ကလေးလေးလည်း မဟုတ်တော့သလို လူကြီးလေးလည်း မဖြစ်သေးတဲ့ လူကြီးပေါက်စလေးတွေ ဖြစ်လာကြတဲ့ ကျောင်းနေအရွယ် သားသားမီးမီးလေးတွေမှာ အပြောင်းအလဲတွေ အများကြီး ရှိလာနိုင်ပါတယ်။ မြင်သာတဲ့ ပြောင်းလဲတိုးတက်မှုအနေနဲ့ ဘောလုံးတွေကို ကောင်းကောင်းပစ်တတ် ဖမ်းတတ်လာပါပြီ။ လက်ချောင်းလေးတွေ သန်မာလာပါပြီ။
ကိုယ်တိုင် ဖိနပ်စီးနိုင်ပြီ။ လွယ်အိတ်လွယ်နိုင်ပြီ။ လိုအပ်တာတွေကို ကိုယ်တိုင် ပြင်ဆင်ပြီး ထည့်ပိုးသယ်ဆောင်တတ်လာပါပြီ။ သူငယ်ချင်းတွေနဲ့ မိတ်တွေဖွဲ့ရတာကို နှစ်သက်လာပါပြီ။ အရင်က မေမေဖေဖေနဲ့ မွေးချင်းမောင်နှမတွေ ဦးဦး၊ တီတီ၊ ဖွားဖွားတို့ကို သူငယ်ချင်းလုပ်နေရင်းကနေ ရွယ်တူလေးတွေကို သူငယ်ချင်းလုပ်တတ်စ ပြုလာပါပြီ။ သူငယ်ချင်းတွေက သူတို့အတွက် အတော်လေး အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာပါပြီ။
ဒီအချိန်မှာ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေက လျင်လျင်မြန်မြန် ဖွံ့ဖြိုးလာပါပြီ။ ဘဝအောင်မြင်မှုတွေ ရစေဖို့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု တည်ဆောက်ရာမှာ အရေးအပါဆုံး ကာလအပိုင်းအခြားဆိုလည်း မမှားပါဘူး။ သူငယ်ချင်းတွေ၊ ကျောင်းပညာရေးနဲ့ အားကစားကဏ္ဍတွေမှာ သူတို့အနေနနဲ့ ပါဝင်လုပ်ဆောင်နိုင်တယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု တည်ဆောက်နေတဲ့ အသက်အပိုင်းအခြားပါ။
ဒီကာလမှာ ပိုပြီး လွတ်လွတ်လပ်လပ်နေချင်မယ်။ ကြီးလာရင် ဘာလုပ်မယ်ဆိုပြီး စဉ်းစားတတ်ပြီ။ သူတို့နေထိုင်ရာ ပတ်ဝန်းကျင်အကြောင်းကို ပိုမို သိရှိလာပြီ။ သူငယ်ချင်းတွေနဲ့ စုစုစည်းစည်းနေရတာကို အတော်သလောကျလာပြီ။ မိတ်ဖွဲ့ချင်တယ်ဆိုတဲ့ ဆန္ဒလေးတွေ ရှိလာပြီ။
စိတ်ခံစားမှုပိုင်းမှာလည်း လျင်လျင်မြန်မြန်ကို ဖွံ့ဖြိုးလာပါပြီ။ အတွေ့အကြုံတွေ၊ ခံစားမှုတွေ၊ အတွေးတွေကို မျှဝေတတ်ပါပြီ။ ကိုယ်တိုင်အတွက်ထက် အခြားသူတွေအတွက် စဉ်းစားတတ်ပါပြီ။ ကိုယ်ချင်းစာတတ်ပြီလို့ ဆိုလိုချင်တာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။