backup og meta

အားဖြည့်ဆန် ဆိုတာဘာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Arkar Hein မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အားဖြည့်ဆန် ဆိုတာဘာလဲ

    အခုနောက်ပိုင်းမှာ ကျွန်တော်တို့တွေ ထမင်းစားရင် ဖွေးနေမှ ဖြူနေမှ ဆိုပြီး ရေအထပ်ထပ်ဆေး၊ ဆန်ဖွတ်ကတည်းက ဖြူဖွေးတဲ့ အဆင့်ထိ ဖွတ်လိုက်တော့ နဂိုဆန်မှာ ပါဝင်တဲ့ ဗီတာမင် နှင့် သတ္တုဓာတ်တွေ ဆုံးရှုံးကုန်ပါတယ်။ မပါသလောက်ကို ဖြစ်သွားပါတယ်။ ဒါကြောင့် အခု နောက်ပိုင်း ဆန်တွေမှာ ဗီတာမင်တွေ ထပ်ဖြည့်ထားတဲ့ အားဖြည့်ဆန် (Fortified Rice) တွေ ထုတ်လာကြပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ ဖြစ်သေးတဲ့ အာဟာရဆိုင်ရာ ကျန်းမာရေး ဗဟုသုတ နည်းနေသေးတဲ့ နိုင်ငံတွေ မှာ အခုလိုမျိုး အားဖြည့်ဆန် တွေ ထုတ်လာကြတာ တော်တော်လေး ကောင်းကျိုးတွေရှိပါတယ်။

    အားဖြည့်ဆန် မှာ ဘာတွေပါလဲ

  • ဗီတာမင် A
  • ဗီတာမင် B1
  • ဗီတာမင် B6
  • ဗီတာမင် B12
  • ဇင့်ဓာတ်
  • သံဓာတ်
  • ဖောလစ် အက်စစ်
  • နိုင်ယာစင် တို့ပါပါတယ်။
  • အားဖြည့်ဆန် ဆိုတာဘာလဲ

    ဒီဓာတ်တွေက ကျန်းမာရေးကို ဘယ်လိုကောင်းကျိုးပြုနေသလဲ။

    • ဗီတာမင် A

    ကလေးငယ်တွေ အတွက် မျက်စိအားကောင်းစေတဲ့ အပြင် ကိုယ်ခံအားကောင်းစေတဲ့ အတွက် နှာစေး ချောင်းဆိုး၊ ဝမ်းပျက်၊ ဝမ်းလျှောရောဂါတွေ ကို ကာကွယ်ပေးပါတယ်။

    • ဗီတာမင် B1

    ဦးနှောက် နှင့် အာရုံကြောကျန်းမာရေး အတွက်အရေးပါသလို နှလုံးကျန်းမာရေး အတွက်လည်း အသုံးဝင်ပါတယ်။

    • ဗီတာမင် B6

    ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေ မှာ အရေးပါတဲ့ အခန်းကဏ္ဍ ကပါဝင်ပါတယ်။ အရေပြား ကျန်းမာရေး၊ အာရုံကြော၊ အသည်း နှင့် မျက်စိကျန်းမာရေး အတွက် ဗီတာမင် B6 ကို ပြည့်ဝအောင်စားပေးဖို့လိုအပ်ပါတယ်။

  • ဗီတာမင် B12
  • ထို့အတူ B12 ကလည်း ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ လုပ်ငန်းဆောင်တာ တစ်ခုဖြစ်တဲ့ Neurotransmitter Signaling မှာ ပါဝင်တဲ့ အတွက် အာရုံကြောအားနည်းနေသူများ၊ B12 ချို့တဲ့ရင် ဖြစ်တတ်တဲ့ ခြေလက် ထုံကျဉ် နေသူများ အနေနဲ့ မဖြစ်မနေလိုအပ်တဲ့ ဗီတာမင် တစ်မျိုးပါ။

  • ဇင့်ဓာတ်
  • ဇင့်ဓာတ် ခေါ် သွပ်ဓာတ် ကတော့ ကလေးငယ်တွေမှာ ဝမ်းလျှောရင် ပေးလေ့ရှိပါတယ်။ သူက ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး နောက်ထပ်ဝမ်းလျှောမှာကိုလည်း ကာကွယ်ပေးပါတယ်။ တခြားထူးထူးခြားခြား ကောင်းစေတာလည်းရှိပါသေးတယ်။ အဲ့ဒါတွေကတော့ ဆံပင်ကျွတ်တာကို ကာကွယ်ပေးခြင်း၊ အစားအသောက်ပျက်၊ ပါးစပ်ပျက်နေသူများ အတွက် ပုံမှန်ပြန်ဖြစ်စေခြင်း၊ မျိုးဆက်ပွားကျန်းမာရေး ကိုကောင်းမွန်စေခြင်း (မျိုးအောင်ခြင်း) စတဲ့ ကျန်းမာရေးကောင်းကျိုးတွေ ရှိပါတယ်။

    အားဖြည့်ဆန် ဆိုတာဘာလဲ

    လူတိုင်းသိတဲ့ အတိုင်း သံဓာတ်ချို့တဲ့ရင် သွေးအားနည်းရောဂါ ဖြစ်လာပါတယ်။ အဆိုးဆုံး ကလေးငယ်တွေ မှာ ကိုယ်ခန္ဓာကြီးထွား ဖွံ့ဖြိုးမှုကိုပါ ထိခိုက်လာစေပြီး ဦးနှောက်နှင့် အာရုံကြော ဖွံဖြိုးမှု့ ကိုပါ နှောင့်နှေးလာစေပါတယ်။ လူကြီးတွေမှာဆိုရင်လည်း နုံးတာမျိုး၊ အလုပ်လုပ်ချင်စိတ်မရှိတာမျိုး၊ အလွယ်တကူမောပန်း နွမ်းနယ်တာမျိုး တွေဖြစ်တတ်ပါတယ်။ များသောအားဖြင့် ကျွန်တော်တို့မြန်မာ လူမျိုးတွေ မှာ သံဓာတ်ချို့တဲ့နေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စားနေတဲ့ ပုံစံအရ ကျွန်တော်တို့က အသားစားတာနည်းတဲ့ အတွက်ကြောင့်ပါ။

    သံဓာတ်ကလည်း အဓိကအနေနဲ့ အနီရောင်ရှိတဲ့ အသားများ (ဝက်သား၊ အမဲသား၊ ဆိတ်သား) နှင့် သံဓာတ်တွေ အများကြီးစုထားတဲ့ ကလီစာ ဖြစ်တဲ့ ဝက်အသည်း၊ ကြက်အသည်း၊ အမဲအသည်းတွေမှာ အဓိက ပါပါတယ်။ အရွက်တွေ ဖြစ်ကြတဲ့ ဟင်းနုနွယ်၊ ကန်ဇွန်းရွက်တွေမှာ သံဓာတ်ပါဝင်ပေမယ့်လည်း တကယ့် တကယ်တမ်း ခန္ဓာကိုယ်က ထိုအရွက်တွေက သံဓာတ်ကို အများကြီးမစုပ်ယူနိုင်ပါ။

    ဒါကြောင့် သံဓာတ်ကို အနီရောင် အသား နှင့် အသည်းကနေပဲ အဓိကရပါတယ်။ ဒါပေမယ့် အနီရောင် အသား တွေ ဆိုတာကလည်း တစ်ပတ်ကို ၂ ရက်ထက် ပိုစားလို့မသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကင်ဆာဖြစ်တတ်လို့ပါ။ အသည်းကလည်း ကိုလက်စထရောများတဲ့အတွက် နေ့စဉ်စားလို့ မသင့်တော်ပါ။ ဒါကြောင့် တစ်နေ့တာ သံဓာတ် ပြည့်မီဖို့အတွက် သံဓာတ်အားဆေး ဒါမှမဟုတ် အားဖြည့်ဆန် တွေကို ဖြည့်စွက်စားပေးဖို့လိုအပ်လာပါတယ်။

  • ဖောလစ် အက်ဆစ်
  • သွေးနီဥ အတွက် မဖြစ်မနေလိုအပ်တဲ့ ဓာတ်တစ်မျိုးပါ။ ဖောလစ်အက်ဆစ် ချို့တဲ့ရင် သွေးအားနည်းရောဂါဖြစ်တတ်ပါတယ်။ ထို့အပြင် ဆဲလ်အသစ်တွေဖြစ်စေပြီး ဆဲလ်တွေကိုလည်း ထိန်းသိမ်းပေးတဲ့အပြင် ပုံမှန် ဆဲလ်တွေကနေ ကင်ဆာဆဲလ် ပြောင်းလာသွားမှာကိုလည်း ကာကွယ်ပေးပါတယ်။ ဖောလစ်အက်စစ်ဓာတ်ကို ပဲအမျိုးမျိုး၊ ဟင်းနုနွယ်၊ ပန်းပွင့်စိမ်း၊ ကညွှတ်၊ ဂျုံနှင့်ပြုလုပ်ထားသော အစားအစာများ၊ လိမ္မော်သီး၊ အသည်း စတာတွေမှာ တွေ့ရတဲ့ အပြင် အခုနောက်ပိုင်း အားဖြည့်ဆန်တွေ မှာ ပါထည့်လာကြပါတယ်။

    နိုင်ယာစင် ဆိုတာ ဗီတာမင် B3 ပါ။ သူက သွေးတွင်း ကိုလက်စထရော ကိုကျစေပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း တက်စေသည့်အပြင် အခုနောက်ပိုင်း အဆစ်အမြစ်ရောင်တာကိုလည်း သက်သာစေတာကိုတွေ့လာရပါတယ်။

    အကျဉ်းချုပ်အားဖြင့်ပြောရမယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အာဟာရ ချို့တဲ့နှုန်းတွေက အင်မတန်မြင့်လာပါတယ်။ ဒါကြောင့် အာဟာရဓာတ် ထပ်ဖြည့်ထားတဲ့ အားဖြည့်ဆန်တွေကို စားပေးခြင်းအားဖြင့် ဒီပြဿနာတွေကို အတိုင်းအတာ တစ်ခုအထိ ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ ကျွန်တော်သိရသလောက် ဈေးကွက်ထဲ ရောင်းနေတဲ့ အားဖြည့်ဆန် တွေက ရိုးရိုးဆန်တွေနဲ့ ဈေးသိပ်မကွာတဲ့အတွက် လူတော်တော်များများအတွက် အဆင်ပြေကြမယ်လို့ ထင်ပါတယ်။

    လေးစားစွာဖြင့်

    ဒေါက်တာ ညီညီကျော်

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Arkar Hein မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement