backup og meta

မိဘတွေ သိထားသင့်တဲ့ ကလေးတွေအတွက် ဗီဒီယိုဂိမ်း ပေးဆော့နည်း လမ်းညွှန်


Ye Zon Aung မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိဘတွေ သိထားသင့်တဲ့ ကလေးတွေအတွက် ဗီဒီယိုဂိမ်း ပေးဆော့နည်း လမ်းညွှန်

    ဒီကနေ့ခေတ်မှာ ဗီဒီယိုဂိမ်းတွေဟာ အသက်အရွယ်မရွေး လူအတော်များများနဲ့ မကင်းကွာတော့တဲ့ အရာတွေဖြစ်ပါတယ်။

    လူအတော်များများဟာ Console၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ တက်ဘလက်စတဲ့ အီလက်ထရွန်နစ် ထုတ်ကုန်မျိုးစုံကနေ ဗီဒီယိုဂိမ်းဆော့ကစားနေကြပြီဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ ဗီဒီယိုဂိမ်းဆော့ကစားသူပေါင်း ၁.၂ ဘီလီယံတောင်ရှိပါတယ်။ ကမ္ဘာ့လူဦးရေက ၇.၆ ဘီလီယံသာရှိတာမို့ ကမ္ဘာ့လူဦးရေရဲ့ ၁၆% ဟာ ဂိမ်းဆော့ကစားကြတယ်ဆိုတဲ့ သဘောပါ။

    ခုနောက်ပိုင်းကာလတွေမှာ လူငယ်အများစုဟာ ဂိမ်းကစားခြင်းကို နေ့စဉ်ပုံမှန်ပြုလုပ်နေကျ လုပ်ငန်းဆောင်တာတစ်ခုလို ပြုလုပ်နေကြပြီး အချို့လူငယ်တွေဟာဆိုရင် စွဲလမ်းတဲ့အဆင့်ကို ရောက်ရှိနေကြပါပြီ။

    ဒါဟာ ကောင်းမွန်တဲ့ လက္ခဏာတော့မဟုတ်ပါဘူး။ ဂိမ်းကို စွဲလမ်းလွန်းလာတဲ့အခါ ဘေးထွက်ဆိုးကျိုးတစ်ချို့ဖြစ်ပေါ်လာပါတယ်။ ဒါတွေကတော့

  • ဂိမ်းကစားသည့် အချိန် တဖြည်းဖြည်းများလာတာ
  • ဂိမ်းအကြောင်းကိုသာ တွေးမိနေမိတာ
  • လက်တွေ့ဘဝမှာ ရင်ဆိုင်နေရသည့် ပြဿနာတွေ၊ စိုးရိမ်စိတ်တွေ၊ စိတ်ဓာတ်ကျဆင်းတာတွေကနေ လွတ်မြောက်ဖို့ ဂိမ်းကစားတာ၊
  • ဂိမ်းကစားရဖို့ လိမ်ညာပြောဆိုလာတာ၊
  • ဂိမ်းမကစားရတဲ့အခါ နေမထိထိုင်မသာဖြစ်လာတာ၊ စတာတွေပါပဲ။
  • ဂိမ်းကို အလွန်အကျွံကစားတဲ့အခါ မိမိတို့ရဲ့ ပင်ကိုယ်မူလပုံစံနဲ့ မတူကွဲပြားစွာ ပြုမူလာနိုင်ပါတယ်။ အေးအေးနေတတ်တဲ့ ကလေးတစ်ယောက်ဟာ ရန်လိုကြမ်းတမ်းလာနိုင်သလို ရှက်ကြောက်တတ်တဲ့ ကလေးတစ်ယောက်ဟာလည်း အပေါင်းအသင်းမက်လာနိုင်ပါတယ်။

    ကိုယ့်ရဲ့ ရင်သွေးဟာ ဒီလို ဗီဒီယိုဂိမ်းတွေကို စွဲလမ်းနေတတ်သူတစ်ယောက်ဖြစ်လာပြီဆိုရင် မိဘတွေအတွက် ရင်ပူစရာနေ့ရက်တွေစတင်လာပါတော့တယ်။ ဒီပြဿနာကို အဖြေရှာဖို့၊ ရင်သွေးနဲ့ ဆက်ဆံရေးအဆင်ပြေဖို့၊ အလွန်အမင်း ဆူပူကြိမ်းမောင်းမှုတွေ မလုပ်မိဖို့ လိုအပ်ပါတယ်။

    ဗီဒီယိုဂိမ်းတွေက မကောင်းဘူးလား

    ဗီဒီယိုဂိမ်းတွေဟာ အမြဲတစေ ဘေးထွက်ဆိုးကျိုးတွေနဲ့ စွဲလမ်းမှုတွေချည်း ပေးနိုင်တဲ့အရာတွေတော့မဟုတ်ပါဘူး။ ဒါကြောင့်လည်း တချို့သော ကျန်းမာရေးကုထုံးတွေမှာ ဗီဒီယိုဂိမ်းတွေကို ထည့်သွင်းအသုံးချလာကြတာဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ အားကစားနည်းတစ်မျိုးလည်းဖြစ်လာတာဖြစ်ပါတယ်။

    ဗီဒီယိုဂိမ်းတွေကို အလွန်အကျွံသဘောမဆောင်ပဲ ပုံမှန်တကျနဲ့ စည်းနဲ့ဘောင်နဲ့ ဆော့ကစားမယ်ဆိုရင် …

    • ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးတာ၊
    • ဖြတ်ထိုးဉာဏ် အသုံးချနိုင်စွမ်းကိုလည်း တိုးမြှင့်ပေးတာ၊
    • ပင်ကိုယ်အရည်အသွေးနဲ့ အာရုံစူးစိုက်နိုင်စွမ်းတွေကိုလည်း တိုးတက်စေတာ၊
    • အသိအမြင်မူမမှန်တဲ့ရောဂါနဲ့ မှတ်ဉာဏ်ပျောက်ဆုံးတဲ့ရောဂါတွေကို ကုသရာမှာ အထူးအသုံးပြုတာ စတဲ့အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။

    သက်ကြီးရွယ်အိုတွေနဲ့သက်ဆိုင်တဲ့ မှတ်ဉာဏ်ဆိုင်ရာရောဂါတွေကို ဗီဒီယိုဂိမ်းနဲ့ ကုသနိုင်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာမှာ လူငယ်တွေ ဗီဒီယိုဂိမ်းအသုံးပြုမှုကို ပိတ်ပင်တာထက် အကျိုးရှိအောင် ထိန်းကြောင်းလမ်းပြပေးတာက ရလဒ်ကောင်းပိုထွက်လာစေတယ်လို့ မှတ်ယူထားကြတာပါ။

    ဘယ်လိုဆော့ခိုင်းမလဲ

    မြန်မာပြည်မှာတော့ ဗီဒီယိုဂိမ်းဆော့တာဟာ မကောင်းဘူးဆိုတဲ့ တစ်ဖက်သက်အမြင်ရှိတဲ့ မိဘတချို့ရှိနေကြဆဲပါ။ ယခင်ကာလတွေကထက် နည်းပါးသွားပေမယ့်လည်း အတန်အသင့်တော့ ရှိနေပါသေးတယ်။

    တစ်ခြားတစ်ဖက်မှာလည်း ကလေးငြိမ်နေရင်ပြီးရော လက်ထဲဖုန်းထည့်ပေးထားမယ်ဆိုတဲ့ မိဘတစ်ချို့ကလည်း ရှိနေပြန်ပါတယ်။ အမေရိကမှာဆို ကလေး ၉၀% လောက်က ဂိမ်းဆော့ကြပါတယ်။ မိဘ ၂၉% လောက်လည်း ဂိမ်းဆော့ကြပါသေးတယ်။

    တကယ်တော့ လူကြီးဖြစ်ဖြစ်၊ ကလေးဖြစ်ဖြစ် ဗီဒီယိုဂိမ်းဆော့ကစားခိုင်းတော့မယ်ဆိုရင် နည်းလမ်းတကျ ဆော့ကစားခိုင်းဖို့ လိုအပ်ပါတယ်။ အသက်အရွယ်အလိုက် ဘယ်လိုဆော့ကစားခိုင်းသင့်လဲဆိုတာကို ကျွမ်းကျင်သူတွေက လမ်းညွှန်ထားတာတွေ ရှိပါတယ်။

    • ၂ နှစ်အထိ – ဒီအရွယ်တွေဟာ တယ်လီဗီးရှင်းတွေ၊ ဖုန်းစခရင်တွေကို ကြည့်နေရမယ့်အရွယ်တော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် ဦးနှောက်ဖွံ့ဖြိုးကာစအချိန်တွေဖြစ်တာမို့ အချိန်အနည်းငယ်စီလောက် ကလေးတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ ဦးနှောက်အကျိုးပြုဂိမ်းလေးတွေ ပေးဆော့နိုင်ပါတယ်။ ဆိုးကျိုးမရှိနိုင်ပါဘူး။ တစ်နေကုန် Youtube ဖွင့်ပေးထားတာမျိုးကသာ အန္တရာယ်များတဲ့ အပြုအမူဖြစ်ပါတယ်။
    • ၂ – ၆ နှစ်အထိ – ဒီအရွယ်မှာ ကလေးတွေဟာ အသိဉာဏ် ပိုမိုဖွံ့ဖြိုးလာကြပါပြီ။ တယ်လီဗီးရှင်းတွေ၊ စမတ်ဖုန်းတွေအကြောင်းကို ကောင်းကောင်းနားလည်လာကြပါပြီ။ တစ်ခါတစ်လေဆို သူတို့ကတောင် ဘိုးဘိုးဘွားဘွားတွေကို ဘယ်လိုသုံးရတယ်ဆိုတာကို ပြန်သင်ပေးနေကြတယ်မဟုတ်လား။ ဒီအချိန်မှာ ဂိမ်းတွေ စပြီးပေးဆော့လို့ရပါပြီ။ ဒါပေမယ့် ဒီအချိန်မှာ သူတို့ အာရုံစိုက်ရမယ့် အရေးကြီးတဲ့အရာတွေအများကြီးရှိနေပါတယ်။ သူငယ်ချင်းတွေနဲ့ ဆော့ကစားဖို့၊ ဘယ်လိုပေါင်းသင်းဆက်ဆံရမယ်ဆိုတာကို နားလည်ဖို့၊ စာဖိတ်ဖို့၊ လေ့လာဖို့၊ စသဖြင့်ပါပဲ။ ဒါကြောင့် ဂိမ်းဆော့တာကို အနည်းအကျဉ်းသာ ခွင့်ပြုပေးသင့်ပါသေးတယ်။
    • ၇ နှစ်နဲ့ အထက် – ဒီအသက်အရွယ်တွေကို ဂိမ်းဆော့ရမယ့် အရွယ်တွေလို့ သတ်မှတ်ကြပါတယ်။ ဒါပေမယ့် တစ်နေ့ကို ၅ နာရီ ၆ နာရီကြာ ဂိမ်းဆော့ကစားတာဟာ ဘယ်အသက်အရွယ်အတွက်မှ မကောင်းတဲ့ ကိစ္စဖြစ်ပါတယ်။ တစ်ပတ်ကို ၁၀ နာရီထက်ပိုပြီး ပေးမဆော့သင့်တာကို သတိထားဖို့ လိုအပ်ပါတယ်။ နောက်ပြီး ကိုယ်လက်လှုပ်ရှားမှုတွေ ပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြတ်တောက်မသွားအောင်လည်း ဂရုပြုပေးဖို့ လိုအပ်ဦးမှာပါ။

    ဗီဒီယိုဂိမ်းတွေဟာ လူလုပ်ထုတ်ကုန်တွေသာဖြစ်ပါတယ်။ အသုံးချသူတွေဟာလည်း လူတွေကိုယ်တိုင်ပါပဲ။ ဒါကြောင့် ကောင်းခြင်းဆိုခြင်းကို ပြောဆိုကြရာမှာ အသုံးချသူတွေရဲ့ အပြုအမူနဲ့ အထိန်းအကွပ်တွေကသာ အဆုံးအဖြတ်ပေးသွားမှာဖြစ်ပါတယ်။

    ဘယ်အသက်အရွယ်မှာမဆို ရင်သွေးတွေ၊ ကလေးတွေ ဗီဒီယိုဂိမ်းဆော့ကစားတာနဲ့ ပတ်သက်ပြီး မလျော့မတင်း စည်းကမ်းတွေချမှတ်ပြီး စနစ်တကျ ဆော့ကစားစေတာက သူတို့အတွက် အကျိုးဖြစ်ထွန်းစေပါလိမ့်မယ်။

    အရမ်းတင်းကျပ်လွန်းတာနဲ့ မဆင်မခြင်လွှတ်ထားတာမျိုးကတော့ ဆိုးကျိုးတွေကိုသာ ယူဆောင်လာပေးမှာဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement