backup og meta

ကလေးရဲ့လေ့လာသင်ယူမှုစွမ်းရည်ကို ဘယ်လိုပျိုးထောင်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးရဲ့လေ့လာသင်ယူမှုစွမ်းရည်ကို ဘယ်လိုပျိုးထောင်မလဲ

    မိဘရယ်လို့ ဖြစ်လာပြီဆိုရင် ကိုယ့်ရဲ့ သားသမီးတွေအတွက် အမြဲစိတ်ပူပန်နေရတာ၊ ပြုစုစောင့်ရှောက်နေရတာ သဘာဝပါပဲ။ ကိုယ်ဝန်ဆောင်စဉ်မှာလည်း သန္ဓေသားနဲ့ မိခင်ကျန်းမာစေဖို့ အစာအာဟာရကို သေချာရွေးချယ်စားသောက်ရတယ်။ ကျန်းမာရေးကိုလည်း ဂရုစိုက်ရတယ်။

    ကလေးမွေးပြီးတဲ့နောက်မှာလည်း ကလေးအတွက် အစာအာဟာရ၊ နောင်ရေး၊ ပညာရေး အစရှိသဖြင့် မိဘတွေမှာ မျှော်လင့်ချက်တွေ ကြီးမားရပြန်ပါတယ်။ ကလေးတွေအတွက် ကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်ရစေဖို့ မိဘတွေအနေနဲ့ ပျိုးထောင်ပေးလို့ ရမယ့် နည်းလမ်းတွေ ရှိသလို အစာအာဟာရကိုလည်း သေချာချက်ပြုတ်ကျွေးမွေးပေးဖို့ လိုအပ်ပါတယ်။

    ကလေးတွေကို သင်ယူလိုစိတ်ရှိအောင် ဘယ်လိုပျိုးထောင်ပေးမလဲ။

    ကလေးတွေဟာ အတုမြင် အတတ်သင်ကြတဲ့ အရွယ်ပါ။ ကလေးတွေရဲ့ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေနိုင်ဖို့ မိဘတွေအနေနဲ့ ဘယ်လိုပြုမူနေထိုင်သင့်လဲ၊ ဘယ်လို အမူအကျင့်မျိုး လုပ်ဖို့လိုသလဲဆိုတာကို ပြောပြပေးမယ်နော်။

    ၁။ စာဖတ်တဲ့ အလေ့အကျင့်ကို မွေးပေးပါ။

    “စာအုပ်စာပေ လူ့မိတ်ဆွေ” ဆိုတဲ့ ဆောင်ပုဒ်ကို သိကြမှာပါ။ စာဖတ်ြခင်းဖြင့် ကလေးတွေအတွက် သိသင့်သိထိုက်တဲ့ ဗဟုသုတတွေကို တိုးပွားစေသလို လေ့လာသင်ယူလိုစိတ် ပိုမိုတိုးတက်စေပါတယ်။ စာအုပ်ဖတ်ခြင်းဖြင့် ကလေးရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးနိုင်တယ်။ ဘာသာစကားတွေနဲ့ ရင်းနှီးအကျွမ်းတဝင်ဖြစ်စေတယ်။ ဉာဏ်ရည်ကိုလည်း ထက်မြက်စေတာကြောင့် ငယ်စဉ်ကတည်းက စာဖတ်တဲ့ အလေ့အကျင့်ကို ပျိုးထောင်ပေးပါ။

    ၂။ ကိုယ့်ကလေးအပေါ်မှာ ယုံကြည်မှုရှိပါ။

    ယုံကြည်မှုဟာ အောင်မြင်စေဖို့အတွက် တွန်းအားပါပဲ။ မိဘတစ်ယောက်အနေနဲ့ ကိုယ့်အပေါ် ယုံကြည်မှုရှိတယ်ဆိုတဲ့ အသိဟာ ကလေးတွေကို လေ့လာသင်ယူလိုစိတ် ပိုပြီးဖြစ်လာစေဖို့ အထောက်အကူပေးပါတယ်။ ကိုယ့်ကလေး လုပ်နေတဲ့အရာ၊ သင်ယူနေတဲ့ အရာပေါ်မှာ ယုံကြည်မှုရှိတယ်ဆိုတာကို စကားနဲ့ဖြစ်စေ၊ အမူအရာနဲ့ဖြစ်စေ ပြောပြပေးပါ။

    ၃။ အိမ်ထဲမှာ လှောင်ပိတ်မထားပါနဲ့။

    မိဘတွေရဲ့ စိုးရိမ်မှုတွေထဲမှာ အပြင်ထွက်ကစားလိုက်လို့ ကိုယ့်ကလေး ထိခိုက်သွားမလား၊ စာတွေနဲ့ ပတ်သက်ပြီး လွတ်သွားမလားဆိုပြီး ပူပန်တတ်ကြပါတယ်။ တစ်ဖက်မှာလည်း ကျောင်းစာတွေက များလွန်းတဲ့အခါ ကလေးတွေ အချိန်တိုင်း အိမ်စာတွေလုပ်နေရတာ၊ စာလုပ်နေရတာနဲ့ အပြင်ထွက်ကစားဖို့တောင် အချိန်မရှိတော့တဲ့အထိပါပဲ။ ကစားချိန်တန် ကစား၊ စာလုပ်ချိန်တန် စာလုပ်၊ အခန်းထဲမှာပဲ အောင်းနေပြီး စာလုပ်၊ တီဗီကြည့်နေမယ့်အစား အချိန်လေးဖယ်ပြီး အပြင်ထွက်ကစားတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ အားကစားလုပ်တာမျိုး ပြုလုပ်ပေးပါ။ နိုးကြားတက်ကြွနေတဲ့ ကလေးတွေဟာ စာချည်းလုပ်နေတဲ့ကလေးတွေထက် တီထွင်ဖန်တီးနိုင်စွမ်း ပိုမြင့်ပြီး ကျောင်းစာကိုလည်း ကောင်းကောင်းလိုက်နိုင်တာကို တွေ့ရပါတယ်။ ဒါ့အပြင် လှုပ်ရှားမှုမရှိဘဲ ထိုင်နေလို့ အဝလွန်ရောဂါ၊ လေးလံထိုင်းမှိုင်းတာမျိုးလည်း ဖြစ်တော့မှာ မဟုတ်ပါဘူး။

    ၄။ ကလေးရဲ့ ဝါသနာကို ပျိုးထောင်ပါ။

    ကလေးတိုင်းမှာ မတူညီတဲ့ ဝါသနာတွေ ရှိပါတယ်။ ကိုယ်ဖြစ်စေချင်တဲ့ ပုံစံခွက်အတိုင်း ဝင်အောင် ကလေးကို ပုံသွင်းတာထက် ကလေးရဲ့ ဝါသနာ၊ စိတ်ဆန္ဒကို မိဘတွေက ဘေးကနေ ပိုပြီးအောင်မြင်အောင်၊ အနာဂတ်လမ်း တိမ်းစောင်းမသွားအောင် ဖေးမကူညီတာ၊ တိုင်ပင်ဆွေးနွေးခြင်းဖြင့် ကိုယ့်ကလေးရဲ့ အရာရာအပေါ် သင်ယူလိုစိတ်ကို ပျိုးထောင်ပေးပါ။

    ၅။ ကလေးတွေရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုပေးပါ။

    ကျောင်းစာမှာ အဆင့် ၁ ရမှ ငါ့ကလေးတော်လိုက်တာ လို့ ချီးမွမ်းခန်းဖွင့်မယ့်အစား ကိုယ့်ကလေး အကောင်းဆုံးကြိုးစားခဲ့နိုင်မှုအပေါ် အသိအမှတ်ပြုပေးပါ။ မိဘတွေရဲ့ အသိအမှတ်ပြုတာ ခံရတဲ့ ကလေးတွေဟာ အရင်ကထက် ပိုပြီး ကြိုးစားလိုစိတ်၊ သင်ယူလိုစိတ်တွေ ဖြစ်စေတဲ့အပြင် မိသားစုနဲ့ ကလေးကြား သံယောဇဉ်ကိုလည်း ပိုမိုတိုးလာနိုင်စေပါတယ်။

    အစာအာဟာရက ကလေးရဲ့ သင်ယူမှုစွမ်းရည်ကို ဘယ်လိုသက်ရောက်စေလဲ။

    အသက်အရွယ်မရွေး ကျန်းမာပြီး အာဟာရြပည့်ဝတဲ့ အစားအစာတွေကို နေ့စဉ်စားသောက်ပေးဖို့ အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်နေတဲ့ မိခင်တွေ၊ အရွယ်ငယ်သေးတဲ့ ကလေးတွေဆိုရင် ပိုပြီးတောင် ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

    မိခင်တွေအနေနဲ့ ကိုယ်ဝန်ဆောင်စဉ်မှာ အာဟာရမျှတတဲ့ အစားအစာတွေကိုသာ ရွေးချယ်စားသုံးသင့်ပါတယ်။ ဗီတာမင်အစုံအလင်ပါဝင်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေအပြင် ပရိုတင်းဓါတ်ပါဝင်တဲ့ အသား၊ ငါး၊ ဥအမျိုးမျိုး၊ အစေ့အဆန်၊ နို့ထွက်ပစ္စည်းတွေကို လုံလောက်စွာ စားပေးဖို့ အရေးကြီးပါတယ်။

    မိခင်တွေအနေနဲ့ ကလေးမွေးပြီးတဲ့ အချိန်မှာလည်း နို့ထွက်အားကောင်းစေဖို့ အာဟာရဖြစ်စေတဲ့ အစားအစာတွေကို များများစားပေးရပါမယ်။ မိခင်နို့မှာ ကလေးတွေ ကြီးထွားသန်စွမ်းဖို့နဲ့ ဉာဏ်ရည်ထက်မြက်စေဖို့ အာဟာရဓါတ်တွေ အများအပြားပါဝင်တဲ့အတွက် ကလေးတွေကို ၆ လ မပြည့်ခင်အချိန်ထိ မိခင်နို့တစ်မျိုးပဲ မှန်မှန်တိုက်ကျွေးပေးပါ။

    ကလေး အသက် ၆လပြည့်ပြီးနောက်မှာလည်း DHA, Omega – 3, Omega – 6 ပါဝင်တဲ့ အစားအစာတွေ၊ ကလေးကြီးထွားမှုကို အထောက်အကူဖြစ်စေတဲ့ နို့မှုန့်တွေကိုသာ ရွေးချယ်တိုက်ကျွေးသင့်ပါတယ်။ ကလေးဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ထက်မြက်စေမှုအတွက် မရှိမဖြစ်လိုအပ်တဲ့အာဟာရတွေ ဖြစ်လို့ ငယ်ရွယ်စဉ်ကတည်းက ဂရုစိုက်ပြီး ကျွေးဖို့လိုအပ်ပါတယ်။

    ကလေးတွေ ကြီးလာတာနဲ့အမျှ ကိုယ်ခန္ဓါကြီးထွားဖွံ့ဖြိုးမှုအတွက် နေ့စဉ်ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ပိုမိုလိုအပ်လာမှာပါ။ သံဓါတ်၊ ကလေးတွေရဲ့ ဦးနှောက် ကျန်းမာဖွံ့ဖြိုးမှုအတွက် ဗီတာမင် B အုပ်စု၊ ဖောလစ်အက်ဆစ်၊ အိုင်အိုဒင်းဓါတ်တွေကို ပြည့်ဝမျှတစွာ စားသုံးပေးဖို့ အရေးကြီးပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement