backup og meta

မိခင်နို့တိုက်ခြင်းကြောင့် မိခင်မှာ အကျိုးရှိ စေမယ့်အချက် ၉ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိခင်နို့တိုက်ခြင်းကြောင့် မိခင်မှာ အကျိုးရှိ စေမယ့်အချက် ၉ချက်

    မိခင်နို့တိုက်ခြင်းက ကလေးတွေအတွက် ကောင်းတယ်ဆိုတာ သိကြပါတယ်။ မိခင်နို့ဆိုတာ ကလေးအတွက် အာဟာရအကုန်ပြည့်စုံပြီး မှန်ကန်တဲ့အချိန် မှန်ကန်တဲ့ အပူချိန်မှာ တစ်ခါတည်းတိုက်ကျွေးနိုင်တဲ့ သဘာဝနည်းလမ်းတစ်ခုပါပဲ။ ဒါတင်မကသေးပါဘူး။ နို့တိုက်ခြင်းဆိုတာ မိခင်တွေအတွက်လည်း သဘာဝကပေးတဲ့ လက်ဆောင်တစ်ခုဖြစ်ပါတယ်။ မိခင်နို့တိုက်ခြင်းကြောင့် မိခင်မှာ အကျိုးရှိ စေမယ့်အချက် ၉ချက် ရှိပါတယ်။

    မိခင်က သူ့မွေးစကလေးလေးကို နို့တိုက်ခြင်းက ရတဲ့ ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှု၊ စိတ်ကျေနပ်မှုတို့အပြင် တခြား ကျန်းမာရေး အကျိုးကျေးဇူးတွေကိုပါ ရရှိနိုင်ပါသေးတယ်။

    မိခင်နို့တိုက်ခြင်းကြောင့် မိခင်မှာ အကျိုးရှိ စေမယ့်အချက် ၉ချက်

    (၁) ကင်ဆာဖြစ်နိုင်ခြေ နည်းသွားခြင်း

    မိခင်နို့တိုက်ကျွေးခြင်းကြောင့် မိခင်မှာ ကင်ဆာဖြစ်နိုင်ခြေ လျော့နည်းသွားပါတယ်။ အထူးသဖြင့် ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ သိုင်းရွိုက်ကင်ဆာတွေပါ။

    လေ့လာချက်တွေအရ ၂နှစ်နဲ့အထက် မိခင်နို့တိုက်တဲ့ မေမေတွေက ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ၂၄ရာခိုင်နှုန်းလျော့နည်းသွားပါတယ်။

    နို့တိုက်ချိန်တွေမှာ သားဥ‌မကြွေတာ၊ အီစထရိုဂျင်နည်းတာ စတာတွေကြောင့် သားအိမ်ကင်ဆာနဲ့ သားဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေပါ လျော့နည်းသွားပါတယ်။ ကြာကြာတိုက်လေလေ ဖြစ်နိုင်ခြေ နည်းလေလေပဲ ဖြစ်ပါတယ်။

    ဒါ့ပြင် နို့တိုက်တာက သိုင်းရွိုက်ကင်ဆာ ဖြစ်နိုင်ခြေကို နည်းစေတာလည်း တွေ့ရပါတယ်။

    (၂) နှလုံးရောဂါ ဖြစ်နိုင်ခြေ နည်းစေခြင်း

    ၂၀၀၉ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာချက်အရ ကလေးအသက်နှစ်နှစ်ထိ မိခင်နို့တိုက်တဲ့အမျိုးသမီးတွေက နှလုံးရောဂါဖြစ်ဖို့ ၂၃ရာခိုင်နှုန်းထိ လျှော့ချနိုင်တာတွေ့ရပါတယ်။

    ဘာအကြောင်းကြောင့်လဲဆိုတာကို အတိအကျ  မသိသေးပေမယ့် နို့တိုက်ချိန်မှာ မိခင်ရဲ့ ခန္ဓာကိုယ်က သကြားဓာတ်နဲ့ အဆီဓာတ်တွေကို ချေဖျက်တဲ့ ပုံစံကြောင့်လို့ ယူဆကြပါတယ်။ နို့တိုက်ချိန်မှာ ဝမ်းဗိုက်ထဲမှာ အဆီစုတာကို နည်းစေပြီး တင်ပါးနဲ့ ပေါင်မှာ ကောင်းတဲ့ အဆီတွေကိုပဲ စုစည်းစေပါတယ်တဲ့။

    (၃) ဝိတ်ကျဖို့ ကူညီပေးခြင်း

    မိခင်နို့တိုက်တာကြောင့် တစ်ရက်ကို ကယ်လိုရီ ၃၀၀ကနေ  ၅၀၀အထိ လောင်ကျွမ်းနိုင်ပါတယ်။ ဒါကြောင့် နို့တိုက်တာက ဝိတ်ချဖို့ နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ မိခင်နို့ တစ်အောင်စမှာ ၂၀ကယ်လိုရီပါတဲ့အတွက် တစ်ရက်ကို ၂၀အောင်စတိုက်ရင် ကယ်လိုရီ ၄၀၀လောင်ကျွမ်းနိုင်ပါတယ်။

    ဒါပေမယ့် ဒါက တချို့မိခင်တွေအတွက်ပဲ ဖြစ်ပါတယ်။ တစ်ရက် တစ်ရက်ကို လောင်တဲ့ ကယ်လိုရီထက် စားတဲ့ကယ်လိုရီက များနေရင်တော့ ရေရှည်မှာ ဝလာမှာပါ။ နို့တိုက်ချိန်မှာ မိခင်တွေက ဗိုက်ပိုဆာတဲ့အတွက် ခဏခဏ စားမိတတ်ကြပါတယ်။ ဝိတ်မတက်ချင်ရင် အစားအသောက်ကို သေချာရွေးချယ်ဖို့ လိုပါတယ်။

    (၄)‌ လေးဖက်နာ အဆစ်ရောင်ရောဂါ ဖြစ်နိုင်ခြေ နည်းစေခြင်း

    Harvard’s Birmingham and Women’s Hospital ကနေ လေ့လာတွေ့ရှိချက်အရ မိခင်နို့တိုက်ကျွေးခြင်းက လေးဖက်နာ အဆစ်ရောင်ရောဂါ ဖြစ်နိုင်ခြေ နည်းစေတယ်လို့ ဆိုပါတယ်။ မိခင်နို့ကို ၂နှစ်ကြာအောင် တိုက်တဲ့အခါ ဖြစ်နိုင်ခြေ ၅၀ရာခိုင်နှုန်း လျော့သွားပြီး ၁၂လကနေ ၂၃လကြားဆိုရင်တော့ ၂၀ရာခိုင်နှုန်းနည်းသွားပါတယ်။

    မိခင်နို့တိုက်တာက အီစထရိုဂျင်နဲ့ အန်ဒရိုဂျင် ပမာဏကို အပြောင်းအလဲဖြစ်စေတဲ့အတွက် ရောဂါဖြစ်နိုင်ခြေ နည်းသွားတယ်လို့ ယူဆထားကြပါတယ်။

    (၅) ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေ နည်းစေခြင်း

    လေ့လာချက်တွေအရ မိခင်နို့တိုက်တာက အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို နည်းစေပါတယ်တဲ့။ ဖြစ်နိုင်တဲ့ အကြောင်းရင်းကတော့ နို့တိုက်တာကြောင့် အင်ဆူလင်ဟော်မုန်း တုံ့ပြန်မှု ပို‌ကောင်းလာလို့ပါ။ ဒါ့ပြင် နို့တိုက်တာကြောင့် ဝမ်းဗိုက်မှာ အဆီစုတာနည်းသွားပြီး ‌တင်ပါးနဲ့ ပေါင်မှာ ကောင်းတဲ့အဆီတွေ စုလာတာကြောင့်လည်း ပါပါတယ်။

    အရင်တည်းက ဆီးချိုရှိတဲ့ အမျိုးသမီးတွေဆိုရင်လည်း နို့တိုက်တာကြောင့် ကျန်းမာရေးပိုကောင်းလာပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုရှိတဲ့ မေမေတွေကလည်း နို့တိုက်တာကြောင့် ကလေးမွေးပြီးနောက်ပိုင်းမှာ အမျိုးအစား ၂ဆီးချိုရောဂါ ဖြစ်နိုင်ခြေ နည်းသွားပါတယ်။

    (၆) စိတ်ပျော်ရွှင်မှု တိုးလာစေခြင်း

    နို့တိုက်တဲ့ မေမေတွေက နို့ဘူးတိုက်တဲ့ မေမေတွေနဲ့ ယှဉ်ရင် မွေးပြီး ၁လအကြာမှာ စိတ်ပူပန်မှုတွေ နည်းပြီး ကလေးနဲ့ ပိုအဆင်ပြေတယ်လို့ ဆိုပါတယ်။ တချို့လေ့လာချက်တွေမှာ မိခင်နို့တိုက်တဲ့ မိခင်တွေက မီးတွင်းစိတ်ကျဝေဒနာ အဖြစ်နည်းတာကို တွေ့ရပါတယ်။

    ကလေးနဲ့လည်း သံယောဇဉ်ပိုတိုးပြီး ဆက်သွယ်ရေးပိုကောင်းလာပါတယ်တဲ့။ မိခင်နို့တိုက်တဲ့အချိန်မှာ ထိုင်တိုက်တာ၊ လှဲတိုက်တာ‌ကြောင့် မိခင်လည်း ပိုအနားရပါတယ်။

    (၇) သားအိမ်ဝပ်စေခြင်း

    ကလေးနို့တိုက်တဲ့အခါ အောက်စီတိုစင်ဆိုတဲ့ ဟော်မုန်းထွက်လာပါတယ်။ ဒီဟော်မုန်းက သားအိမ်ကို ကျုံ့စေတာကြောင့် ကလေးမွေးပြီး သွေးသွန်တာကို နည်းစေပါတယ်။ ဒါ့ပြင် ၉လလုံးလုံး ကလေးနေထားလို့ ကျယ်နေတဲ့ သားအိမ်ကိုလည်း မြန်မြန်ဝပ်စေပါတယ်။ မိခင်နို့တိုက်မယ်ဆိုရင် ကလေးမွေးပြီး ၆ပတ်လောက်ဆို သားအိမ်ဝပ်သွားပါပြီ။ မိခင်နို့ မတိုက်တဲ့ မေမေတွေကတော့ ၁၀ပတ်လောက်ထိ ကြာတတ်ပါတယ်။ နို့တိုက်တဲ့အချိန်မှာ သားအိမ်ကနေ ဆစ်ခနဲ နာတယ်ဆိုတာ သားအိမ်ကျုံ့တာကြောင့်ပါ။

    (၈) အရိုးပွရောဂါ ဖြစ်နိုင်ခြေ နည်းစေခြင်း

    မိခင်နို့တိုက်တဲ့ မိခင် တွေက သွေးဆုံးပြီးတဲ့အခါ အရိုးပွရောဂါ ဖြစ်နိုင်ခြေ နည်းတာကို တွေ့ရပါတယ်။ အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ချိန်ဆို သူတို့ရဲ့ ခန္ဓာကိုယ်က ကယ်ဆီယမ်ကို ပိုပြီး စုပ်ယူနိုင်ပါတယ်။ တချို့အရိုးတွေက ၆လလောက် နို့တိုက်ပြီးရင် နောက်ပိုင်းမှာ သိပ်သည်းဆ နည်းသွားပေမယ့် ကိုယ်ဝန်မရှိခင်ထက်စာရင်တော့ ပိုပြီး မာကျောကျစ်လစ်နေပါတယ်။

    (၉) ငွေကုန်ကြေးကျ နည်းခြင်း

    မိခင်နို့က နို့ဘူးနဲ့ယှဉ်ရင် ငွေကုန်ကြေးကျနည်းတာက အမှန်ပါ။ အမေလုပ်ငန်းခွင် ပြန်ဝင်ရင်လည်း နို့ရည်ကို ညှစ်ပြီး သိမ်းဆည်းထားခဲ့လို့ ရပါတယ်။ မိခင်နို့စို့တဲ့ ကလေးက ပိုကျန်းမာတဲ့အတွက် မကြာခဏ ဆေးခန်းသွားရတာ၊ အမေအလုပ်ကနေ ခွင့်ယူရတာတွေ နည်းတာကြောင့် ဝင်ငွေကို မထိခိုက်စေပါဘူး။

    စကားလက်ဆောင်

    မိခင်နို့တိုက်တာက ကလေးကိုတင် ကျန်းမာစေတာမဟုတ်ပါဘူး။ နို့တိုက်တဲ့ မိခင်ကိုလည်း စိတ်ရောကိုယ်ပါ ကျန်းမာစေပါတယ်။ ငွေကုန်ကြေးကျသက်သာစေသလို ကလေးနဲ့ ဆက်ဆံရေးလည်း ပိုကောင်းစေတာကြောာင့် မိခင်နို့တိုက်ဖို့ တိုက်တွန်းနေရတာပဲ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Aye Thi Mon မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement