backup og meta

ကလေးတို့ လူမှုပေါင်းသင်းဆက်ဆံရေး (Social Skills) တိုးတက်စေဖို့ ဖေဖေ၊ မေမေတို့ သိသင့်တဲ့ အချက်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 22/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတို့ လူမှုပေါင်းသင်းဆက်ဆံရေး (Social Skills) တိုးတက်စေဖို့ ဖေဖေ၊ မေမေတို့ သိသင့်တဲ့ အချက်များ

    ကလေးတို့ လူမှုပေါင်းသင်းဆက်ဆံရေး (Social Skills) တိုးတက်စေဖို့ ဖေဖေ၊ မေမေတို့ သိသင့်တဲ့ အချက်များ က ဘာတွေ ဖြစ်မလဲ ဆိုတာ အတူတူ ကြည့်ရအောင်နော်။ မိဘတွေတိုင်းမှာတော့ ကိုယ့်ရဲ့ သားသမီးတွေကို လိမ္မာယဉ်ကျေးသူတွေ၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူတွေ၊ လူချစ်လူခင် ပေါများသူတွေ ဖြစ်စေချင်တဲ့ စိတ်စေတနာမျိုး ရှိကြတာပါပဲ။ ဒါပေမယ့် ကလေးတိုင်းကတော့ အရွယ်ရောက်လာချိန်မှာ ဒီလို အရည်အသွေးမျိုးတွေ ပါရှိတဲ့သူတွေ ဖြစ်လာတတ်ကြတာမဟုတ်ပါဘူး။

    ဒါကြောင့်လည်း ဖေဖေ၊ မေမေတို့အနေနဲ့ ကလေးတွေကို ငယ်ရွယ်စဉ်မှာကတည်းက Social Skills တိုးတက်လာအောင် ပြုစုပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။ ငယ်ရွယ်စဉ်ကတည်းက Social Skills ကောင်းမွန်အောင် လေ့ကျင့်ပျိုးထောင်ခံထားရတဲ့ သားသား၊ မီးမီးတွေဟာ အနာဂတ်ကာလမှာလည်း မိဘတွေ မျှော်လင့်ထားသလို ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူတွေ၊ လူချစ်လူခင်ပေါများသူတွေ ဖြစ်လာနိုင်ခြေများတယ် မဟုတ်လား။

    Social Skills ဆိုတာ ဘာလဲ

    ကလေးတွေကို Social Skills (လူမှုဆက်ဆံရေး အရည်အသွေး) ကောင်းမွန်အောင် ဘယ်လိုပျိုးထောင်မလဲဆိုတာကို ပြောခင် Social Skills ဆိုတာ ဘာလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိထားဖို့ လိုအပ်ပါတယ်။ Social Skills ဆိုတာက ကိုယ်အား၊ လူအား၊ နှုတ်အား ဘယ်လိုပုံစံနဲ့ဖြစ်ပါစေ လူအချင်းချင်း ဆက်သွယ်ကြ၊ ဆက်ဆံကြတဲ့ အရည်အသွေးတစ်မျိုးဖြစ်ပါတယ်။

    စကားပြောဆိုတာ တစ်ခုတည်းမဟုတ်ပါဘူး။ အမြင်၊ အကြည့်၊ ခံစားချက်၊ အမူအရာ၊ အနေအထိုင်၊ အပြုအမူ စတာတွေ အားလုံးပါဝင်ပါတယ်။ လူဆိုတာမျိုးက လူမှုဆက်ဆံရေး သတ္တဝါတွေမဟုတ်လား Social Skills ဆိုတာကလည် လူအချင်းချင်းအကြားက အရေးပါတဲ့ အချိတ်အဆက်တစ်ခုပေါ့။

    ဘာလို့ Social Skills က အရေးကြီးတာလဲ

    Social Skills ဟာ ဘဝအတွက် အလွန်အရေးပါတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ကလေးတွေရဲ့ ဘဝတစ်သက်တာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ရှိနေမယ့် အရာဖြစ်နေလို့ပါ။ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူတွေဟာ လူ့အသိုင်းအဝိုင်းအကြားမှာ အလေးထားခံရတတ်ပါတယ်။

    ကောင်းမွန်တဲ့ Social Skills ရှိသူတွေဟာ တစ်ဖက်သားကို ကူညီချင်စိတ်၊ စာနာနားလည်စိတ်၊ ရိုင်းပင်းကူညီချင်စိတ်နဲ့ စိတ်ရင်းစေတနာကောင်းတွေ ရှိနေမှာဖြစ်ပြီးတော့ ဒါတွေက လူအချင်းချင်း ဆက်ဆံရေးမှာ အရေးပါတဲ့ တန်ဖိုးတွေဖြစ်ပါတယ်။

    ကလေးတို့ လူမှုပေါင်းသင်းဆက်ဆံရေး (Social Skills) တိုးတက်စေဖို့ ဖေဖေ၊ မေမေတို့ သိသင့်တဲ့ အချက်များ

    ဖေဖေ၊ မေမေတွေ အနေနဲ့ မိမိတို့ရဲ့ သားသား၊ မီးမီးတွေကို Social Skills ကောင်းမွန်သူတွေဖြစ်လာအောင် ပြုစုပျိုးထောင်ဖို့ စနစ်တကျ အစီအမံတွေ ချမှတ် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ကလေးတွေ စတင်ဖွံ့ဖြိုးကာစ အဆင့်မှာကတည်းက မှန်ကန် သင့်လျော်တဲ့ နည်းလမ်းတွေ၊ နည်းဗျူဟာတွေ ချမှတ်ပြီး ပျိုးထောင်ဖို့ လိုအပ်ပါတယ်။

    သားသား၊ မီးမီးတွေဟာ သူတို့ ပြုမူနေထိုင်ပုံတွေကို အနီးစပ်ဆုံးလူတွေဆီကနေ သင်ယူလေ့လာပြီး ကူးယူလေ့ရှိပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ ပတ်ဝန်းကျင်က လူကြီးတွေက သင့်လျော်တဲ့ အလေ့အထတွေ၊ တုန့်ပြန်မှုတွေ မပြုလုပ်ဘဲ သားသားမီးမီးတွေအပေါ် ဂရုစိုက်မှု နည်းပါးတာ၊ မှားယွင်းစွာ ဆက်ဆံတာတွေ ရှိနေမယ်ဆိုရင် မှားယွင်းတဲ့ အလေ့အထတွေကို သင်ကြားပေးသလိုမျိုးဖြစ်သွားနိုင်ပါတယ်။

    သူတို့လေးတွေရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ ပတ်ဝန်းကျင်ကို လေ့လာနိုင်စွမ်းတွေကို ထိခိုက်သွားစေမှာဖြစ်ပြီးတော့ ဒီကနေတဆင့် Social Skills ပိုင်းမှာ အားနည်းသွားမှာဖြစ်ပါတယ်။

    အသက်အရွယ် အပိုင်းအခြားအလိုက် သိထားသင့်သည်များ

    အခြေခံအားဖြင့် ကလေးတွေ ကလေးတို့ လူမှုပေါင်းသင်းဆက်ဆံရေး (Social Skills) တိုးတက်စေဖို့ ဆိုရင် အသက်အရွယ်အလိုက် သူတို့ရဲ့ အမူအကျင့်အလေ့အထလေးတွေကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။ အသက်အရွယ်အလိုက် သားသား၊ မီးမီးတွေရဲ့ အလေ့အထလေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ၂ နှစ်မှ ၃ နှစ် – ဒီအသက်အရွယ်မှာ ကလေးတွေဟာ အနီးပတ်ဝန်းကျင်က လူတွေရဲ့ အာရုံစိုက်မှုကို အထူးလိုချင်ကြပါတယ်။ ပတ်ဝန်းကျင်နဲ့ ဆက်ဆံမှုတွေ စပြီး ပြုလုပ်တဲ့အချိန်မျိုးဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရသာမက မပီကလာ ပီကလာစကားလေးတွေ စပြောကြတဲ့အချိန်မျိုးပေါ့။

    စတာ၊ နောက်တာ၊ ရယ်မောတာ၊ စကားပြောကြည့်တာလေးတွေ စပြီးလုပ်ကြပါလိမ့်မယ်။ ဒီလိုအချိန်မျိုးမှာ မိဘတွေဘက်က သားသား၊ မီးမီးတွေကို သူတို့နားလည်နိုင်မယ့် တုန့်ပြန်မှု၊ ဂရုစိုက်မှုနဲ့ အလေးပေးမှုတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

    ကလေးတွေဟာ သူတို့ရင်တွင်းက ခံစားချက်တွေကို ဖွင့်ဟပြောပြနိုင်စွမ်းမရှိကြသေးပါဘူး။ ဒါကြောင့် ဖေဖေ၊ မေမေတွေအနေနဲ့ သားသား၊ မီးမီးတွေရဲ့ အပြုအမူတွေကို ဂရုစိုက်ပြီး စောင့်ကြည့်ပေးနေဖို့ လိုအပ်ပါတယ်။

    ဒီလိုမျိုး ကလေးတွေ အလိုရှိတာတွေကို ဖြည့်ဆည်းပေးနိုင်တာက သူတို့ကို စိတ်ပျော်ရွှင်စေပြီး စိတ်ထားနူးညံ့စေဖို့ အထောက်အကူဖြစ်စေမှာပါ။

    ၃ နှစ်မှ ၄ နှစ် – ဒီအသက်အရွယ်ကတော့ ဆော့ကစားချင်စိတ်များတဲ့ အသက်အရွယ်ဖြစ်လာပါပြီ။ အရုပ်တွေ၊ ဂိမ်းတွေ၊ တိရစ္ဆာန်တွေနဲ့ ဆော့ကစားချင်မယ်။ စကားလေးတွေ စပြီး ပီပီသသပြောတတ်လာမယ်။ လူကြီးတွေနဲ့ စကားတွေ ပြောကြည့်ချင်နေမယ်။ ဒီအချိန်ကာလမျိုးမှာ သူတို့နဲ့ စကားပြောဆိုတာမျိုး၊ သူတို့ရဲ့ ဆော့ကစားမှုတွေကို ဂရုစိုက်ပေးတာမျိုးတွေ လုပ်ပေးနိုင်ပါတယ်။

    ကလေးတွေ သဘာဝအလျောက် ဆော့ကစားတာနဲ့ ပတ်သက်ပြီး လူကြီးတွေဆီမှာ အယူအဆမှားတွေ ရှိတတ်ကြပါတယ်။ အာရုံနောက်တယ်လို့ ခံစားရတာမျိုး၊ အလုပ်ရှုပ်တယ်လို့ တွေးမိတာမျိုးတွေရောပေါ့။

    တကယ်တမ်းမှာတော့ သားသားမီးမီးတွေဟာ ဆော့ရင်းကစားရင်း သူတို့ရဲ့ ပတ်ဝန်းကျင်ကို လေ့လာမှုစွမ်းရည်ကို မြှင့်တင်ကြတာဖြစ်တာမို့ ဒါကို တားဆီးပိတ်ပင်တာမျိုး၊ မာန်မဲဟိန်းဟောက်တာမျိုးတွေ မလုပ်သင့်ပါဘူး။ ဒါမှသာ ကလေးတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ဖွံ့ဖြိုးလာကြမှာဖြစ်ပါတယ်။

    ၄ နှစ်မှ ၅ နှစ် – ကလေးအချင်းချင်း စိတ်ဝင်စားမှု၊ ခင်မင်မှု ပြသတဲ့အရွယ်ပေါ့။ အချင်းချင်း ဆော့ကစားတာမျိုးကို ပိုမင်လာမယ်။ အတူတူဆော့ကစားရတာကို ပိုနှစ်သက်မယ်။ အချင်းချင်း ပြောဆိုဆက်သွယ်ရတာကို နှစ်သက်မယ်။ ကလေးတွေ ပျော်ပျော်ရွှင်ရွှင် အတူတကွ ကစားတာမျိုးလုပ်နိုင်မယ့် ပတ်ဝန်းကျင်မျိုး ဖန်တီးပေးတာမျိုးက သင့်လျော်တဲ့ နည်းလမ်းဖြစ်ပါတယ်။

    ၅ နှစ်မှ ၆ နှစ် – ဒီအသက်အရွယ်မျိုးမှာ သိနားလည်တာတွေများလာပြီဖြစ်ပါတယ်။ မြန်မာပြည်မှာဆိုရင်တော့ မူလတန်း ကျောင်းစတက်တဲ့ အရွယ်ဖြစ်ပါတယ်။ ယဉ်ကျေးပျူငှာတဲ့စကားမျိုး၊ နှုတ်ဆက်စကားမျိုးတွေ သင်ကြားပေးသင့်တဲ့အရွယ်ဖြစ်သလို လူအချင်းချင်း ဆက်ဆံရေးအကြောင်းတွေ ရှင်းပြလို့ရနိုင်တဲ့ အရွယ်လည်းဖြစ်ပါတယ်။

    နောက်ပြီး ပြိုင်ဆိုင်ရတဲ့ ဂိမ်းမျိုးတွေကို စိတ်ဝင်စားမှုပြသကြတဲ့အရွယ်လည်း ဖြစ်တာမို့ အားကစားတွေ ပေးကစားပြီး အားကစားစိတ်ဓာတ်၊ ရိုင်းပင်းတတ်တဲ့ စိတ်ဓာတ်မျိုးတွေကို မြှင့်တင်ပေးသင့်တဲ့အရွယ်ပါ။

    ဒီလိုအသက်အရွယ်အလိုက် ကလေးတွေရဲ့ အမူအကျင့်နဲ့ အလေ့အထလေးတွေကို သိနားလည်ထားပြီဆိုရင် မိမိတို့ကလေးတွေကို လူမှုပတ်ဝန်းကျင်မှာ Social Skills ကောင်းမွန်သူလေးတွေ ဖြစ်လာအောင် ပျိုးထောင်ဖို့ ပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။

    ဘယ်လို ယဉ်ကျေးစွာ ပြုမူနေထိုင်ရမယ်၊ လူတွေကို ဘယ်လို ဆက်ဆံရမယ်၊ ဘယ်လို ကိုယ်ချင်းစာတရား ထားရမယ်ဆိုတာကို သိနားလည်လာအောင် မှန်ကန်စွာ သင်ပြပေးနိုင်ပြီဆိုရင် မိမိတို့ရဲ့ သားသား၊ မီးမီးတွေဟာ အနာဂတ်မှာ လူတော်လူကောင်းလေးတွေဖြစ်လာတော့မှာ သေချာနေပြီပဲပေါ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 22/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement