backup og meta

သားသားမီးမီးတွေကို ဂိမ်းပေးဆော့လိုက်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားသားမီးမီးတွေကို ဂိမ်းပေးဆော့လိုက်ပါ

    သားသားမီးမီးတွေကို ဂိမ်းပေးဆော့လိုက်ပါ

    ခုချိန်မှာ အသက် ၃၀ ဝန်းကျင်ကို ဖြတ်သန်းနေသူတွေဆို ကြုံဖူး၊ မှတ်မိဖူးကြမယ်ထင်ပါတယ်။ ငယ်ငယ်တုန်းက ဗီဒီယိုဂိမ်းဆိုင်သွားလို့ လူကြီးမိဘတွေက ဆူကြရိုက်ကြတာမျိုး။ “နင်တို့ ဂိမ်းမဆော့နဲ့ ဂိမ်းဆော့ရင် ရူးတတ်တယ်” လို့ အပြောခံခဲ့ရတာမျိုး။

    ခေတ်တွေက ပြောင်းလဲလာလိုက်ပုံများ တစ်ချိန်တုန်းက ဆော့ရင် ရူးမယ်လို့ အပြောခံခဲ့ရတဲ့ ဂိမ်းတွေဟာ ခုချိန်မှာတော့ မိဘတွေကို ကိုယ်တိုင် ကစားဖို့ တွန်းအားပေးရမယ့် အားကစားနည်းတစ်မျိုးဖြစ်လာနေပြီ။ နိုင်ငံ့လက်ရွေးစင်တွေကိုတောင် မွေးထုတ်ပေးနေကြရတဲ့ အထိ။

    ဒါတင်ပဲလားဆိုတော့ မဟုတ်ပြန်ဘူး။ ဂိမ်းဆော့တာက သားသားမီးမီးတွေရဲ့ လူမှုဆက်ဆံရေးနဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုတွေကိုလည်း အထောက်အကူပြုစေပါသေးတယ်။

    တစ်ချိန်တုန်းက တုတ်နဲ့ အရိုက်ခံခဲ့ရဘူးတဲ့သူတွေကတော့ ငါတို့ ခေတ်ကောင်းကို လွတ်လိုက်လေခြင်းလို့ တွေးထင်မှတ်ယူနေကြမလားပဲနော်။ ဒါပေမယ့် အတိတ်ကို တွေးပြီး ဝမ်းနည်းမနေပါနဲ့။ ခုချိန်မှာ ကိုယ့်ရင်သွေးလေးတွေကို ဗီဒီယိုဂိမ်းပေးဆော့ပြီး ဒီကနေ အကျိုးကျေးဇူးတွေ ပြန်ယူလို့ရပါတယ်။ စိတ်ပါရင် ကိုယ်တိုင်လည်း ဝင်ဆော့လို့ရပါသေးတယ်။

    ဒီဘက်ခေတ် သိပ္ပံလေ့လာချက်တွေအရ ကလေးတွေကို စနစ်တကျ ဗီဒီယိုဂိမ်း ဆော့ကစားခိုင်းတာဟာ အဘက်ဘက်ကနေ အကျိုးကျေးဇူးအများအပြား ရှိတယ်ဆိုတာကို သက်သေအမျိုးမျိုး ပြထားနိုင်နေပြီဖြစ်ပါတယ်။

    ရင်သွေးတွေ ကစားဖို့ Parent-approved video games အမျိုးအစားတွေလည်း အများအပြား ထွက်ပေါ်နေပါပြီ။ ဒီလို ဗီဒီယိုဂိမ်းလေးတွေကို သားသားမီးမီးတွေကို ဆောကစားခိုင်းမယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုရင်

    ပြဿနာဖြေရှင်းနိုင်တဲ့ အရည်အသွေးကို မြှင့်တင်ပေးတယ်

    ဗီဒီယိုဂိမ်းကနေ ရရှိနိုင်တဲ့ အကြီးမားဆုံး အကျိုးကျေးဇူးလို့ မှတ်ယူလို့ရပါတယ်။ ဂိမ်းဆော့တဲ့ ကလေးတိုင်းဟာ ဖြတ်ထိုးဉာဏ်နဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ အရည်အသွေး သိသိသာသာ တိုးတက်လာလေ့ရှိပါတယ်။ ဂိမ်းတွေဟာ ပညာသင်ကြားမှုစနစ်လိုတော့ ဘယ်လိုဆုံးဖြတ်ချက်ချ၊ ဘယ်လိုလေ့လာ၊ ဘာကိုကျက်၊ ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုပြီး ၏၊ သည်မရွေ့ သင်ကြားပေးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဆော့ကစားနေရင်း ကြုံဆုံလာရတဲ့ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကို တွေးတောရင်း ပင်ကိုအရည်အသွေးကို မြှင့်တင်ပေးသွားတာဖြစ်ပါတယ်။

    သမိုင်းနဲ့ ယဉ်ကျေးမှုတွေကို စိတ်ဝင်စားလာအောင် သင်ကြားပေးနိုင်တယ်

    ဗီဒီယိုဂိမ်းဆော့တဲ့ ကလေးတိုင်းဟာ သမိုင်းတွေ၊ ယဉ်ကျေးမှုတွေ၊ ဒဏ္ဍာရီဇာတ်လမ်းတွေနဲ့ ဗဟုသုတတွေကို စိတ်ဝင်စားကြလေ့ရှိပါတယ်။ သူတို့တွေဟာ စာအုပ်စာပေတွေကို ကိုင်မဖတ်ဖြစ်ရင်တောင်မှ Knowledge Consuming ဆိုတဲ့ ဆင့်ကဲလေ့လာတတ်တဲ့ အလေ့အထ တွယ်ငြိလာသူတွေဖြစ်နေတတ်တာမို့ ဗဟုသုတ မနည်းကြသူတွေပါ။

    အပေါင်းအသင်း သူငယ်ချင်းတွေပိုရလာမယ်

    ဂိမ်းဆော့ရင် အပေါင်းအသင်းတိုးတာကတော့ အလွန်သိသာတဲ့အချက်ဖြစ်ပါတယ်။ ခုလို အွန်လိုင်းဂိမ်းတွေ ခေတ်မစားခင်အချိန်ကဆိုရင် ဂိမ်းဆိုင်တွေမှာ လူစုပြီးဆော့ခဲ့ရတဲ့ကာလတွေ ရှိခဲ့ဖူးပါတယ်။ ခုခေတ်မှာတော့ အွန်လိုင်းဂိမ်းတွေ ပိုပြီး ထွန်းကားလာတာမို့ အွန်လိုင်းက မိတ်ဆွေတွေ ပိုများလာနိုင်ပါတယ်။ ဒါမှမဟုတ်လည်း ကလေးတွေ အိမ်မှာ စုပြီးဆော့ကြတာမျိုးတွေလည်း ရှိတတ်တာမို့ အသိမိတ်ဆွေ တိုးပွားဖို့ ခင်မင်မှုခိုင်မြဲဖို့ကတော့ အလွန်သေချာတဲ့ကိစ္စဖြစ်ပါတယ်။

    ကိုယ်လက် လှုပ်ရှားမှုလုပ်ဖို့ တွန်းအားဖြစ်စေတယ်

    တချို့ မိဘတွေက ထင်တတ်ကြတယ်။ ဂိမ်းချည်းပဲ ထိုင်ဆော့နေရင် ကိုယ်ကာယလေ့ကျင့်ခန်း မလုပ်ဖြစ်ဘူးဆိုတာမျိုးပေါ့။ ဒီအယူအဆဟာ အမြဲတမ်းချည်းတော့ မမှန်ပါဘူး။ ကိုယ့်အိမ်က သားသမီးတွေကို သူတို့သူငယ်ချင်းတွေနဲ့ ဂိမ်းဆော့ခိုင်းကြည့်လိုက်ပါ။ ငြိမ်ကုပ်ပြီး ထိုင်ဆော့နေကြမလား ဗျောင်းဆန်နေအောင် ပျော်ပျော်ပါးပါးဆော့နေကြမလား မြင်ရပါလိမ့်မယ်။

    ယှဉ်ပြိုင်မှုကနေရတဲ့ ပျော်ရွှင်ခြင်းကို နားလည်သဘောပေါက်စေတယ်

    ဂိမ်းဆော့တယ်ဆိုတာ ပြိုင်ဆိုင်တစ်စုံတစ်ရာဆီကို ကိုယ်တိုင် ဝင်ပါခြင်းတစ်မျိုးဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေတိုင်းဟာ ဂိမ်းကို အင်နဲ့အားနဲ့ စိတ်ပါလက်ပါဆော့တတ်ကြသလို ဒီလိုအလေ့အထကနေ တဆင့် ယှဉ်ပြိုင်မှုအကြောင်း နားလည်သဘောပေါက်လာမှာဖြစ်သလို ပျော်ရွှင်မှုကို မျှဝေခံစားတတ်တဲ့ စိတ်ခံစားချက်လည်း ရလာမှာပါ။

    ခေါင်းဆောင်မှု အရည်အချင်းကို မြှင့်တင်ပေးတယ်

    ဗီဒီယိုဂိမ်းတွေကို အုပ်စုလိုက်ကစားကြတဲ့အခါမျိုးမှာ တစ်ခါတစ်ရံ ခေါင်းဆောင်၊ တစ်ခါတစ်ရံနောက်လိုက် အမျိုးမျိုးဆော့ကစားရတတ်ပါတယ်။ ဒီအလေ့အထလေးတွေဟာ ကလေးတွေ ရဲ့ ဦးဆောင်မှုအရည်အသွေးကို မြှင့်တင်ပေးနိုင်သလို မတူကွဲပြားမှု၊ နာခံတတ်မှုနဲ့ အကျိုးစွန့်အနစ်နာခံတတ်မှုတွေကိုလည်း ရရှိစေပါလိမ့်မယ်။

    တီထွင်ဖန်တီး ကြံဆနိုင်စွမ်းကို တိုးတက်စေတယ်

    လေ့လာချက်တွေအရ ဂိမ်းဆော့တဲ့ ကလေးတွေတိုင်းဟာ ဖြတ်ထိုးဉာဏ်သာမက ထိုးထွင်းတီထွင်ဉာဏ်လည်း မြင့်မားကြလေ့ရှိပါတယ်။ Creativity Research Journal ရဲ့ သုတေသနအရဆိုရင် ဂိမ်းဆော့တဲ့ကလေးတွေဟာ တီဗီပဲကြည့်တဲ့ကလေးတွေထက် တီထွင်ကြံဆနိုင်စွမ်း အဆများစွာ ပိုကြလေ့ရှိတယ်လို့ ဆိုထားပါတယ်။

    သင်ကြားပြသနိုင်စွမ်းကို ရှိလာမယ်

    ကလေးတွေ ဟာ ကိုယ်တိုင် သင်ယူနိုင်စွမ်းသမာက သူများကို ပြန်လည်သင်ကြားပြသနိုင်စွမ်းလည်း မြင့်တက်လာတတ်ကြပါတယ်။ ဂိမ်းဆော့တဲ့ကလေးတွေက သူတို့နဲ့အတူဆော့တဲ့ ကစားဖော်ကို သူတို့နားလည်ထားတဲ့ သိထားတဲ့ အကြောင်းအရာတွေကို သေချာကျကျနနရှင်းပြတာမျိုး မြင်ဖူးတွေ့ဖူးကြမယ်ထင်ပါရဲ့။ သင်ယူနိုင်စွမ်းရော သင်ကြားနိုင်စွမ်းပါရှိနေခြင်းဟာ ကလေးတစ်ယောက် ကြီးပြင်းလာချိန်မှာ လူမှုဆက်ဆံရေး အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ဖို့ လမ်းစကောင်းဖြစ်ပါတယ်။ ဒါကြောင့် သားသားမီးမီးတွေကို ဂိမ်းပေးဆော့လိုက်ပါ။

    မိဘနဲ့သားသမီးအကြား နီးစပ်မှုကို ပေးနိုင်တယ်

    သားသမီးတွေနဲ့ ဂိမ်းအတူဆော့ကြည့်ဖူးသလား။ မဆော့ဘူးရင် ဆော့ကြည့်လိုက်ပါ။ ဒီခံစားချက်က ဘာနဲ့မှ မတူပါဘူး။ မိဘနဲ့ သားသမီးအကြား ရင်းနှီးမှုတွေ ပိုလာစေမှာဖြစ်သလို ပျော်ရွှင်မှုကို အတူခံစားခွင့်ရတဲ့အရသာကလည်း တမူထူးခြားပါတယ်။ Parent-child role ရဲ့ ပုံစံသစ်လို့တောင် တင်စားနေကြပါပြီ။ စမ်းသပ်ဆော့ကြည့်ပါဦး။ အကျိုးရှိမှာပါ။ ခုလို COVID-19 ကြောင့် အိမ်ပြင်ထွက်ဖို့ ခက်နေတဲ့ ကာလမျိုးမှာ မိသားစုဝင်တွေအတူတူ ဂိမ်းဆော့ပြီးဖြတ်သန်းကြည့်ပါ။ ထူးခြားတဲ့ရင်းနှီးမှုတွေ ရရှိလာပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement