ကလေးတွေဟာ သင်လွယ်တတ်လွယ်လေးတွေပါ။ ခုခေတ်ကလေးတွေဆို လည်လိုက်တာမှ အရိပ်ပြရင် အကောင်မြင်တယ်ဆိုတာမျိုးပေါ့။
ဒီလို ဉာဏ်ကောင်းတဲ့ကလေးတွေဟာ အမှားအမှန်ကို သေသေချာချာ ဆန်းစစ်ဝေဖန်နိုင်ရင်၊ လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်ရင် ပိုတောင်မကောင်းနိုင်ဘူးလား။
ခေတ်ကာလရဲ့ အခြေအနေအရ ပုံစံချထားတဲ့ တွေးခေါ်မှုတွေကို သိပ်လက်မခံတော့ပါဘူး။ အကျိုးအကြောင်းမှန်မှန်နဲ့ ထိုးဖောက်နိုင်မယ့် အတွေးအခေါ်တွေ၊ မတူညီတဲ့ အတွေးအမြင်တွေကို ပိုပြီး ကြိုဆိုလာကြပါပြီ။
သင့်ကလေးကိုရော ဒီလို တွေးခေါ်နိုင်အောင် ပြုစုလို့ရမယ်လို့ မထင်ဘူးလား။
ကလေးတွေအတွက် ဆန်းစစ်နိုင်စွမ်းဆိုတာ ဘယ်လောက်အရေးကြီးလဲ။
ဆန်းစစ်ဝေဖန်နိုင်စွမ်းဆိုတာ အကျိုးသင့် အကြောင်းသင့် စဉ်းစားတတ်တာ၊ မှန်၏ မမှန်၏ ဆုံးဖြတ်နိုင်တာ၊ လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်တာပဲ ဖြစ်ပါတယ်။ ကလေးဘဝမှာ ဒါတွေလိုလို့လားလို့ မေးစရာရှိပါတယ်။ မေမေတို့ ကလေးက တစ်နေ့မှာ လူကြီးဖြစ်လာမှာပါ။ သူ့ကို ဘယ်လို လူကြီးမျိုး ဖြစ်စေချင်လဲ။ ခုတည်းက ပုံဖော်ကြည့်လို့ရပါတယ်။
အများပြောတိုင်း ရောယောင်ပြီး ဟုတ်တယ်၊ မဟုတ်ဘူး ပြောစေချင်တာလား။ ဒါမှမဟုတ် အကျိုးသင့် အကြောင်းသင့် စဉ်းစားပြီး အမှားအမှန်ကို ခွဲခြားနိုင်တဲ့သူ ဖြစ်စေချင်တာလား။ တကယ်လို့ မေမေတို့ အဖြေက ဒုတိယတစ်ခုဆိုရင် ခုပဲ ကလေးကို ဆန်းစစ်ဝေဖန်နိုင်စွမ်းရှိသူဖြစ်အောင် သင်ကြားပေးဖို့ ပြင်ဆင်နိုင်ပါပြီ။
ဝေဖန်ဆန်းစစ်နိုင်အောင် သင်ကြားပေးလို့ရသလား။
မေမေတို့အနေနဲ့ ဒါဟာ မွေးရာပါ ဗီဇတစ်ခုလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် ဒါက သင်ကြားပေးလို့ရတဲ့၊ လေ့ကျင့်ပေးလို့ရတဲ့ ပညာရပ်တစ်ခုပါပဲ။ အသက် (၂) နှစ်လောက်ဆိုရင် ကလေးက ပစ္စည်းတော်တော်များများရဲ့ နာမည်ကိုလည်း သိနေပြီ။ စကားလည်း တော်တော်များများ ပြောတတ်နေပြီ။ ဦးနှောက်လည်း ကောင်းကောင်းဖွံ့ဖြိုးနေပြီဖြစ်လို့ သင်မယ်ဆို သင်ပေးလို့ ရနေပါပြီ။
