backup og meta

ကလေး လေပြွန်ပိုးဝင်၊ ရောင်ရမ်း၊ချောင်းဆိုး၊ အသက်ရှူခက်သော Croup ရောဂါ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေး လေပြွန်ပိုးဝင်၊ ရောင်ရမ်း၊ချောင်းဆိုး၊ အသက်ရှူခက်သော Croup ရောဂါ

    အသက်ငါးနှစ်အောက်ကလေးတွေမှာ လေပြွန်ပိုးဝင်၊ ရောင်ရမ်း၊ ချောင်းဆိုး၊ အသက်ရှူခက်သော ပြဿနာ(Croup)ဖြစ်လေ့ရှိပါတယ်။ Croup လို့ခေါ်တဲ့ ဒီချောင်းဆိုးရောဂါဟာ အအေးမိတာနဲ့ ဆက်စပ်လေ့ရှိတဲ့အတွက် ဆောင်းတွင်းမှာ အဖြစ်များပါတယ်။ ဒါပေမယ့် ဒီရောဂါဟာ ပြင်းထန်ပြီး အန္တရာယ်ရှိတဲ့ ရောဂါမဟုတ်တဲ့အတွက် သင့်အနေနဲ့ အရမ်းကြီးမစိုးရိမ်သင့်ပါဘူး။

    တကယ်လို့ သင့်ကလေးမှာ croup လို့ခေါ်တဲ့ လည်ချောင်းပိုးဝင်ပြီး ချောင်းဆိုးတာမျိုးဖြစ်နေပြီဆိုရင် သင်သေချာပေါက်သိမှာပါ။ ဘာလို့လဲဆိုတော့ သူချောင်းဆိုးတဲ့ အသံကခပ်ကြမ်းကြမ်းရှရှဖြစ်နေပြီး သိသာလို့ပါပဲ။ ဒီရောဂါဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာဖြစ်ပြီး လည်ချောင်းနဲ့ အသံကြိုးတွေကို ထိခိုက်စေပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်၊ ဝက်သက်ဖြစ်စေတဲ့ ဗိုင်းရပ်စ်နဲ့ adenovirus လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုး အပါအဝင် ဗိုင်းရပ်စ်အမျိုးအစား အမြောက်အမြားကြောင့် ဒီချောင်းဆိုးပိုးဝင်ရောဂါ ဖြစ်လာနိုင်ပါတယ်။ အသက်ငါးနှစ်အောက် ကလေးတွေရဲ့ အသက်ရှုလမ်းကြောင်းဟာ ကျဉ်းမြောင်းတာမို့ ရောင်ရမ်းပိတ်ဆို့မှု ဖြစ်လွယ်ပြီးအကျိုးဆက်အနေနဲ့ ဒီရောဂါရဲ့ အမှတ်အသားဖြစ်တဲ့ ခပ်ကြမ်းကြမ်းရှရှ ချောင်းဆိုးသံကို ကြားလာရတာ ဖြစ်ပါတယ်။

    ရောဂါလက္ခဏာတွေ

    Croup ချောင်းဆိုးရောဂါဟာ သာမန်အအေးမိတာနဲ့ဆင်တူတဲ့ ရောဂါလက္ခဏာတွေ (ဥပမာ နှာစေး၊နှာပိတ်၊အဖျားစသဖြင့်) စတင်ပြီး ပြပါမယ်။ ကလေးရဲ့ ပုံမှန်စကားပြောတဲ့အသံရော ချောင်းဆိုးတဲ့အသံကပါ ကြမ်းကြမ်းရှရှ ဖြစ်လာပြီး ချောင်းဆိုးတာပိုဆိုးလာပါမယ်။ တကယ်လို့ လည်ချောင်းရောင်ရမ်းတာ အတော်ပြင်းထန်တယ်ဆိုရင် သင့်ကလေးမှာ အသက်ရှူဆိုင်ရာ ပြဿနာတွေကိုရင်ဆိုင်လာရမှာဖြစ်ပြီး အသက်ရှုသွင်းတဲ့ အချိန်တွေမှာ stridorလို့ခေါ်တဲ့ ပုံမှန်မဟုတ်သောအသက်ရှူသံခပ်ပြင်းပြင်းတွေကို ကြားလာရပါမယ်။ ဒီလိုအခြေအနေရောက်လာပြီဆိုရင်တော့ သတိထားသင့်ပါပြီ။

    သင့်ကလေးရဲ့ အသက်ရှူတာနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ အသက်ရှူသံခပ်ပြင်းပြင်းတွေ အသက်ရှုသွင်းချိန်မှာ ကြားရတာ ကြာရှည်လာပြီ၊ပိုဆိုးလာပြီဆိုရင်တော့ ဆေးကုသမှုကိုချက်ချင်းခံယူရမှာ ဖြစ်ပါတယ်။ ကလေးရဲ့ အသက်ရှုလမ်းကြောင်းကိုဖွင့်ပေးဖို့ corticosteroids၊ epinephrine နဲ့ အခြားဆေးဝါးတွေလိုအပ်မှာ ဖြစ်ပါတယ်။

    ဒါ့အပြင် အောက်မှာဖော်ပြထားတဲ့ အချက်တွေရှိရင်လည်း ဆရာဝန်ဆီအမြန်ဆုံးသွားရောက် ပြသရမှာ ဖြစ်ပါတယ်။

    • နှာခေါင်း၊ ပါးစပ်နားတဝိုက် ဒါမှမဟုတ် လက်သည်းခွံတွေ ပြာနှမ်းလာခြင်း

    • သွားရည်တွေ စီးကျနေပြီး မြိုချဖို့ ခက်ခဲနေခြင်း

    • ကလေး အသက် ၆လအောက် ဖြစ်ခြင်း

    • အဖျားတက်တာ ၃ရက်ထက် ပိုကြာနေခြင်း

    သင့်ကလေးမှာ အထက်ဖော်ပြပါ ပြင်းထန်တဲ့ လက္ခဏာတွေ မရှိပေမယ့် Croupချောင်းဆိုးတာ ဖြစ်နေတယ်လို့ သံသယရှိရင် မှန်ကန်တဲ့ ကုသမှုကိုအချိန်မှီခံယူနိုင်ဖို့ ဆရာဝန်နဲ့ ပြသရပါမယ်။

    ဘယ်လိုကုသမလဲ။

    အများအားဖြင့် ဒီရောဂါဟာ ပြင်းထန်မှုမရှိဘဲ တစ်ပတ်လောက်အတွင်းမှာ အလိုလိုပျောက်သွားလေ့ရှိပါတယ်။ ပြီးတော့ ဒီရောဂါဟာ ဘက်တီးရီးယားကြောင့်ဖြစ်တာမဟုတ်ဘဲ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာ ဖြစ်တဲ့အတွက် ပဋိဇီဝဆေးတွေလည်းတိုက်ဖို့မလိုအပ်ပါဘူး။ သာမန်အအေးမိတာကို ကုသသလိုပဲ ကုသပေးရမှာ ဖြစ်ပါတယ်။

    • အရည်များများတိုက်ပါ။

    • ပတ်ဝန်းကျင်ကို အစိုဓါတ်ပေးတဲ့ရေငွေ့စက်ပစ္စည်းလေးကိုအသုံးပြုပါ။

    • နှာခေါင်းပိတ်တာကိုသက်သာစေဖို့ နှာခေါင်းအစက်ချရည်လေးတွေကိုထည့်ပေးနိုင်ပါတယ်။

    • ရေချိုးခန်းထဲမှာရေပူကိုဖွင့်ထားပြီးအခန်းတစ်ခုလုံးကိုရေနွေးငွေ့တွေနဲ့ ပြည့်နေပါစေ။ ပြီးရင် သင့်ကလေးကိုရေချိုးခန်းထဲမှာထိုင်ခိုင်းပြီးစွတ်စိုတဲ့ လေနွေးနွေးလေးတွေကို ဆယ်မိနစ် ဆယ်ငါးမိနစ်လောက်ရှူပါစေ။ ကလေးတွေကိုရေနွေးတွေနဲ့ ဝေးရာမှာနေစေဖို့ကိုတော့ သတိထားပါ။

    • အဖျားကျဖို့အတွက် acetaminophen ဒါမှမဟုတ် ibuprofen ကိုပေးနိုင်ပါတယ်။ ကြောက်တာ၊ စိတ်ဂဏှာမငြိမ်ဖိအားများတာ ဒါမှမဟုတ် စိတ်လှုပ်ရှားတာမျိုးတွေက အသက်ရှူရ ပိုခက်စေတဲ့အတွက် သင့်ကလေးကို စိတ်လက်တည်ငြိမ်အောင်ထားပါ။

    • ဆရာဝန် မညွှန်ကြားဘဲ ချောင်းဆိုးပျောက်ဆေးတွေကို ဆးဆိုင်က ကိုယ်ဖာ့သာဝယ်မတိုက်ပါနဲ့။

    • အေးမြတဲ့ လေလေးတွေကလည်း အသက်ရှုရ ပိုလို့လွယ်ကူအဆင်ပြေစေတာမို့ ကလေးကိုအိမ်အပြင်ထွက်ပါစေ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement
    advertisement iconadvertisement