backup og meta

ကလေးထိန်းရမယ့် တာဝန်က အကြီးဆုံးကလေးမှာ မရှိနေပါဘူး။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးထိန်းရမယ့် တာဝန်က အကြီးဆုံးကလေးမှာ မရှိနေပါဘူး။

    အခုတစ်ခေါက်တော့ မေမေဖေဖေတို့ လုပ်မိနေတဲ့ အမှားလေး တစ်ခု အကြောင်းပြောပြချင်ပါတယ်။ ဒါကတော့ ကလေးတစ်ယောက် သူ့ကိုယ်သူ တာဝန်ယူနိုင်လောက်တဲ့အရွယ် ၆ နှစ် ၇ နှစ်လောက် ရောက်လာပြီဆိုရင် သူ့နောက်ကမွေးထားတဲ့ သူ့ရဲ့ မောင်လေး၊ ညီမလေးတွေကို ထိန်းခိုင်းတာပါ။ အချို့ဆို ၄ နှစ်လောက်ကလေးကို ၂ နှစ်အရွယ်ကလေးကို ထိန်းခိုင်းတာမျိုးတောင် ရှိပါတယ်။ တကယ်ကတော့ အကြီးဆုံးအနေနဲ့ မွေးဖွားလာတာက ကလေးတွေကု ထိန်းဖို့ မဟုတ်ပါဘူး။ ရှေ့ဆောင်လမ်းပြကောင်းဖြစ်ဖို့ပါ။ ဒါကြောင့် ပြောချင်တာက ကလေးထိန်းရမယ့် တာဝန်က အကြီးဆုံးကလေးမှာ မရှိနေပါဘူး။ ဒီလိုပြောရတဲ့ အကြောင်းအရင်ကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

    ကလေးထိန်းရမယ့် တာဝန်က အကြီးဆုံးကလေးမှာ မရှိနေပါဘူး။

    မေမေ မအားလို့နော်၊ ညီမလေးကို ကြည့်လိုက်ဦး၊ မောင်လေးကို ထိန်းပါဦးဆိုတာက တစ်ခါတလေ အပေါ့အပါးသွားချင်နေတဲ့အခါမျိုး လူမရှိလို့ဆိုရင် ကိစ္စ မဟုတ်ပေမယ့် တစ်နေ့တာမှာ ကလေးကို မဖြစ်မနေ ထိန်းခိုင်းတာကတော့ မဖြစ်သင့်ပါဘူး။ ဒါက ကိုယ်တော့ အားသွားတယ်။ အချိန်ပို ထွက်သွားတယ်ဆိုပေမယ့် ကလေးမှာတော့ ထိခိုက်တာတွေ အများကြီးပါ။ သူတို့လေးတွေရဲ့ ကြားက ဆက်ဆံရေးကိုလည်း ထိခိုက်စေနိုင်ပါသေးတယ်။

    အကြီးဆုံး ဖြစ်တာ ကလေးထိန်းပေးဖို့ မဟုတ်ပါ

    အကြီးဆုံးကလေးတစ်ယောက်မှာလည်း ကလေးဆိုပေမယ့် သူတာဝန်တွေ ရှိသလို သူလုပ်ချင်တဲ့အရာလေးတွေလည်း ရှိနိုင်ပါတယ်။ ဥပမာ ကလေးက ၄ နှစ်ဆိုရင် သူ့အနေနဲ့ မူကြိုတက်ရမယ်။ စာဖတ်ရမယ်။ ပြန်လာရင် အိမ်စာလုပ်ရမယ်။

    ဒါတွေပြီးရင် ကိုယ့်အမြင် သူအားပြီဆိုပေမယ့် သူ့မှာ ရွယ်တူတွေနဲ့ ကစားချင်တာ၊ သူကြိုက်တဲ့ ကာတွန်းကားတွေ ကြည့်ချင်တာ၊ အပန်းဖြေတဲ့ အရာလေးတွေလုပ်ချင်တာ ရှိမှာပါ။

    ဒီအချိန်မှာ ကိုယ်က ကလေးထိန်းခိုင်းလိုက်တယ်။ သူ့အချိန်ကို ပေးလိုက်ရတော့ သူ့မှာ လှုပ်ရှားရမယ့်အချိန် ကစားရမယ့်အချိန် နည်းသွားပြီး ကြီးထွားဖွံ့ဖြိုးဖို့ အဟန့်အတား ဖြစ်သွားတာမျိုးရှိလာနိုင်ပါတယ်။

    ကလေးကို အတင်းအကျပ် ကလေးထိန်းခိုင်းတဲ့အခါ သူ့အနေနဲ့ အငယ်အပေါ်မှာ အပြစ်မြင်လာနိုင်ပါတယ်။ ငါ့မှာ သူ့ကြောင့် မကစားရဘူး။ ကာတွန်းကားလည်း မကြည့်ရဘူး။

    နောက်ပြီး ကလေးက ငိုလို့ လူကြီးမိဘတွေက ကလေးကို ဘာလုပ်လိုက်လဲ။ သေချာမထိန်းဘူးလားဆိုတဲ့ စကားတွေက သူ့ကြောင့် ငါအဆူခံရတာဆိုပြီး အငယ်လေးကို အမုန်းပွားလာနိုင်ပါတယ်။ နောက်ဆုံး တစ်ယောက်တစ်ချက် ထုရိုက်တာမျိုး၊ အော်ဟစ် ရန်ဖြစ်တာတွေ အထိဖြစ်လာပြီး မောင်နှမ ချစ်ခြင်း သံယောဇဉ်ကိုပါ ထိခိုက်လာနိုင်ပါတယ်။

    ဒီထက်မက ပိုဆိုးလာရင်တော့ ကလေးက စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာ၊ ကျောင်းပညာရေးမှာ အာရုံစိုက်မှု နည်းလာတာ၊ မိဘနဲ့ကြားမှာ ဆက်ဆံရေး ပြဿနာလေးတွေ ရှိလာတာမျိုးအထိ ဖြစ်နိုင်ပါတယ်။

    ဒီတော့ မောင်နှမတွေကို ချစ်ချစ်ခင်ခင် ကြီးပြင်းစေချင်တယ်ဆိုရင် အကြီးက အငယ်ကို ပြန်ထိန်းရမယ်ဆိုတဲ့ ရှေးရိုးကို ပယ်လိုက်ပါ။ ကလေးတွေကို အချင်းချင်း အတူတူ ပေးကစားလို့ ရပါတယ်။ ထိန်းတော့ မထိန်းခိုင်းပါနဲ့။

    အကြီးဆုံးအနေနဲ့ မွေးဖွားလာတာက ရှေ့ဆောင်လမ်းပြကောင်း ဖြစ်ဖို့သာ ဖြစ်ပြီး ကလေးထိန်းဖို့ မဟုတ်ပါဘူး။

    ဒီတော့ အကြီးဆုံး ကလေးတွေကို ရှေ့ဆောင် လမ်းပြကောင်းဖြစ်အောင်ပဲ ပျိုးထောင်ပါ။ ကလေးထိန်းခိုင်းရင်း ရုပ်ပိုင်း စိတ်ပိုင်း ကြီးထွားဖွံ့ဖြိုးမှုကို မထိခိုက်ပါစေနဲ့။ အကြီးဆုံးတွေလည်း ကလေးဘဝရဲ့ ပျော်ရွှင်မှုကို ပြည့်ဝစွာ ခံစားခွင့်ရှိပါတယ် မေမေတို့ရေ……..

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement