လမ်းလျှောက်တတ်စ ကလေးတစ်ယောက်က ခံစားရတဲ့ ဝေဒနာတွေကို သေချာ တိတိကျကျ မပြောနိုင်သေးပေမယ့် မအီမသာ ဖြစ်နေတဲ့နေရာလေးကို ကိုင်ပြီးတော့တော့ နာတယ်လို့ ပြောတတ်နေပါပြီနော်။ ဒီလိုပြောတတ်တဲ့ ကလေးက ဗိုက်ကလေးကို ကိုင်ပြီး နာတယ်ပြောနေပြီဆိုရင် လေထိုးလေအောင့် ဖြစ်နေတာ ဖြစ်နိုင်ပါတယ်။ ဒီလို အခြေအနေမှာ ကလေးတွေမှာဖြစ်တဲ့ လေထိုးလေအောင့် သက်သာစေဖို့ဘယ်လို လုပ်ပေးရမလဲ ဆိုတာကို ဒီ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေ။
ကလေးတွေက လေထိုးလေအောင့်ဖြစ်နိုင်လား……..
အသက် တစ်နှစ်အောက် ကလေးတွေမှာတော့ လေနာဖြစ်နိုင်ပါတယ်။ ဒီလိုကနေမှ အရွယ်လေးရောက်လို့ လမ်းစလျှောက်တတ်ပြီ ဆိုရင်တော့ အစားတွေလည်း စားတတ်နေပြီ ဖြစ်တာကြောင့် လေထိုးလေအောင့်က ဖြစ်လာနိုင်ပြီပေါ့။ လေထိုးလေအောင့်က ဘယ်အရွယ်မို့လို့ မဖြစ်ဘူးဆိုတာ မရှိပါဘူး။ ဒါကြောင့် ဘေဘီလေးတွေလည်း လေထိုးလေအောင့် ဖြစ်နိုင်ပါတယ်။
ဘာကြောင့် လေထိုးလေအောင့် ဖြစ်ရတာလဲ……….
လေထိုးလေအောင့် ဖြစ်ရတာက လေပွစေတဲ့ အစားတွေ အများကြီး စားမိတာကြောင့် လေတွေထရတာလို့ သိထားကြပါတယ်။ ဒီလိုဗိုက်ထဲမှာ လေပွတာက လူတိုင်းလိုလို နေ့စဉ် ကြုံနေရကျ ပြဿနာပါ။
ဒါပေမယ့် လေတက်ပြီး လေက လွယ်လွယ်ကူကူ ထွက်သွားတဲ့အခါမျိုးမှာတော့ လေထိုးလေအောင့်က မဖြစ်နိုင်ဘူးပေါ့။ ဒီလိုမှ မဟုတ်ဘဲ လေက ခန္ဓာကိုယ် အပြင်ဘက်ကို လေလည်တာကနေတဆင့် ဖြစ်ဖြစ်၊ လေတက်တာကနေဖြစ်ဖြစ် အဆင်ပြေပြေ မထွက်သွားနိုင်ဘူးဆိုရင် ဗိုက်ထဲမှာ လေထိုးလေအောင့်တဲ့ ပြဿနာတွေ ဖြစ်လာပြီလေ။
Solid Foods ကို စစားမယ့် ကလေးတစ်ယောက် အဖို့ကတော့ စားလေ့စားထ မရှိတဲ့ အစားအစာတွေကို စားတဲ့အကျင့် စမွေးမြူချိန်ဆိုတော့ အစာအိမ်ထဲမှာ လေတွေ ဖြစ်နိုင်ခြေက ပုံမှန်ထက် ပိုများနေပါတယ်။ စစားတဲ့ အစားအစာတွေနဲ့ အစားအသောက် အလေ့အထတွေကြောင့်လည်း ဘေဘီလေးမှာ လေထိုးလေအောင့်တဲ့ ပြဿနာ ခံစားရနိုင်ပါတယ်။
ဒီလိုအခြေအနေတွေကြောင့်လည်း လေထိုးလေအောင့်ဖြစ်နိုင်ပါတယ်
- ကလေးက ပဋိဇီဝ ပိုးသတ်ဆေး တစ်ခုခု သောက်နေရတာ
- နို့သကြားဓာတ်ကို မချေဖျက်နိုင်တာ
- အစားအသောက် အပြောင်းအလဲ
- ပန်းဂေါ်ဖီလိုမျိုး လေထစေနိုင်တဲ့ အစားအစာတွေ စားမိတာ
- အစားကို သေချာဝါးမစားတာ
- အစားစားရင်း၊ တစ်ခုခုသောက်ရင်း လေတွေအများကြီး မြိုချမိတာ
- ရေလုံလောက်အောင် မသောက်တာ
- အစာခြေစနစ်ပြဿနာတစ်ခုခုခံစားနေရတာတွေကြောင့်လည်း ကလေးမှာလေထိုးလေအောင့်တာဖြစ်စေနိုင်ပါတယ်။
ဘယ်လိုလက္ခဏာတွေတွေ့ရနိုင်လဲ……….
ကလေးမှာ အခုလို လက္ခဏာတွေ တွေ့ရပြီဆိုရင် ကလေးက လေထိုးလေအောင့် ခံစားနေရတာပါ။
- လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမယ်
- ကလေးက လူးလွန့်နေမယ်
- နေမထိထိုင်မသာဖြစ်နေမယ်
- အစားပြည့်ပြည့်ဝဝကျွေးပေမယ့်လည်း ငိုနေမယ်
- မကြာခဏလေတက်နေမယ်
- ကလေးက ဒူးထောင်ရက်အနေအထားနဲ့ ဒူးနှစ်ဖက်ကို ပိုက်ပြီး ထိုင်နေမယ်
- ကလေးက ညည်းရင်း ဗိုက်လေးကိုဖိနေမယ်
- ဝမ်းသွားရခက်နေမယ်ဆိုရင် ကလေးက လေထိုးလေအောင့်ဖြစ်နေပါပြီ။
စကားကို သေချာပြောတတ်တဲ့ ကလေးဆိုရင်တော့ သူဗိုက်အောင့်ကြောင်း ပြောပြပါလိမ့်မယ်။
ကလေးတွေမှာဖြစ်တဲ့ လေထိုးလေအောင့် သက်သာစေဖို့
ပြဿနာတိုင်းကအဖြေရှိတယ်ဆိုသလိုပါပဲ။ ကလေး လေထိုးလေအောင့် ဖြစ်တဲ့အခါမှာလည်း သက်သာအောင်လုပ်ပေးလို့ရတဲ့နည်းလမ်းတွေရှိပါတယ်။ ကလေးတွေမှာဖြစ်တဲ့ လေထိုးလေအောင့် သက်သာစေဖို့ ဆိုရင်တော့
ပြဿနာရဲ့ ဇစ်မြစ်ကိုရှာပါ – ကလေးတွေမှာလေထိုးလေအောင့်ဖြစ်စေတဲ့ အကြောင်းရင်းက အစားအသောက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးကို အစားအသောက်ပြင်ဆင်ပေးတဲ့အခါ လေပွစေနိုင်တဲ့ ဂေါ်ဖီထုပ်၊ ကိုက်လန်၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း၊ ပဲအမျိုးမျိုး၊ ကြက်သွန်နီ၊ အာလူးတို့ကျွေးမိလားဆိုတာကို ဆန်းစစ်ကြည့်ဖို့ လိုပါမယ်။ ဒီအစားအစာတွေကို ခဏလောက် လျှော့ကျွေး၊ ရှောင်ကျွေးပြီးလက္ခဏာတွေကို စောင့်ကြည့်ကြည့်ပါ။
ညင်ညင်သာသာလေးနှိပ်နယ်ပေးပါ – ကလေးရဲ့ ဝမ်းဗိုက်ကလေးကို နာရီလက်တံအတိုင်း ညင်ညင်သာသာလေးပွတ်ပေးပြီး နှိပ်နယ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးရဲ့ ဗိုက်ထဲကလေတွေကို ထွက်သွားစေနိုင်တာကြောင့် လေထိုးလေအောင့် ဖြစ်တာကို သက်သာစေနိုင်မှာပါ။ အစားစားပြီးတိုင်းလုပ်ပေးနိုင်ရင် အဆင်ပြေပါတယ်။လေထုတ်ပေးတဲ့ သဘောပေါ့။
အမျှင်ဓာတ်ပါတဲ့ အစားအစာတွေကျွေးပါ – အမျှင်ဓာတ်ပါတဲ့ အစားအစာတွေက အစာခြေစနစ်ကို သန့်စင်စေနိုင်သလို အစာခြေစနစ်ကို ကျန်းမာစေပြီး လေထိုးလေအောင့်ဖြစ်တာကို အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။ အလွန်အကျွံကျွေးမိရင်တော့ အစာမကြေဖြစ်တတ်တာကို သတိထားစေလိုပါတယ်။
အစာကို ကြေညက်အောင် ဝါးစားခိုင်းပါ – ကလေးကို အစာတစ်လုတ်မြိုမချခင်တိုင်းမှာ အနည်းဆုံး ၁၀ ကြိမ်နဲ့အထက် ဝါးမိစေဖို့ သတိပေးပါ။ အစာကို ကြေညက်အောင် ဝါးစားပေးတာကလေထိုးလေအောင့်မဖြစ်အောင် ကာကွယ်ရာရောက်ပါတယ်။
ရေဓာတ်လုံလောက်အောင် ဂရုစိုက်ပါ – ကလေးကို တစ်နေ့တာမှာ ရေလုံလောက်စွာ သောက်မိအောင် ဂရုစိုက်ပေးပါ။ ရေလုံလောက်အောင်သောက်သုံးမှုက ဝမ်းချုပ်တာကို ကာကွယ်ပေးသလိုလေတွေကို ခန္ဓာကိုယ်ပြင်ပကို လေတွေ အဆင်ပြေပြေထွက်သွားအောင်လည်း အထောက်အကူပြုပေးနိုင်ပါတယ်။
ရေနွေးနွေးလေးနဲ့ရေချိုးပေးပါ – ကလေးကို ရေနွေးနွေးလေးနဲ့ ရေချိုးပေးတာက လေထိုးလေအောင့်တဲ့ ပြဿနာကို သက်သာစေဖို့ ထိရောက်တဲ့ နည်းလမ်းတွေထဲက တစ်ခုပါ။ ဒါကြောင့် ကလေးက လေထိုးလေအောင့်ဖြစ်နေမယ်ဆိုရင် ရေနွေးလေးနဲ့ ရေချိုးသန့်စင်ပေးလိုက်ပါ။
[embed-health-tool-vaccination-tool]