ကင်ဆာဝေဒနာရှင်တွေကို အစားအစာတွေ အလွန်အမင်းရှောင်တာက ရောဂါကို မသက်သာစေတဲ့အပြင် ပိုတောင်ဆိုးသွားစေနိုင်ပါတယ်။ ဆေးဒဏ်၊ ရောဂါဒဏ်ခံနိုင်ဖို့အတွက် က အာဟာရပြည့်ပြည့်ဝဝစားနေဖို့က အဓိကသော့ချက်တစ်ခုဖြစ်ပါတယ်။
ဘာတွေရှောင်သင့်လဲ၊ ဘာတွေဆောင်သင့်သလဲ
(၁) ရေ နှင့် ဖျော်ရည်များ
ဆောင်ရန် – ကျိုချက်ပြီးသား ရေကျက်အေး၊ ရေခဲရေ၊ အိမ်တွင်ခဲထားသော သန့်သော ရေသန့်ရေခဲတုံး၊ (ရေခဲတုံး ခဲရာတွင် အသားငါး အခြားသောပစ္စည်းများ နှင့် ရောနှော၍ တစ်ထပ်တည်းတွင် မခဲသင့်ပါ)၊ သဘာဝ သစ်သီးဖျော်ရည် (ဝမ်းလျှောနေစဉ်ကာလ အတွင်း မတိုက်ရ၊ ပုံမှန်အချိန် တွင်လည်း ၁၀၀-၁၅၀ စီစီ (မီလီလီတာ) လောက်သာတိုက်ပါရန်၊ အိမ်လုပ် သန့်သန့်ရှင်းရှင်းလုပ်ထားတာမျိုး ဖြစ်ရပါမယ်)
ရှောင်ရန် – ရေစိမ်း၊ မကျိုချက်ရသေးတဲ့ရေ၊ ရေပိုက်ခေါင်းမှ ရေ၊ ရေစိမ်းဖြင့်ခဲထားသော ရေခဲတုံး၊ အသားငါးများ နှင့် ရောခဲထားသော ရေခဲတုံး၊ သံဘူး အချိုရည်များ၊ ဂက်စ် ပါသော အအေးများ၊ ဆိုင်ဖျော် အအေးများ၊ အသီးဖျော်ရည်များ၊ ကြံရည်၊ ရေခဲထုပ်၊ ရေခဲချောင်း စတာတွေ မကျွေးသင့်ပါဘူး။
(၂) ထမင်း၊ ပြောင်း၊ ပေါင်မုန့်
ဆောင်ရန် – ထမင်း၊ ဂျုံခေါက်ဆွဲ၊ ကြက်ဥ ခေါက်ဆွဲ၊ ကြာဇံ၊ ပဲကြာဇံ၊ နံပြား၊ ပေါင်မုန့်၊ ကွေကာအုပ်၊ ပြောင်းဖူး၊ အာလူး၊ ကန်ဇွန်းဥ၊ ပိန်းဥ စတာတွေကို ပူပူနွေးနွေး သေချာကျက်အောင် ချက်ကျွေးလို့ရပါတယ်။
ရှောင်ရန် – အသင့်စား ခေါက်ဆွဲခြောက်ထုပ်များ၊ ပြန်နွှေးထားသော ထမင်း၊ ပြန်နွှေးထားသော ဟင်း၊ ယိုအရမ်းများသော ကိတ်မုန့်များ စတာတွေ ရှောင်သင့်ပါတယ်။
(၃) နို့ နှင့် နို့ထွက် ပစ္စည်းများ
ဆောင်ရန် – ပိုးသတ်ထားသော၊ သေချာ ကျိုချက်ထားသော နွားနို့၊ သန့်သန့်ရှင်းရှင်း လုပ်ထားသော အိမ်လုပ် ရေခဲမုန့်၊ မစ်ရှိတ်၊ ဆရာဝန် ညွှန်ကြားထားသော ဖြည့်စွက် အာဟာရမှုန့်၊ နို့မှုန့်၊ အိမ်လုပ် နို့ကြက်ဥပူတင်း၊ အိမ်လုပ် နွားနို့ ရေခဲထုပ်၊ အိမ်လုပ် နွားနို့ရေခဲချောင်း (အသား၊ငါး အခြားသော ပစ္စည်းများနှင့် ရော မခဲရ)၊ ပဲနို့၊
ရှောင်ရန် – မကျိုချက်ရသေးသော၊ သေချာ မကျိုချက်ထားသော နွားနို့၊ ဒိန်ချဉ်၊ ပြင်ပမှ လုပ်ရောင်းသော ရေခဲမုန့်၊ ရေခဲချောင်း၊ ရေခဲထုပ် စတာတွေ မကျွေးသင့်ပါဘူး။
(၄) ပဲအမျိုးမျိုး
ဆောင်ရန် – ပဲ များများကျွေးပေးရပါမည်။ ဒါမှ အသားဓာတ် ကြွယ်ဝပြီး အာဟာရပြည့်ဝမှာပါ။ ပဲဟင်း၊ ပဲနှပ်၊ ပဲပြုတ်၊ ပဲနို့၊ ပဲကြော်၊ ပဲလှော် (သေချာ ကျက်အောင် ချက်ကျွေးပေးဖို့လိုပါတယ်)
ရှောင်ရန် – အစိမ်း မကျွေးရ၊ ပဲစိမ်းရည် စတာတွေ မတိုက်ရ။
(၅) အစေ့အဆန် အမျိုးမျိုး
ဆောင်ရန် – သေချာ ကျက်အောင် လှော်ထားသော၊ ကြော်ထားသာ အစေ့အဆန် များ (ဥပမာ- မြေပဲ၊ သီဟိုစေ့၊ ဗံဒါစေ့) စတာတွေ ကျွေးပေးလို့ရပါတယ်။ (ကလေး အရမ်းငယ်သေးရင် သတိထားပါ။ သီးတတ်ပါသည်)
ရှောင်ရန် – မလှော်ရသေးသော၊ မကြော်ရသေးသော အစိမ်းများ၊ စပျစ်သီးခြောက်များ၊ အသီးခြောက်များ။
(၆) အသီးအနှံ အမျိုးမျိုး
ဆောင်ရန် – အခွံထူ အသီး အနှံ များ (ဥပမာ – ငှက်ပျောသီး၊ လိမ္မော်သီး၊ ဂျပန်သခွားမွှေး၊ သလဲသီး၊ မာလကာသီး (အစေ့မစားရ)၊ ပန်းသီး၊ သစ်တော်သီး၊ ပန်းသစ်တော်သီး၊ တရုတ်ဇီးသီး၊ ဖရဲသီး၊ သင်္ဘောသီး စတာတွေ ကို ရေသေချာဆေးပြီး အခွံနွှာပြီးကျွေးပေးလို့ရပါတယ်။ အိမ်မှာပဲ သေချာခွဲကျွေးရပါမယ်။ ဆိုင်တွင် ခွဲပြီးသား တုံးပြီးသားတွေ လုံးဝမကျွေးရ။
ရှောင်ရန် – စတော်ဘယ်ရီ၊ စပျစ်သီး၊ ချယ်ရီသီး၊ သြဇာသီး၊ လိုင်ချီး စတာတွေ မကျွေးရပါဘူး။
(၇) ဟင်းသီးဟင်းရွက် အမျိုးမျိုး
ဆောင်ရန် – ဟင်းရွက်များ ကို ရေသေချာ အထပ်ထပ် ဆေးပြီး မှ ကျွေးပါ။ အနည်းဆုံး မိနစ် သုံးဆယ် ရေစိမ်ပါ။ ရေသုံးခါ ဆေးချပါ။ အခွံနွှာလို့ရတဲ့ ဟင်းသီးဟင်းရွက်များ (ဥပမာ- မုန်လာဥနီ၊ သခွားသီး) များ ကို အခွံနွှာပါ။ အခွံနွာလို့မရသော ဟင်းသီးဟင်းရွက် (ဥပမာ – ခရမ်းချဉ်သီး) များကို ရေနွေးဖြင့် တစ်မိနစ်ခန့် ပြုတ်ပေးပါ။
ရှောင်ရန် – မချက်ရသေးသောအစိမ်းများ၊ အခွံ မနွှာရသေးသော ဟင်းသီးဟင်းရွက်များ မကျွေးသင့်ပါ။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
[embed-health-tool-vaccination-tool]