backup og meta

ကလေးနို့တိုက်နေတဲ့မေမေတိုင်း သိသင့်တဲ့ ရှောင်ရန် ဆောင်ရန် အချက်တွေ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးနို့တိုက်နေတဲ့မေမေတိုင်း သိသင့်တဲ့ ရှောင်ရန် ဆောင်ရန် အချက်တွေ။ ။

    မီးဖွား ပြီးတဲ့ အမျိုးသမီးတိုင်း ကိုယ့် ရင်သွေးလေးကို နို့ချိုတိုက်ကျွေးတယ် ဆိုတာ သဘာဝတရားကြီးက ဖန်တီး ပေးထားတဲ့ ဖြစ်စဉ်တစ်ခု ပါ ။ ကလေးနို့တိုက်နေတဲ့မေမေတိုင်း ကလေး မွေးပြီးတာနဲ့ နို့တိုက်လိုက်ရုံပဲဆိုပြီး ထင်သလောက်တော့ မလွယ်ကူပါဘူး ။

    ကလေး တစ်ယောက်ရဲ့ ကျန်းမာ ဖွံ့ဖြိုးမှုက မေမေတို့အပေါ်မှာ အများကြီး မူတည်နေတဲ့ အတွက် နို့တိုက် နေတဲ့အချိန် မေမေတို့ သိထားသင့်တဲ့ ရှောင်ရန်ဆောင်ရန် အချက်တွေကို ခု ဆောင်းပါးလေးထဲမှာ ပြောပြပေး ချင်ပါတယ် ။

    ကလေးနို့တိုက်နေတဲ့မေမေတိုင်း သိထားသင့်တဲ့ ဆောင်ရန် အချက်များ ။

    • နို့ဦးရည် ဆိုတာ ကလေး အတွက် အကျိုးရှိစေမယ့် အာဟာရတွေ ချည်းပဲ  ပါတာကြောင့်  မွေးမွေးပြီးချင်း  ကလေးကို နို့ဦးရည်  တိုက်ဖြစ်အောင် တိုက်ပါ ။
    • ရေ များများ သောက်ပါ ။ ရေ များများသောက်တာကြောင့် နို့ထွက်တာကောင်းမယ့်အပြင် သင့် ကိုယ်ခန္ဓာထဲက မကောင်းတဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှား ပေးပါတယ် ။
    • အာဟာရရှိတဲ့ အစားအသောက်တွေ အကုန်စားပါ ။ မေမေ တစ်ယောက်စားတဲ့ အစားအသောက်တွေထဲမှာ အသားငါး၊ အသီးအနှံတွေက ပါကိုပါသင့်တဲ့အရာတွေပါ။ မီးဖွားပြီးရင် ငါးခြောက်ဖုတ်နဲ့ပဲ ထမင်းစားရမယ်ဆိုတဲ့ အယူမှားတွေကို နားမယောင်မိပါစေနဲ့။ ။
    • နို့ကို တစ်နေ့ ဘယ်နှခေါက် တိုက်ရမလဲဆိုတာ ပုံသေမရှိတဲ့အတွက် ကလေးနို့ဆာတိုင်း နို့တိုက်ပါ ။ ကိုယ်အပြင်သွားစရာ ကိစ္စရှိနေရင် နို့ကို ညှစ်ပေးခဲ့ပြီး ဘယ်လို စနစ်တကျ သိမ်းထားရမလဲဆိုတာကို သေချာ လေ့လာထားပါ ။
    • အရေးအကြီးဆုံး အချက်ကတော့ ကလေး အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ဖို့ပါ ။
    • နို့တိုက်ချိန် ကိုယ့်ကလေး တစ်နေ့ကို ဝမ်းဘယ်နှစ်ကြိမ် ပုံမှန်သွားသင့်လဲဆိုတာ ဆရာဝန်တွေဆီက မေးမြန်းထားပါ ။ ဒါမှ lactose intolerance လို့ခေါ်တဲ့ မိခင်နို့နဲ့ မတည့်လို့ ဝမ်းလျှောနေလား၊ ပုံမှန်ပဲလားဆိုတာ သင်သိမှာပါ ။
    • နို့သီးခေါင်း တစ်ဝိုက်ကို အမြဲ သန့်သန့် ရှင်းရှင်း ထားပါ။ နို့ပွေးတွေ ပေါက်တတ်တာကြောင့် နို့ပေသွားတဲ့ ကလေး ပါးကိုလည်း သန့်ရှင်းပေးပါ ။
    • ကလေးနို့တိုက်နေတဲ့မေမေတိုင်း က ကောင်း ကောင်း အနားယူဖို့လည်း လိုပါတယ် ။ ဒါမှ နို့လည်းများများထွက် မိခင်လည်း ကျန်းမာ ကလေးလည်း ကျန်းမာမှာ ဖြစ်ပါတယ် ။
    • ကလေးကို ဘယ်လို နို့ တိုက်ရမလဲဆိုတာ သေချာလေ့လာထားပါ ။ နို့ တိုက်တဲ့ အချိန်မှာ ဘယ်ရော ညာရော ကလေးကို ပေးစို့ပါ။ နို့ မထွက်လည်း ကလေးကို ဆက်စို့ ခိုင်းပါ ။ နို့ မထွက်လို့ နို့ အုံတင်းပြီး နာနေရင် ပျော့သွားအောင် ရေနွေး ဖြစ်ဖြစ် ရေခဲဖြစ်ဖြစ်ကပ်ပြီး ချေပေးပါ ။ နာမှာ မကြောက်ပါနဲ့ ။ မချေဘဲထားလေ ပိုတင်းလေ၊ နို့ကြောင်းပိုပိတ်လေဖြစ်တတ်လို့ပါ ။

    ကလေး နို့တိုက်နေတဲ့ မေမေတိုင်း သိထားသင့်တဲ့ ရှောင်ရန် အချက်များ ။

  • သင်စားသမျှ အကုန် နို့ကနေ ကလေးဆီ ပြန်ရောက်တဲ့ အတွက် စိတ် အလိုလိုက်ပြီး တွေ့ကရာလျှောက်မစားပါနဲ့။ ကဖင်းဓာတ်ပါတဲ့ အစားအသောက်တွေနဲ့ အစပ်တွေကို နို့တိုက်နေတဲ့ အချိန် ရှောင်ပါ ။
  • ကလေး နို့များများစို့မှ အာဟာရတွေရမှာဆိုပြီး ကလေးကို အတင်း နို့ချည်းဖိတိုက်မနေပါနဲ့ ။ နို့တွေပြန်အန်တတ်လို့ပါ ။
  • ကလေး အသက် ၆လထိ မိခင်နို့တစ်မျိုးတည်း တိုက်ရမှာ ဖြစ်တာကြောင့် ရေတောင် မတိုက်ပါနဲ့။ ကလေးရဲ့ အူက နနယ်တဲ့အတွက် ဆရာဝန်ညွှန်ကြားချက်မရှိဘဲ မိခင်နို့တိုက်လိုက် နို့ဘူးတိုက်လိုက်လည်း မလုပ်ပါနဲ့ ။
  • ဒါတွေကတော့ ကလေးနို့တိုက်နေတဲ့မေမေတိုင်း သိသင့်တဲ့ ရှောင်ရန် ဆောင်ရန် အချက်တွေပါ ။ နို့တိုက်နေတဲ့ မေမေတွေ အားလုံးအတွက် အထောက်အကူ ဖြစ်စေမယ်လို့ ထင်ပါတယ် ။ မိခင်နို့တိုက်ပြီး ကလေးနဲ့ ကိုယ်ကြား ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးတစ်ခုကို မေမေတိုင်း တည်ဆောက် နိုင်ကြပါစေ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement