backup og meta

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

မေမေတို့အတွက် အစားအသောက် Label ဖတ်နည်း

မေမေတို့အတွက် အစားအသောက် Label ဖတ်နည်း
မေမေတို့အတွက် အစားအသောက် Label ဖတ်နည်း

မေမေတို့ရေ…

ကလေးတို့ရဲ့ကျန်းမာဖွံ့ဖြိုးမှုအတွက် အာဟာရမလုံလောက်မှာ ဒါမှမဟုတ် အစားအသောက်ကနေ ဘေးဖြစ်စေမှာ စိုးရိမ်ရတာနဲ့ ရင်မောနေရောပေါ့။ ကိုယ့်ရဲ့တန်ဖိုးအထားရဆုံး ရင်သွေးရတနာတွေ အတွက် အစားအသောက်ရွေးချယ်ရာမှာ မေမေတို့ သတိထားသင့်တဲ့ အချက်တစ်ခုကို အခုပဲ သတိပေးလိုက်ပါရစေ။ အဲဒါကတော့ ကလေးအတွက် အစားအသောက်တွေမဝယ်ခင် သူ့ရဲ့ပါကင်ဘူး သို့မဟုတ် အထုပ်မှာပါတဲ့ Label (ပါဝင်မှုအညွှန်း) ကို အရင်ဖတ်ဖို့ပါပဲ။

Label ဖတ်ဖို့ ဘာကြောင့် အရေးကြီးတာလဲ

Label ဆိုတာ ဒီအစားအသောက်ထုတ်ကုန်မှာ ဒါတွေ ပါဝင်ပါတယ်လို့ ထင်သာမြင်သာ ဖော်ပြပေးထားတဲ့ ပါဝင်မှုအညွှန်းဖြစ်ပြီး သူတို့ရဲ့ အချိုးအစားပမာဏကိုလည်း နှုန်းအတိအကျ ဖော်ပြထားပါတယ်။ ဒါ့ကြောင့် ကိုယ့်ကလေးဗိုက်ထဲ ဝင်မယ့် အစားအသောက်တွေကို မဝယ်ခင် သေချာစစ်ဆေးနိုင်တယ်၊ ရွေးချယ်နိုင်တယ်၊  ကျန်းမာရေးအတွက် မသင့်တော်တာ ပါနေပြီဆို ရွေးချယ်မှုစာရင်းက ချက်ချင်းဖယ်လိုက်လို့ရတယ်။

ဒီတော့ Label ကို ဘယ်လိုကြည့်ကြမလဲ

တစ်ခါစားပမာဏအတွက် ပါဝင်မှုနှုန်းကို ကြည့်ပါ (Per Serving)

အထုပ်ခွံ သို့မဟုတ် ဘူးခွံမှာဖော်ပြထားတဲ့ အာဟာရပါဝင်မှု Label ဟာ ပါဝင်မှုနှုန်းတွေကို တစ်ခါစားပမာဏ(တစ်ခွက်စာ သို့မဟုတ် တစ်ထုပ်စာ) ဒါမှမဟုတ် ဂရမ်တွက်ချက်မှုပမာဏ နဲ့ ဖော်ပြထားတာဖြစ်ပါတယ်။ ဘယ်လောက်စားရင်၊ သောက်ရင် အာဟာရဓာတ်တွေ ဘယ်လောက်ပမာဏ ဗိုက်ထဲရောက်မလဲဆိုတာ Label ဖတ်ပြီးသိနိုင်ပါလိမ့်မယ်။

ကယ်လိုရီ ကို ထည့်စဉ်းစားပါ

ကလေးရဲ့ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေနဲ့ ကြီးထွားဖွံ့ဖြိုးမှုတွေအတွက် အစားအသောက်တွေဆီက ကယ်လိုရီကို ခွန်အားအဖြစ် သုံးပါတယ်။ ကိုယ့်ကလေးကိုကျန်းမာစေချင်တယ်၊ ကြီးထွားဖွံ့ဖြိုးစေချင်တယ်ဆိုရင် ကလေးရဲ့ခန္ဓာကိုယ်က လိုအပ်တဲ့ ကယ်လိုရီနဲ့ ညီမျှတဲ့ပမာဏကိုပဲ ကျွေးမိဖို့ တွက်ချက်စဉ်းစားရပါမယ်။ ကလေးဆိုတာ စားတိုင်း၊ ဝတိုင်း ကောင်းတာမဟုတ်လို့ပါပဲ။ ကယ်လိုရီအလွန်အကျွံကျွေးမိတဲ့အခါ နောက်ဆက်တွဲပြဿနာများတဲ့ အဝလွန်ရောဂါ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် Label မှာပါတဲ့ ကယ်လိုရီကိုသေချာဖတ်ပါ။

အာဟာရဓာတ်တွေ သေချာဆန်းစစ်ပါ

ကလေးအာဟာရမှာ အလိုအပ်ဆုံးဖြစ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ အကျိုးပြုအဆီဓာတ်၊ ကယ်လ်စီယမ်နဲ့ ပိုတက်ဆီယမ်တို့လို တခြားအကျိုးပြုအာဟာရဓာတ်တွေ ဘယ်လောက်များများပါသလဲ သိနိုင်ဖို့ Label ဖတ်ပါ။ ပြည့်ဝဆီ၊ အသွင်ပြောင်းဆီ၊ ဆိုဒီယမ်နဲ့ အချိုဓာတ်ပါဝင်မှုနည်းတာတွေ ရွေးပါ။

ဆိုးဆေးနဲ့ သကြားအတုပါဝင်မှု သတိပြုပါ

အစားအသောက်ကို အလှဆင်တဲ့ အရောင်ဆိုးဆေးတွေဟာ ငယ်ရွယ်တဲ့ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေပါပဲ။ သကြားလုံး၊ ဂျယ်လီ၊ ရေခဲမုန့်၊ အချိုရည်၊ ကိတ်မုန့် စတာတွေတော်တော်များများမှာ အရောင်လှလှဖြစ်စေဖို့ ထည့်သုံးလေ့ရှိကြပေမယ့် ဒါတွေပါဝင်မှုနည်းတာကို ရွေးချယ်တာ အကောင်းဆုံးပါ။ ဆိုးဆေးတွေကြောင့် ကလေးမှာ လေ့လာသင်ယူမှုနဲ့ အာရုံစူးစိုက်မှုပြဿနာတွေရှိလာနိုင်တယ်၊ အိပ်စက်မှုပြဿနာနဲ့ အပြုအမူပိုင်း ပြဿနာတွေ ရှိလာနိုင်တယ်။ သကြားအတုတွေကတော့ အချိုစွဲလမ်းမှုကို ပိုဆိုးစေပြီး ကိုယ်အလေးချိန်တိုးလာစေနိုင်တယ်။

သကြားဓာတ်ပါဝင်မှု တွက်ချက်ပါ

ကလေးကြိုက်တဲ့အစားအသောက်ဆိုတာ အချိုနဲ့မကင်းပါဘူး။ မုန့်နဲ့ အစားအသောက်တွေမှာ သကြားဓာတ်ပါဝင်မှုကိုလည်း ဖော်ပြထားတာပါပဲ။ ဒါ့ကြောင့် အဝလွန်ခြင်းနဲ့ နောက်ဆက်တွဲပြဿနာတွေ ကြိုတင်ကာကွယ်တဲ့အနေနဲ့ သကြားဓာတ်ပါဝင်မှုမလွန်ကဲတဲ့ အစားအသောက်ကိုပဲ ရွေးချယ်ရမှာပါ။ Label မှာပါတဲ့ သကြားဓာတ်အတိုင်းအတာကို ကြည့်တဲ့အခါ sugar အပြင် glucose၊ sucrose၊ dextrose နဲ့ lactose တို့ဟာလည်း သကြားအမျိုးအစားတွေပါပဲ ဆိုတာ သိထားဖို့လိုပါတယ်။

ဓာတ်မတည့်တဲ့အရာ ရှာဖွေပါ

အစားအသောက် Label တွေဖတ်တဲ့အခါ ကိုယ့်ကလေးနဲ့ ဓာတ်မတည့်တဲ့အရာ ပါနေခဲ့ရင် ကြိုတင်ရှောင်ရှားနိုင်ပါတယ်။ ဒါ့ကြောင့် ဓာတ်မတည့်ဖြစ်လွယ်တဲ့ ကလေးအတွက် အစားအစာရွေးချယ်ရာမှာ Label ဖတ်ဖို့ ပိုအရေးကြီးပါတယ်။

မေမေတို့ရေ အပေါ်ကအကြံပြုချက်လေးတွေ ဖတ်ပြီးပြီဆိုရင်တော့ ကလေးအတွက် ဘာပဲဝယ်ဝယ် Label သာ အရင်ရှာကြည့်ပေတော့။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://kids.niehs.nih.gov/topics/healthy-living/food/food-labels/index.htm

Accessed Date Dec 5, 2019.

https://healthy-kids.com.au/your-step-by-step-guide-to-reading-food-labels/

Accessed Date Dec 5, 2019.

https://kidshealth.org/en/parents/food-labels.html

Accessed Date Dec 5, 2019.

 

ယခုပုံစံ

12/09/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement