backup og meta

ကလေးများရန်ဖြစ် လျှင် မိဘများက ဘယ်လိုတားမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများရန်ဖြစ် လျှင် မိဘများက ဘယ်လိုတားမလဲ

    ကလေးများရန်ဖြစ် ခြင်းသည် သဘာဝပင်ဖြစ်ပြီး မောင်နှမများသည် မိဘတို့၏ အာရုံစိုက်မှုကို ရရှိစေရန် တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြီးရန်ဖြစ်ခြင်းများပြုလုပ်တတ်ကြသည်။

    မောင်နှမတိုင်းတွင် ပဋိပက္ခဖြစ်တတ်သည်မှာ ပုံမှန်ဖြစ်ပြီး သဘောထား မတိုက်ဆိုင်ခြင်းများကလည်း ရှောင်လွဲမရတတ်ပါ။ သို့သော် ကလေးများကြား ဆက်ဆံရေးပြန်လည် ကောင်းမွန်စေရန် အချက်မှာ ရန်ဖြန်တာကို ဘယ်လိုပြန်ဖြေရှင်းသလဲပေါ် မူတည်ပါသည်။

    ညီအစ်ကို မောင်နှမချင်း ရန်ဖြစ်တာ မဆန်းပါ။ ဖြစ်ကိုဖြစ်တတ်သည်ကို သင်သိထားရပါမည်။ သို့သော် တခြားအရာများလိုပင် သင်ကိုင်တွယ်ရမည့်နည်းလမ်းနှင့် ဗျူဟာများတော့ လိုပါလိမ့်မည်။

    ကလေးတွေ ဘာကြောင့် ရန်ဖြစ်ရသလဲ။

    ပထမဆုံးအနေနှင့် ကလေးများရန်ဖြစ် ရသည့် အကြောင်းရင်း၄ ခုရှိသည်ကို သိထားသင့်ပါသည်။ တစ်ခုစီကလည်း ခံစားချက်တစ်မျိုးစီကို အခြေခံပါသည်။ အဘယ့်ကြောင့်ဆိုသော် ကလေးများရန်ဖြစ်ခြင်းသည် များသောအားဖြင့် ခံစားချက်တွေကြောင့်ဖြစ်ပြီး ဟုတ်တိပတ်တိအကြောင်းများကြောင့် မဟုတ်ပါ။

    • ပျင်းရိခြင်း

    သင့်ကလေး ပျင်းလာသည့်အခါ သူ့ကိုပြန်တုန့်ပြန်မှာ သေချာသည့် တစ်ယောက်ယောက်ကို အပျော်စနောက်ရန်ရှာတာထက် ကောင်းတဲ့နည်းလမ်းရှိမှာ မဟုတ်ပါဘူး။

    ပျင်းဖို့အချိန်မရှိစေရန် ပျော်ရွင်စရာကောင်းသည့် စိတ်ဝင်စားစရာတစ်ခုခုကို သင် ဒါမှမဟုတ် တခြားတစ်ယောက်ယောက်နှင့်အတူ လုပ်ခိုင်းကြည့်ပါ။

  • မိဘများ၏ အာရုံစိုက်မှုရရန်အတွက်
  • သင့်ကလေးတွင် သူ့ကို ပစ်ထားသလို၊ မချစ်တော့သလို သို့မဟုတ် သတိမပြုမိသလို ခံစားရသည့်အခါ စိတ်ထဲ၌ “သား/သမီးကို ကြည့်ကြ။ ကောင်းကောင်းဆိုးဆိုး အဖက်လုပ်ကြ” ဆိုပြီး ကြိတ်အော်နေတတ်၏။

    သူတို့ကို အာရုံစိုက်လာစေရန် ရန်ဖြစ်ပြလေ့ ရှိကြသည်။ လုံးဝဂရုမစိုက်တာထက်စာရင် ဆူခံရိုက်ခံရတာက အသိအမှတ်ပြုမှုတစ်ခုလို့ ယူဆသောကြောင့် ဖြစ်ပါသည်။

    ထို့ကြောင့် ကလေးကို အချိန်ပိုပေး၊ အာရုံပိုစိုက်ပေးပါ။ ကလေးနှင့်အတူ ရှိပေးနိုင်မည့် နေ့၊ ညအချိန်များကို စာရင်းလုပ်ထားပါ။

    • ပြဿနာများ

    ကလေးသည် သူ့ကို တရားခံအဖြစ်ရောက်အောင် လုပ်နေသလို သို့မဟုတ် သူ့ကြောင့်ဆိုပြီး ဒေါသပုံချခံရသည့်အခါ သို့မဟုတ် မမျှမတ ခံစားရလျှင် စိတ်တိုနေတတ်ပါသည်။

    ဤအခြေအနေတွေ တစ်ဖက်သတ် အပြစ်ပေးခြင်းကို ရှောင်ပါ။ ကလေးတစ်ဦးစီ၏ အမြင်နှင့် ခံစားချက်များကို လက်ခံအသိအမှတ်ပြုပေးပါ။ လက်ခံကြောင်းကိုလည်း ကလေးများသိအောင် ဖော်ပြပေးပါ။ ရန်ဖြစ်သူနှစ်ဦးလုံး သဘောတူညီချက်ရသည်အထိ ကူညီပါ။ ကြားဝင်လုပ်ပေးတာထက် အချင်းချင်းအကြံပေါ်လာအောင် ကူညီရပါမည်။

    • ခါးသီးသောခံစားချက်များ စုပုံလာခြင်း

    ဤရန်ဖြစ်ခြင်းအမျိုးအစားသည် များသောအားဖြင့် အထက်ပါသုံးမျိုးကို မိဘများ၏ အထောက်အကူမဖြစ်သော ဖြေရှင်းခြင်းပုံစံများကြောင့် ဖြစ်လာရခြင်းဖြစ်သည်။ မိဘများမှ ကလေးများ၏ ပြဿနာများကို ဝင်ရောက်ဖြေရှင်းရန် ကြိုးစားသည့်အခါ သို့မဟုတ် မောင်နှမရန်ဖြစ်လို့ အပြစ်ပေးသည့်အခါတွင် ကလေးသည် မိဘနှင့် တခြားမွေးချင်းပေါ်တွင် ခါးသီးသော ခံစားချက်များ ခံစားသွားရနိုင်သည်။

    သဘောကောင်းခြင်း၊ ချစ်တတ်ခြင်း၊ ဂရုစိုက်တတ်ခြင်းလို အပြုအမူများကို ကလေးများတွင် သတိပြုပြီး ကလေးများကို ဖော်ပြပေးပါ။ ကလေးများသည် သင်၏ ညီတူမျှတူချစ်မှု၊ ဂရုစိုက်မှု၊ တန်ဖိုးထားမှုတို့ကို လိုအပ်ပါသည်။

    ဒီနည်းဖြင့် သူတို့တွင် သင့်မေတ္တာနှင့် အာရုံစိုက်မှုကို မျှမျှတတရသည့်အတွက် ကျေနပ်လာပါလိမ့်မည်။ ကလေးတစ်ဦးစီနှင့် အချိန်ပေးနိုင်အောင်လုပ်ပါ။ ကလေးတိုင်းကို ပြုံးခြင်း၊ ထွေးပွေ့ခြင်းများ များများလုပ်ပေးပါ။ ကလေးတစ်ယောက်နှင့် တစ်ယောက်ကို ယှဉ်ယှဉ်ပြီးမပြောပါနှင့်

    ကလေးများရန်ဖြစ် လျှင် ဖြန်ဖြေခြင်း

    ကလေးနှင့် ပြိုင်ပြီး မငြင်းပါနှင့်။ ကလေးရော သင့်ကိုယ်သင့်ပါ လေးလေးစားစား ဆက်ဆံပါ။ သင်စကားပြောသည့်အခါ ဦးတည်ချက်ရှိရှိပြောပါ။ စကားလုံးများကို ရိုးရိုးရှင်းရှင်းသာ သုံးပါ။ ဥပမာ – အမေ သားအကူအညီလိုတယ်။ သားလုပ်ရမှာက သားအရုပ်လေးတွေကို ကောက်သိမ်းရုံပဲ။ ဟုတ်ပြီလား၊ အခုစလုပ်လိုက်ရအောင်။

    အမိန့်ဆန်သော သို့မဟုတ် မေးခွန်းဆန်သောစကားများကို ရှောင်ပါ။ ဥပမာ – မင်းအရုပ်တွေ အခုချက်ချင်းသိမ်းစမ်း သို့မဟုတ် အရုပ်တွေ သိမ်းချင်လား။

    ကလေးအား စကားရည်လုခြင်းနှင့် ပြိုင်ငြင်းခြင်းကြား ကွဲပြားမှုကို သင်ပေးပါ။ စကားရည်လုခြင်းသည် လူနှစ်ယောက်အား တစ်ယောက်စီ၏အမြင်ကို တစ်ယောက်ကရန်မလုပ်ဘဲ ချပြဆွေးနွေးကာ အနိုင်အရှုံးကွဲစေခြင်းဖြစ်သည်။ ပြိုင်ငြင်းခြင်းကမူ အနိုင်အရှုံးလုခြင်းမျိုးဖြစ်သည်။

    စကားလုံးများအစား ကိုယ်ဟန် မျက်နှာအမူအယာကို သုံးပါ။ ရိုးရှင်းသော ကိုယ်ဟန်မျက်နှာအမူအယာများမှာ –

    • ကလေးအားကြည့်ပြီး စိတ်ရှည်ရှည်နားထောင်နေကြောင်း ပြပါ။
    • စိတ်ဆိုးဒေါသထွက်တာမျိုးကို ရှောင်ပါ။
    • ကလေးနှင့်အတူထိုင်ပြီး မိဘနှင့်ပြိုင်ပြီး ရန်ဖြစ်လျှင် ဖြစ်လာနိုင်မည့် မကောင်းသည့် နောက်ဆက်တွဲပြဿနာများကို ကလေးများသိအောင်လုပ်ပေးပါ။ ဖြစ်လာမည့် နောက်ဆက်တွဲများကို ပြင်ဆင်ထားပြီး ထိုအတိုင်းပြပေးပါ။
    • နောက်ဆက်တွဲကို မပြခင် နောက်တစ်ခါ မိဘနှင့်ရန်ဖြစ်တာမျိုး မလိုချင်ကြောင်း သတိပေးလျှင်လည်း ရပါ၏။ အထက်တွင်ပြောထားသော ပထမဥပမာကို သတိရပါ။
    • ကလေးကို မက်လုံးပေးပါ။ သို့သော် ဒီနည်းကို လွန်လွန်ကျွံကျွံမသုံးပါနှင့်။ သို့မဟုတ် အလုပ်လုပ်လျှင် ထိုက်တန်သည့်ဆုကို ပြန်ရတတ်ကြောင်းကို ကလေးအား သင်ကြားပေးပါ။ ဥပမာ ပန်းကန်ဆေးရင် သူငယ်ချင်းတွေနဲ့ သွားကစားရမှာနော် ဆိုတာမျိုး။
    • ခွင့်တောင်းတတ်ဖို့ ကလေးကို သင်ပေးပါ။ စကားများ ရန်ဖြစ်ခြင်းများကို မဖြစ်စေရန် ဤအချက်က အထောက်အကူပြုပါသည်။ နောက်ပိုင်းတွင် အချင်းများစေနိုင်မည့် တောင်းဆိုမှုများ ကလေးမှ လုပ်လာနိုင်သည့်အတွက်လည်း ပြင်ဆင်ထားရပါမည်။ ကလေး၏ တောင်းဆိုမှုသည် သူ့အသက်အရွယ်အတွက် ပုံမှန်ဟုတ်မဟုတ် ကျောင်းဆရာ သို့မဟုတ် ကလေးများနှင့် အတူတွဲကာ အလုပ်လုပ်ဖူးသောသူများကို မေးကြည့်ပါ။
    • တောင်းဆိုမှုလုပ်လျှင် အိမ်မှာ သို့ နှစ်ယောက်တည်းရှိချိန်တွင် လုပ်ရမည်ဖြစ်ကြောင်း ကလေးကို သိအောင်လုပ်ပါ။ ဥပမာ တချို့မိဘများသည် ကလေးမှ သူငယ်ချင်းအိမ်တွင် အိပ်မည့်အကြောင်း ထိုသူငယ်ချင်းရှေ့၌ ခွင့်တောင်းပါက လုံးဝသွားခွင့်ပေးမည်မဟုတ် ဆိုတာမျိုးကို လူကြားသူကြားတွင် ပြောမိတတ်ကြသည်။ ထိုအခါ အရှက်ခွဲမိသလိုဖြစ်ပြီး ပြဿနာများကို ပိုဆိုးစေသည်။

    နောင်တွင် ခိုက်ရန်ဖြစ်မှုအား ကာကွယ်နိုင်မည့် နည်းများ

    မောင်နှမချင်းရန်ဖြစ်မှုကို သင်ကိုင်တွယ်မှုပုံစံက ကလေးများအကြား ဆက်ဆံရေးကို ဆုံးဖြတ်ပေးသွားနိုင်သည်။ သူတို့ကို သင်အပြစ်ပေးလိုက်ပါက သူတို့ကလည်း တစ်ယောက်ကို တစ်ယောက် အပြစ်ပုံချပြီး ရန်ထပ်ဖြစ်ကြလိမ့်မည်။

    နှစ်ဦးနှစ်ဖက်ကို လေးစားသည့်မူဖြင့် ပြဿနာကို ချဉ်းကပ်ဖြေရှင်းပေးပါက သူတို့လည်း ထိုအတိုင်းပင် ချဉ်းကပ်ဖြေရှင်းကြပါလိမ့်မည်။ နည်းလမ်းအနေဖြင့်

    1. ကလေးချင်းချင်း သို့မဟုတ် တခြားကလေးများနှင့် ဘယ်တော့မှ နှိုင်းယှဉ်မပြောပါနှင့်

    2. တစ်ဦးစီကို အာရုံစိုက်ကြောင်း ပြသပါ

    3. ကလေးများ စိတ်ဝမ်းမကွဲစေရန် ရန်ဖြစ်လျှင် ဝင်ရောက်ဖြန်ဖြေပေးပါ

    4. ကလေးတစ်ဦးစီအတွက် လုံလောက်သည့် အချိန်ပေးနိုင်အောင် လုပ်ပါ

    5. ပင်ပန်းနေသည့်ကလေး၊ ဗိုက်ဆာနေသည့်ကလေးများကို တစ်ဦးနှင့်တစ်ဦး ဝေးဝေးထားပါ

    6. ကလေးကြီးများအား ကလေးငယ်များကို တာဝန်ယူစောင့်ရှောက်ရန် မလုပ်ခိုင်းပါနှင့်

    7. သင့်ကလေးအား ညှိနှိုင်းခြင်းနှင့် ပြဿနာဖြေရှင်းခြင်းအကြောင်း သင်ထားပါ

    8. သင့်အိမ်၌ လေစားမှုကို အားပေးပါ

    9. ကလေးများကို အသင်းအဖွဲ့ဖြစ်လာအောင် ကူညီပါ

    10. ဥပမာကောင်း ပေးတတ်ပါစေ

    11. ကလေးကို ရိုက်နှက်မဆုံးမရပါ

    12. တစ်ဦးပေါ်တစ်ဦး ကလေးများ၏ခံစားချက်များကို အလေးထားပါ။ သို့သော် သူတို့ တုန့်ပြန်မှုများကို ကန့်သတ်ပေးပါ။

    13. ကလေးများအား ကျန်းမာရေးနှင့်ညီသော ကိုယ့်ကိုယ်ကို စီမံခန့်ခွဲပုံနည်းလမ်းများကို သင်ပေးပါ။

    14. ခံစားမှုကိုဖြေရှင်းရန် အရင်ဆုံး ဘာကိုခံစားနေရသည်ကို ပြောခိုင်းပါ

    15. ဒေါသဆိုသည်မှာ နာကျင်မှု သို့မဟုတ် ကြောက်ရွံမှုကို တုန့်ပြန်သည့်အရာဖြစ်ကြောင်း ကလေးများကိုသင်ပေးပါ။

    16. ကိုယ်ချင်းစာစိတ်မွေးတတ်အောင် လုပ်ပေးပါ။

    17. ပဋိပက္ခအား ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းနိုင်ရန် ဒေါသကို ဘယ်လိုလျော့ရမလဲဆိုသည်ကို ကလေးများအားသင်ပါ။

    18. ရန်ဖြစ်သောကလေးအား နှစ်ဦးချင်းခေါ်တွေ့ကာ ဘာက သူ့ကို စိတ်တအားတိုစေတာလဲဆိုသည်ကို ဆွေးနွေးပါ

    19. အိမ်ထောင်ဖက်၊ တခြားအရွယ်ရောက်ပြီးသူများနှင့်တွဲပြီး ကလေးများနှင့်အတူ ပဋိပက္ခကို ဖြေရှင်းပါ။

    20. သင့်အိမ်၌ ကျေးဇူးသိတတ်သည့် ပတ်ဝန်းကျင်ကိုဖန်တီးပါ

    21. သူတို့ဟာ ကလေးများသာဖြစ်ကြောင်း သတိရပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon Panel မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement