မိဘတစ်ယောက်အနေနဲ့ ကိုယ်မွေးထားတဲ့ ကလေးနဲ့ ပတ်သက်လို့ အရေးကြီးဆုံး အချက်တစ်ခုကို ပြောပါဆိုရင် ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုဖြစ်မယ်ထင်တယ်နော်။ ကလေးတစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုက မေမေဖေဖေတို့အတွက် အရေးပါသလို ဒီပေါ်မှာ သက်ရောက်နေတဲ့ အချက်တွေကလည်း အများကြီးပါ။ အခုတစ်ခေါက်တော့ ဖေဖေမေမေတို့ အမှုမဲ့အမှတ်မဲ့ ဖြစ်နေနိုင်ပြီး ကလေးကြီးထွားမှုကို နှောင့်ယှက်နေတဲ့ ခေတ်သစ်ရန်သူများ အကြောင်းလေးကို သတိထားနိုင်စေဖို့ ပြောပြပေးလိုက်ပါတယ်။
သားသားမီးမီးတို့ အဖွံ့ဖြိုးဆုံးကာလ
ကလေးတစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုဆိုတဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာအရ အရပ်အမြင့်၊ ကိုယ်အလေးချိန် စတာတွေပါဝင်နေသလို စိတ်ပိုင်းဆိုင်ရာအားဖြင့် သင်ယူနိုင်စွမ်း၊ နားလည်နိူင်စွမ်းတွေပါ ပါဝင်နေတာပါ။ ကလေးတွေက အသက်အရွယ်အလိုက် ကြီးထွားမှုတွေကို ရှိကြပေမယ့် သူတို့လေးတွေရဲ့ အကောင်းဆုံးသော ဖွံ့ဖြိုးမှုတွေ ဖြစ်ပေါ်ချိန်က အသက် ၂ ကနေ ၉ နှစ်တာ အတွင်းပါ။
ဒီကာလမှာ သားသားမီးမီးတို့က ရုပ်ပိုင်းဆိုင်ရာ အားဖြင့် အရပ်တွေ ရှည်လာတာ၊ ကိုယ်အလေးချိန် တက်လာတာတွေ ရှိနိုင်သလို သိမှတ်နိုင်စွမ်းတွေ၊ သင်ယူနိုင်စွမ်းတွေလည်း သိသိသာသာ တိုးတက်လာချိန်ပါ။ သဘာဝအရလည်း ကလေးက အသက်အလိုက် ကြီးထွားလာနိုင်ပေမယ့် ဒါကို အထောက်အကူ ဖြစ်စေဖို့ အာဟာရကစလို့ လိုအပ်တဲ့ ကိုယ်လက်လှုပ်ရှားမှု။ သင်ကြားပေးမှုတွေအဆုံး အစစအရာရာကို လိုလေသေး မရှိ ဖြည့်ဆည်းပေးဖို့ လိုပါမယ်။
တိုးတက်လာတဲ့ ခေတ်အရ ကလေးတွေက အရင်ကထက်ပိုပြီး သက်သောင့်သက်သာနေလာနိုင်ကြသလို တစ်ဖက်မှာလည်း ဘေးထွက်ဆိုးကျိူးတွေ ရှိနေပါတယ်။ ဒီဆိုးကျိုးတွေက ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေတာတွေ ဖြစ်လာပါပြီ။
ကလေးကြီးထွားမှုကို နှောင့်ယှက်နေတဲ့ ခေတ်သစ်ရန်သူများ
ကလေးကြီးထွားမှုကို နှောင့်ယှက်နေတဲ့ ခေတ်သစ်ရန်သူများ က ဘာတွေများလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော် မေမေဖေဖေတို့ရေ
(၁) ဖုန်းသုံးတာ
အခုနောက်ပိုင်းကာလမှာ စမတ်ခ်ဖုန်း အသုံးပြုမှုတွေ တွင်ကျယ်လာပြီး လူကြီးတွေတင် မဟုတ်ဘဲ ကလေးတွေမှာပါ စမတ်ခ်ဖုန်းတွေ အသုံးပြုလာကြပါတယ်။ ကလေးက လှုပ်လှုပ်ရှားရှား ကစားရမယ့်အချိန်မှာ စမတ်ခ်ဖုန်းကို တစ်ချိန်လုံး ကြည့်နေတာက ကလေးရဲ့ ကြီးထွားမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။
(၂) အထိုင်များတာ
ကလေးတွေက အခုနောက်ပိုင်းမှာ ဖုန်းသုံးတာ တီဗွီကြည့်တာတွေနဲ့ အချိန်တော်တော်များများကို ကုန်ဆုံးလေ့ ရှိကြပါတယ်။ ဒီလို ကုန်ဆုံးတာက အထိုင်များတာကို ဖြစ်စေပါတယ်။ ဒီလို အထိုင်များတာက ကလေးရဲ့ ကြီးထွားမှုကို နှောင့်ယှက်နေပါတယ်။
(၃) လွတ်လွတ်လပ်လပ် ကစားစရာနေရာမရှိတာ
အခုနောက်ပိုင်းက အရင်ကလို ခြံဝန်းကျယ်နဲ့ နေတာထက် တိုက်ခန်းတွေ ကွန်ဒိုတွေမှာ ပိုနေဖြစ်လာကြပါတယ်။ ဒါကြောင့်ပဲ ကလေးတွေမှာ လွတ်လွတ်လပ်လပ် ကစားစရာနေရာ မရှိဖြစ်နေရတာပါ။ အထူးသဖြင့် မြို့ပြမှာနေတဲ့ ကလေးတွေပေါ့။ ဒီလိုမျိုး ကလေးတွေမှာ လွတ်လွတ်လပ်လပ် ကစားစရာနေရာမရှိတာက ကလေးရဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။
(၄) အာဟာရမရှိတဲ့ အပြင်စာ၊ သရေစာတွေ အစားများလာတာ
အရင်က ကလေးတွေက ထမင်းနဲ့ အိမ်မှာ မိခင်တွေ ကိုယ်တိုင်လုပ်ပေးတဲ့ သရေစာတွေကို အစားများကြပေမယ့် အခုနောက်ပိုင်းမှာတော့ ကလေးတွေအတွက် အမျိုးမျိုးသော သရေစာတွေ ထွက်ပေါ်လာတာကြောင့် ကလေးတွေက အပြင်စာတွေ သရေစာတွေကို ပိုစားလာကြပါတယ်။ ဒီအစားအစာတွေက အာဟာရ ပါဝင်မှု နည်းပြီး ကလေးကို အဝလွန်စေတာအပြင် အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်သလို ကြီးထွားမှုကိုလည်း အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
ဖြေရှင်းနည်း မရှိဘူးလား!
ဒါဆို ဒီဘက်ခေတ်မှာ ကလေးကို အကောင်းဆုံး ကြီးထွားစေဖို့ မဖြစ်နိုင်တော့ဘူးလားဆိုတော့ မဟုတ်ပါဘူး။ ဖြေရှင်းနည်းတွေ ရှိပါတယ်။ ဒါကတော့
ကလေးကို အိပ်ချိန် ပြည့်ဝအောင် ဂရုစိုက်ပါ
ကလေးကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကောင်းကောင်း ဖွံ့ဖြိုးစေဖို့ ဆိုရင် ကလေးကို အိပ်ချိန်ပြည့်ဝစေဖို့ ဂရုစိုက်ပေးပါ။ အိပ်စက်ချိန် ပြည့်ဝတာက ကလေးကို အသက်အရွယ်အလိုက် ရှိသင့်တဲ့ ကြီးထွားမှုတွေကို ရရှိစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ ဒါကြောင့် ကလေးကို ညဘက်တိုင်းမှာ အနည်းဆုံး အိပ်ချိန် ၈ နာရီ ရှိအောင် ဂရုစိုက်ပါ။
ကလေးကို ကိုယ်လက်လှုပ်ရှားမှု ရှိအောင် ဂရုစိုက်ပါ
ကလေးက ကစားစရာ နေရာမရှိတာ မှန်ပေမယ့် နေထိုင်ရာ အိမ်ထဲမှာပဲ ကလေးကို ထိုက်သင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကိုပါ လုပ်ဆောင်စေပါ။ ဥပမာ – ကိရိယာလွတ် လေ့ကျင့်ခန်း လုပ်တာမျိုးဖြစ်ဖြစ် ကတာမျိုး ဖြစ်ဖြစ်ပေါ့။ သီချင်း မြူးမြူးလေးတွေနဲ့ ကလေးကို ကစေတာက စိတ်ရောကိုယ်ပါ ကောင်းကောင်း ဖွံ့ဖြိုးစေမှာပါ။
စမတ်ခ်ဖုန်း အသုံးပြုမှုကို ကန့်သတ်ပါ
စမတ်ခ်ဖုန်းတွေပေးလိုက်ရင် ကလေးတွေ ငြိမ်နေတယ်။ အထိန်းရသက်သာတယ် ဆိုပေမယ့် ကလေးက တစ်ချိန်လုံး ဖုန်းသုံးနေမယ်ဆိုရင် လှုပ်ရှားမှု နည်းပြီး ကြီးထွားမှုကို အဟန့်အတား ဖြစ်စေမှာပါ။ ဒါကြောင့် ကလေးကို စမတ်ခ်ဖုန်း ပေးမသုံးတာက အကောင်းဆုံးပါ။ ဒါပေမယ့် ကလေးအတွက် သင်ကြားရေး အထောက်အကူပြု အစီအစဉ်လေးတွေ ပြချင်တယ်ဆိုရင်တောင် စမတ်ခ်ဖုန်းကို အချိန်လေး တစ်ခုနဲ့ ပေးသုံးပါ။
အာဟာရ ဂရုစိုက်ပါ
ကလေးကို အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ လုပ်ဆောင်ပေးလို့ ရတဲ့ နောက်ထပ် နည်းလမ်း တစ်ခုကတော့ နေ့စဉ်အာဟာရကို ဂရုစိုက်တာပါ။ ကလေးရဲ့ နေ့စဉ် စားသုံးမှုကနေ အသင့်စား၊ အမြန်စား အစားအစာတွေကို ဖယ်ထုတ်ပြီး အာဟာရဖြစ်စေမယ့် အိမ်ချက် အစားအစာတွေကို ပြင်ဆင်ပေးလို့ ရသလို နေ့စဉ်စားသုံးမှုမှာ ဖြည့်စွက်အာဟာရအနေနဲ့ ကလေးတစ်ယောက် ကြီးထွားဖို့ လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေ ပြည့်ပြည့်ဝဝ ပါဝင်အောင် ဖော်စပ်ထုတ်လုပ်ထားတဲ့ ဖော်မြူလာနို့ကို ပြင်ဆင်ပေးလို့လည်း ရပါတယ်။
မေမေဖေဖေတို့အနေနဲ့ ဒီအချက်လေးတွေကို ဂရုစိုက်ပေးမယ်ဆိုရင် ကလေးကို ခေတ်သစ်ရန်သူတွေကြောင့် ကြီးထွားမှု အနှောင့်အယှက်ဖြစ်တာကနေ ကင်းဝေးစေမှာပါ။