backup og meta

ကလေး တွေ ဆောင်းတွင်းမှာ အဖြစ်များတဲ့ Rota Virus

ကလေး တွေ ဆောင်းတွင်းမှာ အဖြစ်များတဲ့ Rota Virus

မိုးအကုန် ဆောင်းအကူး ကာလတွေမှာဆိုရင် ကလေး အများစု ဝမ်းပျက်တတ်ကြတယ်နော်။ ဝမ်းဝါဝါ အရည်ကျဲကျဲတွေ အများကြီး သွားနေတတ်တာမျိုးပေါ့။ ဒီလို အခါမျိုးမှာ ကိုယ့်ကလေးကို အဓိက သတိထားကြည့်ရမယ့် အချက် (၁၀) ချက်ရှိပါတယ်။

  • တစ်နေ့ကို ဘယ်နှခါသွားလဲ
  • တစ်ခါသွားရင် ဘယ်လောက်များလဲ
  • ဝမ်း အရောင်က ဘယ်လိုနေလဲ
  • ဝမ်းအပြင် ဘာတွေပါလဲ
  • လန်းလန်းဆန်းဆန်း ရှိရဲ့လား
  • ကလေးက နို့/အစာ ဝင်ရဲ့လား
  • မျက်တွင်းကျတာ… မျက်နှာချောင်တာ…နှုတ်ခမ်းအသားတွေခြောက်တာ စတဲ့ ရေဓာတ်ခမ်းနေတဲ့ လက္ခဏာတွေရှိနေပြီလား
  • ဝမ်းမသွားခင် ထိုးအန်သေးလား
  • ကိုယ်ပူသေးလား

ဒီအချက်တွေကို သိထားမှ ဆရာဝန်က မေးတဲ့အခါ အလွယ်တကူဖြေနိုင်မှာဖြစ်ပြီး ရောဂါအမျိုးအစား သတ်မှတ်တဲ့နေရာမှာလည်း အများကြီး အထောက်အကူပေးနိုင်တော့ ရောဂါ မြန်မြန် သက်သာတာပေါ့။

ခုလိုရာသီမှာတော့ Rota virus လို့ခေါ်တဲ့ တုပ်ကွေးပိုးတစ်မျိုးကြောင့် ကလေးတွေဝမ်းလျှောကြတာ များပါတယ်။ ဖြစ်တဲ့သူ များပြီး ကူးလွယ်တဲ့ ရောဂါဖြစ်လို့ နေရာတကာ Rota ဝမ်းလျှောတွေချည်း တွေ့နေရတတ်ပါတယ်။ ဝမ်းမသွားခင် စားထားသမျှတွေ ပြန်အန်မယ်၊ ဝမ်းသွားခါနီး ငိုမယ်၊ ဝမ်းဝါဝါ အရည်ကျဲတွေ ခဏခဏ သွားမယ်၊ ဝမ်းကလွဲလို့ တခြားလည်း ဘာမှမပါ။ တစ်ခါတလေ မကြေသေးတဲ့ အစာဟောင်းတွေ ပါလာတတ်တယ်။ ကိုယ်ပူ တက်မယ်၊ အစားအသောက်ပျက်မယ် ပေါ့။ ဒါဆို Rota virus ကြောင့် ဝမ်းပျက်တာဆိုပြီး အကြမ်းဖျင်း မှန်းလို့ရပြီ။

သည်အချိန်မျိုးမှာ အရေးကြီးတာက ကလေးရဲ့ အနေအထား ပါပဲ။ ဝမ်းအရည်တွေချည်းသွားတာဖြစ်တဲ့အတွက် ကလေးတွေမှာ ရေဓာတ်ဆုံးရှုံးတာ အလွန်သိသာပါတယ်။ ကလေး ငယ်လေ၊ သေးလေ .. ရေဓာတ်ဆုံးရှုံးဖို့ ပိုလွယ်တော့ ပိုကြောက်ရလေပါပဲ။  အဲဒါကြောင့် ရေဓာတ်ကို တတ်နိုင်သလောက်ပြန်ဖြည့်ပေးရပါတယ်။ ကလေးဓာတ်ဆားရည် နိုင်နိုင်တိုက်ပေးရမယ်…မသောက်ချင်ဘူးဆိုရင် ရိုးရိုးရေလည်း တိုက်လို့ရပါတယ်။ အုန်းစိမ်းရည် ဖြစ်ဖြစ်၊ ကြက်ပြုတ်ရည်ထမင်းရည် စတာတွေကို သကြားအနည်းငယ် ဒါမှမဟုတ် ဆားအနည်းငယ် ခပ်ပြီး တိုက်ပေးလို့လည်း ရတယ်။ အောက်ကဝမ်းသွားသလောက် အပေါ်က ပြန်ဖြည့်နိုင်ရင် စိုးရိမ်စရာမရှိပါဘူး။ ဒီလို ဝမ်းလျှောပြီး ကြာလာရင် ကလေးက ပျော့ခွေသွားတတ်တယ်။ ဒါဟာ ပိုတက်ဆီယမ်လို့ခေါ်တဲ့ ဆားဓာတ်တစ်မျိုး ဆုံးရှုံးတာ များသွားလို့ပါ။

အဲ့ဒီလို အခါမျိုးဆို အုန်းရည်၊ ဖီးကြမ်းငှက်ပျောသီး၊ အရည်ရွှမ်းတဲ့ အသီး စတာတွေ ကျွေးပြီး ဆားဓာတ်ပြန်ဖြည့်ပေးဖို့ မမေ့ပါနဲ့။ စားနေကျ ထမင်းဟင်းကိုလည်း ဆက်ကျွေးလို့ရပါတယ်။ တချို့ အမေတွေက ကလေးဝမ်းလျှောပြီဆိုရင် ဝမ်းထပ်သွားမှာစိုးတော့ ကြောက်လန့်ပြီး အစာဖြတ်ရေဖြတ် လုပ်တတ်ကြတာ အင်မတန်မှားတဲ့ လုပ်ရပ်ပါ။ တကယ်က ရေဓာတ်နဲ့ အာဟာရတွေ ဆုံးရှုံးထားတဲ့ကလေးကို ထပ်မဖြည့်ဘဲ တမင် ရပ်ပစ်လိုက်ရင် ပိုဆိုးလာတတ်ပါတယ်။ တကယ်လို့ ကလေးက အန်တယ် ဆိုရင်တောင် အစားကျွေးတာကို မရပ်ပစ်ဘဲ အချိန်ခြားပြီး နည်းနည်းနဲ့ ခဏခဏကျွေးတဲ့အကျင့်ကို လုပ်ပေးရမှာပါ။ ဖြည့်စွက်စာ မကျွေးရသေးတဲ့ ၆လအောက်အရွယ် ကလေးဆိုရင်တော့ နို့ကိုဝင်အောင် ခဏခဏ တိုက်ကျွေးပေးရမှာ ဖြစ်ပါတယ်။ အရည်များများတိုက် ဆိုတိုင်း ဂက်စ်ပါတဲ့ အချိုရည်တွေ၊ လက်ဖက်ရည်ကော်ဖီတွေ မတိုက်ရပါဘူး…. ဝမ်းပိုသွားတတ်လို့ပါ။

ဝမ်းအရည်တွေ သွားတဲ့အကြိမ်ရေများလာတာနဲ့အမျှ အလျင်မီအောင်ပြန်မဖြည့်နိုင်ရင် ရေဓာတ်လည်း လျော့ပါးလာပြီး ကလေးက ရေခဏခဏ ဆာမယ် တောင်းမယ်၊ မျက်တွင်းလေးတွေ ကျလာမယ်၊ နှုတ်ခမ်းသားလေးတွေခြောက်လာမယ်၊ အဲဒီကနေမှ ခန္ဓာကိုယ် အသားအရေတွေ ခြောက်လာမယ်၊ အရင်က ဝဝ လုံးလုံး ကစ်ကစ်ကလေး ရှိနေရာကနေ ရုတ်တရက် ပူဖောင်းလေလျော့သလို ပျော့လာမယ်၊ အရေပြားတင်းအားလျော့ပြီး ပျင်းတွဲ ကြီးဖြစ်လာမယ်၊ အသားတွေ တင်းတင်းရင်းရင်း မရှိဘဲ ပျော့ဖတ်နေမယ်၊ ငယ်ထိပ်မဆက်ခင် ကလေးအရွယ်တွေဆို ငယ်ထိပ်ကြီး သိသိသာသာ ချိုင့်နေတာမျိုး ဖြစ်လာမယ်။ သည်လို ရေဓာတ်ခမ်းတဲ့ လက္ခဏာတွေ တွေ့နေရပြီဆိုရင် စိုးရိမ်ရတာမို့ ရေဓာတ် အမြန်ဖြည့်ပေးဖို့ လိုပါတယ်။ သည်အခြေအနေလောက်ဆိုရင်ကို ကလေးကို ဆေးခန်းပြ .. ဒါမှမဟုတ် ဆေးရုံတင်ထားပြီးစောင့်ကြည့်သင့်ပြီ။ ပိုဆိုးတဲ့ အခြေအနေကတော့ ကလေးခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်လုနီးပါးဖြစ်ပြီး ကလေးကမှိန်းသွားတာမျိုး၊ ပျော့ခွေသတိလစ်သွားတာမျိုးပေါ့။ တကယ်လို့ ရေဓာတ် အချိန်မီမဖြည့်နိုင်တာဖြစ်ဖြစ်၊ ဒီရောဂါကြောင့် ကိုယ်ခံအားနည်းနေတုန်း နောက်ထပ်ဘက်တီးရီးယားတစ်မျိုး ဝင်လာရင် ဖြစ်ဖြစ် အခြေအနေပိုဆိုးလာပြီး အရေးပေါ် ဆေးရုံတင်ရနိုင်ပါတယ်။

Rota virus ကြောင့်မဟုတ်တဲ့ ဝမ်းရောဂါတွေလည်း အများကြီးရှိပါသေးတယ်။ ဝမ်းထဲမှာ သန်ကောင်တွေပါလာတတ်ရင် သန်ဝမ်း၊ သွေးတွေ အချွဲတွေပါရင် ဝမ်းကိုက်ပိုး၊ ဆန်ဆေးရေလို ဖြူကျဲကျဲ ဖြစ်သွားရင်တော့ ဝမ်းပျက်ဝမ်းလျှော စသည်ဖြင့် အကြမ်းဖျင်း ခွဲကြည့်လို့ရပါတယ်။

အိမ်တွင်း ကုသမှု အနေနဲ့ကတော့ အဖျားရှိရင် ပါရာစီတမော အဖျားကျဆေး တိုက်ထားလို့ရမယ်။ဇင့်ဓာတ် အားဆေးရည်လည်း တိုက်နိုင်တယ်။ ဇင့်က ဝမ်းလျှောတာကို လျော့ပါးသက်သာစေနိုင်တဲ့အပြင် ထပ်မဖြစ်အောင်လည်း အထိုက်အလျောက် ကာကွယ်ပေးနိုင်လို့ပါ။

Rota virus ကာကွယ်ဆေးမှာ ခံတွင်းအစက်ချဆေး နဲ့ အသားထိုးဆေး ဆိုပြီး ၂ မျိုးရှိပါတယ်။ ရောဂါ မကူးစေဖို့ အဓိကကျတာကတော့  လက်သန့်ရှင်းရေးပါပဲ။ ကလေးတွေကို လက်ခဏခဏ ဆေးပေးပါ။ ဘယ်ကပြန်လာပြန်လာ..ဘာကိုင်ပြီးပြီး လက်ဆေးပေးပါ။ နောက်တစ်ခုကတော့  နို့တိုက် အမေတွေမှာ သတိထားစရာပေါ့။ နို့ဘူးကူရင်လည်း နို့ဘူးကို အနည်းဆုံးသုံးဘူးလောက်ထားပြီး ပြုတ်ဆေးပေးပါ။ အမေတွေက နို့ဘူးသန့်ရှင်းရေးတော့ လုပ်ကြပေမဲ့ ရင်သားသန့်ရှင်းရေးကျတော့ လုပ်ရကောင်းမှန်းမသိကြ။  ဘယ်က ဘာလုပ်ပြီးပြန်လာမှန်းမသိ ချွေးတွေသံတွေနဲ့ကို ရော့အင့်ဆိုလှန်ပြီး ကလေးနို့တိုက်ရော။ ချွေးတွေသံတွေနဲ့ဖြစ်နေတဲ့ အချိန်ဆို နို့တိုက်ခါနီး ရင်သားကိုဆေး…အဝတ်သန့်နဲ့ သုတ်.. ပြီးမှ တိုက်သင့်တယ်နော်။ ဝါးကျွေးတာမျိုး ပိတ်စိမ်းတိုက် ကျွေးတာမျိုး ဆိုရင် မသန့်တာကြောင့် ကလေးငယ်မှာ ဝမ်းပျက်တတ်တယ်။

မိခင်လုပ်သူမှာ မှန်ကန်တဲ့ ကျန်းမာရေး ဗဟုသုတ ရှိမှသာ ကလေးက ကျန်းကျန်းမာမာ ကြီးပြင်းလာနိုင်မှာပါ။ မိမိတို့ရဲ့ အဖိုးတန်ရင်သွေးတွေကို မှန်မှန်ကန်ကန်နဲ့ မွေးမြူစောင့်ရှောက်ကြရအောင်ပါ။

ဘေးအန္တရာယ်ကို သဘောပေါက်လွယ်ကြပြီး မိမိကိုယ်ကို စောင့်ရှောက်နိုင်ကြစေရန် ရည်ရွယ်လျက်။

‌ရေးသားသူ – ဒေါက်တာနှင်းနုအေး

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

01/07/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ့်ဘေဘီလေး ဝမ်းပျက်နေတာလား။ ပုံမှန်ပဲလား ဘယ်လိုသိနိုင်မလဲ။

မကြာခဏ ဝမ်းပျက်တတ်တဲ့ကလေးကို ဘာကျွေးရမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 01/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement