမှုကို ဦးတည်နိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို ကဖင်းဓာတ် ၂၅၀ မီလီဂရမ်ထက် ပိုမသောက်သင့်ပါဘူး။

    (၉)  အိပ်မပျော်တဲ့ရောဂါ

    ဒါကတော့ လူအများကြုံတွေ့နေရတဲ့ အကြောင်းအရာပါ။ အိပ်ငိုက်နေတဲ့အချိန် လန်းဆန်း တက်ကြွသွားအောင် ကော်ဖီသောက်လေ့ရှိပါတယ်။ သို့သော်လည်း ကဖင်းဓာတ်များစွာ သောက်သုံးမိတဲ့အခါမှာတော့ အိပ်စက်အနားယူဖို့ ခက်ခဲသွားပါတယ်။ အိပ်ပျော်ဖို့ကို ခက်ခဲသလို အိပ်ပျော်ပြီးရင်လည်း စုစုပေါင်းအိပ်ချိန်ဟာလည်း နည်းသွားတယ်လို့ ဆိုပါတယ်။ ကဖင်းဓာတ်ဟာ သောက်ပြီးချိန်မှ ၅ နာရီအကြာခန့်အထိ ခန္ဓာကိုယ်ထဲမှာ ရှိနေနိုင်တာမို့ အိပ်ချိန်နဲ့နီးကပ်စွာ သောက်လေလေ အိပ်မပျော်တဲ့ ဝေဒနာကို ခံစားရလေလေပါ။

    ကဖင်းဓာတ်ဟာ ကော်ဖီ၊ လက်ဖက်ရည်တွေမှာ အဓိကပါဝင်တယ်ဆိုပေမဲ့လည်း ဆိုဒါ၊ အားဖြည့်အချိုရည်တွေနဲ့ အချို့သောဆေးဝါးတွေမှာ ပါဝင်နေတယ်ဆိုတာကိုလည်း သတိချပ်စေချင် ပါတယ်။ ကဖင်းဓာတ်ကို ခံနိုင်ရည်ဟာ မျိုးရိုးဗီဇနဲ့လည်းဆိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိမိခန္ဓာကိုယ်ကနေ လက်ခံနိုင်တဲ့ အတိုင်းအတာအတွင်းမှာပဲ သောက်သုံးဖို့နဲ့  အလွန်အကျွံ မသောက်သုံးမိစေဖို့ တိုက်တွန်းလိုက်ပါရစေ။

    ရေးသားသူ-ဒေါက်တာမှူးခင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 05/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement