ခန္ဓါကိုယ်ကျန်းမာဖို့လေရှုရမယ်၊ရေသောက်ရမယ်၊ အစာအာဟာရြပည့်ဝမျှတအောင်စားသုံးရမယ်၊ပြည့်ဝတဲ့ အိပ်စက်ချိန်ထားရမယ်ဆိုငြင်းမလား။ ဒီအခြေအနေတွေမျှမှ ခန္ဓါကိုယ်ကျန်းမာမှာပါ။ ဒါတွေအပြင်နောက်တစ်ခုမေ့ထားလို့မဖြစ်တာက အစာခြေစနစ်ကျန်းမာဖို့ပါ။ အစာခြေစနစ်ကျန်းမာဖို့အရေးပါတဲ့ ဇာတ်လိုက်လေးတွေရှိပါတယ်။ ဒါကတော့ အစာခြေစနစ်ကို ကျန်းမာစေတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေဖြစ်ကြတဲ့ (Probiotics)တွေပါ။ သူတို့ကို အားဖြည့်ပေးမယ့် အာဟာရဓါတ်ကိုတော့ Prebiotics လို့ခေါ်ပါတယ်။ ဒီနှစ်ခုအကြောင်းနဲ့ ဒီဆောင်းပါးလေးထဲမှာ ကလေးတွေရဲ့ အစာခြေစနစ်ကျန်းမာဖို့ ဘာတွေလိုအပ်သလဲဆိုတာကိုပြောပြပေးပါရစေ။
Probiotics ( အကျိုးပြုဘက်တီးရီးယား)
အစာခြေစနစ်အတွင်းက အကျိုးပြုဘက်တီးရီးယားလေးတွေပေါ့။ အစာခြေစနစ်ကျန်းမာအောင်အထောက်အကူပြုပေးတာပါ။ ဒိန်ချဉ်၊ ကင်မ်ချီနဲ့ မီဆိုဟင်းရည်လိုမျိုး အစားအစာတွေမှာပါဝင်နေတတ်ကြပါတယ်။ အစာအိမ်နဲ့ အူနံရံတွေက အာဟာရတွေကို စုပ်ယူမှုကောင်းအောင်လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် အစာခြေစနစ်ကျန်းမာပြီး ကလေးကြီးထွားဖွံ့ဖြိုးဖို့ဆိုရင် ကလေးရဲ့နေ့စဉ်စားသောက်တဲ့အစားအစာတွေထဲမှာ အကျိုးပြုဘက်တီးရီးယားလေးတွေရရှိစေမယ့် အစားအသောက်တွေကိုပြင်ဆင်ပေးဖို့လိုပါမယ်။
Prebiotics ( အကျိုးပြုဘက်တီးရီးယားအာဟာရ)
Probioticခေါ်တဲ့ အကျိုးပြုအဏုဇီဝပိုးမွှားလေးတွေ ရှင်သန်ကြီးထွားဖို့အတွက်ဆိုရင် Prebiotic လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရဓါတ်ကိုပြည့်ဝစွာရရှိဖို့လိုအပ်မှာပါ။ ဒီဓါတ်က အမျှင်ဓါတ်တစ်မျိုးဖြစ်ပြီး အူတွင်းကအကျိုးပြုဘက်တီးရီးယားတွေအတွက် အာဟာရထောက်ပံ့ပေးပါတယ်။ ငှက်ပျောသီး၊ ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ ပန်းသီးအခွံ နဲ့ ပဲအမျိုးမျိုးတို့မှာ အကျိုးပြုဘက်တီးရီးယား အာဟာရဖြစ်တဲ့ Prebiotics ပါဝင်နေပါတယ်။ အူအတွင်းမှာ အကျိုးပြုဘက်တီးရီးယားအာဟာရများများရှိလေလေ အကျိုးပြုဘက်တီးရီးယားတွေရှင်သန်ကြီးထွားနိုင်လေလေဖြစ်တာကြောင့် အစာခြေစနစ်ကျန်းမာလေလေပါ။ အစာခြေစနစ်ကျန်းမာတဲ့အခါ ကလေးကြီးထွားဖွံ့ဖြိုးဖို့အတွက်အထောက်အကူဖြစ်ပြီးသားဖြစ်မယ်ဆိုတာပြောနေစရာမလိုအောင်ပါပဲ။
ကလေးတွေရဲ့ အစာခြေစနစ်မှာ ပါဝင်နေတဲ့ အကျိုးပြုဘက်တီးရီးယားတွေရဲ့ကဏ္ဍ
ကလေးတွေရဲ့ အစာခြေစနစ်ထဲမှာ ဘက်တီးရီယားတွေများစွာရှင်သန်နေကြတာပါ။ အကျိုးပြုဘက်တီးရီးယားတွေရှိသလို အကျိုးမပြုတဲ့ဘက်တီးရီးယားတွေလည်းရှိပါတယ်။ ဒီဘက်တီးရီးယားအရေအတွက်မျှတနေမှ အစာခြေစနစ်ရော ခန္ဓါကိုယ်တစ်ခုလုံးပါကျန်းမာမှာပါ။ Probioticsတွေက ကလေးရဲ့ အစာခြေစနစ်အတွင်းမှာ အကျိုးပြုဘက်တီးရီးယားတွေ ရှင်သန်ကြီးထွားဖို့ အထောက်အကူဖြစ်စေသလို ကလေးရဲ့ ကိုယ်ခံအားစနစ်ကိုလည်းကောင်းမွန်စေနိုင်ပါတယ်။ ဒါကြောင့်ကလေးနေ့စဉ်စားသုံးမယ့်အစားအစာသောက်တွေကိုသေချာသတိထားကျွေးမွေးသင့်ပါတယ်။ ကလေးဟာ Probiotics ပမာဏပြည့်ဝမျှတစွာရရှိမယ်ဆိုရင် –
- ကိုယ်ခံအားစနစ်ကောင်းမွန်မယ်
- အစာခြေစနစ်ကျန်းမာမယ်
- ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင်ကာကွယ်ပေးတယ်
- စိတ်ပိုင်းဆိုင်ရာကျန်းမာစေနိုင်တယ်
- နှလုံးကျန်းမာစေနိုင်တယ်
- ပဋိဇီဝဆေးဝါးတွေကြာင့် အူတွင်းအကျိုးပြုဘက်တီးရီးယားတွေသေဆုံးတာမျိုးမဖြစ်အောင်ကာကွယ်ပေးတယ်
- ဓါတ်မတည့်မှုပြဿနာတွေကိုကင်းဝေးစေနိုင်တယ်
- ဇီဝကမ္မဖြစ်စဉ်တွေကိုကောင်းမွန်စေပြီး ကိုယ်အလေးချိန်တိုးစေနိုင်တယ်
- ကာကွယ်ဆေးတွေကြောင့် ခန္ဓါကိုယ်မှာ ထိခိုက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်
- ဆီးလမ်းကြောင်းပိုးဝင်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်။
Probiotics ရရှိနိုင်မယ့် အစားအစာတွေက
နို့နဲ့နို့ထွက်ပစ္စည်းတွေကprobiotics ရရှိစေနိုင်မယ့် အကောင်းဆုံးသော အစားအစာတွေပေါ့။ နို့ထွက်ပစ္စည်းဖြစ်တဲ့ ဒိန်ချဉ်သောက်သုံးပေးမယ်ဆိုရင်လည်းprobiotics ကိုရရှိမှာပါ။ ဒါတွေအပြင် အချဉ်ဖောက်ထားတဲ့ အစားအသောက်တွေဖြစ်ကြတဲ့ ကင်မ်ချီ၊ ချိစ်၊ဒိန်ခဲနဲ့ မီဆိုဟင်းရည်လိုမျိုး အစားအသောက်တွေကနေလည်းprobiotics ကိုရရှိနိုင်မှာပါ။
ကလေးကိုprobiotics ကြွယ်ဝစွာပါဝင်တဲ့အစားအသောက်တွေကျွေးမွေးတာက ကျန်းမာဖွံ့ဖြိုးဖို့ အများကြီးအထောက်အပံ့ဖြစ်စေနိုင်တာပါ။ ဒါကြောင့် ကလေးကို ကျန်းမာတဲ့အစာခြေစနစ်နဲ့ ကျန်းမာစွာဖွံ့ဖြိုးကြီးထွားချင်စေချင်တဲ့ဖေဖေမေမေတို့အနေနဲ့ ကလေးကိုအစားအသောက်ပြင်ဆင်ပေးတိုင်းမှာprobiotics ကိုချန်မထားဖို့ပြောပါရစေ။
Hello Health Groupသည်ဆေးပညာအကြံပေးချက်များ၊ရောဂါရှာဖွေမှုများ၊ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-vaccination-tool]