သင်တာကလည်း တိုက်ရိုက်သင်ပေးတာမျိုး မဟုတ်ဘဲ သူတို့နဲ့ အတူ ပူးပေါင်းပြီး လေ့ကျင့်ခန်းလေးတချို့ကို လုပ်ပေးတဲ့သဘောပါပဲ။
ဘယ်လိုနည်းလမ်းတွေနဲ့ သင်ပေးမလဲ။
-
တွေးရတဲ့ မေးခွန်းလေးတွေ မေးပေးပါ။
ဟုတ်သလား၊ မဟုတ်ဘူးလား ဆိုတာထက် ဘယ်လိုထင်သလဲဆိုတဲ့ မေးခွန်းမျိုးကို မေးပေးပါ။ ဟုတ်သလား၊ မဟုတ်ဘူးလားမှာ ဟုတ်တယ်၊ မဟုတ်ဘူး အဖြေတစ်ခုကိုပဲ ရွေးရမှာဖြစ်ပြီး ဘယ်လိုထင်သလဲဆို ကလေးက သူထင်တာတွေကို အများကြီး ပြောပါလိမ့်မယ်။ သူ့ရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်း၊ တွေးခေါ်နိုင်စွမ်းကို မူတည်ပြီး အဖြေတွေ အများကြီး ထွက်လာပါလိမ့်မယ်။
-
မှားမှာ မကြောက်ပါစေနဲ့။
ကလေးတွေက မှားပြီး ဖြေလိုက်ရင် ရယ်လိုက်တာ၊ ဆူလိုက်တာမျိုးရှောင်ပါ။ ဒါကကလေးရဲ့ တွေးခေါ်မှုကို ကန့်သတ်လိုက်သလို ဖြစ်သွားနိုင်ပါတယ်။ ကလေးတွေမှာ မှားခွင့်ရှိပါတယ်။ အမှားတွေကနေပဲ သင်ခန်းစာယူကြရတာပါ။ ဒါကြောင့် ကလေးတွေကို ပေးမှားလိုက်ပါ။ ဒါမှနောက်ပိုင်းကျရင် မေးခွန်းတွေ ဖြေဖို့ မကြောက်မှာပါ။
-
ရှုထောင့်ပေါင်းစုံက တွေးပေးပါ။
ပုံပြင်လေးတွေ ပြောတိုင်းမှာ လူဆိုးကြီးကို ဆိုးတယ်ပဲ မပြောပါနဲ့။ ဘာကြောင့် လူဆိုးကြီး ဆိုးရတာလဲဆိုတာကိုပါ တူတူဆွေးနွေးကြည့်ပါ။ အဖြေမှန်ဆိုတာ တစ်ခုပဲ ရှိတာမဟုတ်ပါဘူး။ ကလေးကို ရှုထောင့်ပေါင်းစုံက တွေးတတ်အောင် လေ့ကျင့်ပေးပါ။ ဒါမှ ကလေးက သူတစ်ပါးကို စာနာတတ်တဲ့သူ၊ ကိုယ်ချင်းစာတတ်တဲ့သူ ဖြစ်လာမှာပါ။
-
စိတ်ကူးယဉ်ခိုင်းပါ။
စိတ်ကူးယဉ်ပြီး ပုံပြောခိုင်းတာတို့၊ ဇာတ်ကောင်လေး ဖန်တီးတာတို့ လုပ်ခိုင်းပါ။ ကလေးက တီထွင်ဖန်တီးမှုအားကောင်းလာပါလိမ့်မယ်။ ဒါ့ပြင် ကလေးက ပုံပြင်တွေ ဖန်တီးရင်း ဘယ်အရာက ဖြစ်နိုင်တယ်၊ ဘယ်အရာက မဖြစ်နိုင်ဘူးဆိုပြီး တစ်ခါတည်း ဆန်းစစ်ပြီးသား ဖြစ်ပါလိမ့်မယ်။
-
သူငယ်ချင်းတွေနဲ့ ဆော့ကစားခိုင်းပါ။
တခြားကလေးတွေနဲ့ ဆော့ကစားတာက သူတို့အချင်းချင်းတွေ အတွေးတွေ ဖလှယ်နိုင်သလို တစ်ယောက်နဲ့ တစ်ယောက် ညှိညှိနှိုင်းနှိုင်း လုပ်တတ်စေပါတယ်။ ကလေးအချင်းချင်းဆိုတော့ ပိုပြီး လွတ်လွတ်လပ်လပ်တွေးခေါ်နိုင်တာပေါ့။
-
မေးခွန်းတွေ မေးခိုင်းပါ။
ကျောင်းမှာ ဖြစ်ဖြစ်၊ အိမ်မှာ ဖြစ်ဖြစ် တစ်ခုခုပြောလိုက်ပြီဆိုရင် အလွယ်တကူလက်ခံမယ့်အစား အကျိုးသင့် အကြောင်းသင့် မေးခွန်းတွေ ပြန်မေးခိုင်းပါ။ မေးဖို့ဆိုတာ တစ်ခုခုကို သံသယရှိမှ ဖြစ်လာတာကြောင့် သူတို့လေးတွေရဲ့ ဝေဖန်နိုင်စွမ်းကို ပိုကောင်းစေပါလိမ့်မယ်။
မေမေ့ကလေးက ဆန်းစစ်ဝေဖန်နိုင်စွမ်းတိုးတက်လာပြီဆိုရင် ကိစ္စရပ်တွေကို ပိုပြီးလွတ်လွတ်လပ်လပ် တွေးခေါ်နိုင်မယ်၊ အမှားအမှန်ကို ခွဲခြားနိုင်လာမယ်၊ သူများပြောတိုင်း မယုံတော့ဘဲ ဘာကြောင့်လဲလို့ မေးလာမယ်၊ သူတို့အနေနဲ့ သံသယဖြစ်လာပြီဆိုရင် မေးခွန်းပြန်ထုတ်လာမယ် စတဲ့ ကောင်းသော ပြောင်းလဲမှုတွေ တွေ့ရမှာပါ။
ဝေဖန်ဆန်းစစ်နိုင်စွမ်းကောင်းဖို့ တခြားဘာတွေ လိုအပ်သေးလဲ။
ဝေဖန်ဆန်းစစ်နိုင်စွမ်းဆိုတာ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ သက်ဆိုင်ပါတယ်။ ဒါကြောင့်
- ဦးနှောက်ဖွံ့ဖြိုးစေတဲ့ ဓာတ်တွေပါဝင်တဲ့ (ဥပမာ DHA) အစားအစာတွေ၊ ဖြည့်စွက်နို့တွေ တိုက်ပါ။
- ကျန်းမာရေးကောင်းအောင် ဂရုစိုက်ပါ။ မကြာခဏ ဖျားနာတဲ့ ကလေးရဲ့ ခန္ဓာကိုယ်က နေကောင်းအောင် ကြိုးစားနေရတာနဲ့တင် ဦးနှောက်ဖွံ့ဖြိုးဖို့ အားနည်းနေမှာပါ။ ဒါကြောင့် ရောဂါကာကွယ်ဖို့ လိုအပ်တဲ့ အာဟာရတွေ ပါဝင်တဲ့ အစားအစာတွေ၊ ဖြည့်စွက်နို့တွေ တိုက်ပေးပါ။
- ကြင်ကြင်နာနာ ဂရုစိုက်ပါ။ မိဘက ချစ်မြတ်နိုးပြီး ဂရုစိုက်ခံရတဲ့ ကလေးတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိပြီး လွတ်လွတ်လပ်လပ်တွေးခေါ်နိုင်ပါလိမ့်မယ်။
ဒီလို သင်ကြားပေးမယ်ဆိုရင်တော့ အနာဂတ်မှာ မေမေတို့ ကလေးတွေက အကောင်းအဆိုး အကြောင်းအကျိုး ဝေဖန်နိုင်တဲ့ စမတ်ကျတဲ့ လူကြီးတွေအဖြစ် ကြီးပြင်းလာမှာပါ။
[embed-health-tool-vaccination-tool]