ဘေဘီလေးတွေ သံဓာတ် ပြည့်ဝစေချင်

    ဘေဘီလေးတွေ သံဓာတ် ပြည့်ဝစေချင်

    သံဓာတ် အရင်က မရင်းနှီးပေမယ့် အခုနောက်ပိုင်းတော့ သံဓာတ် ဆိုတဲ့ စကားလုံးလေးတွေက လူတိုင်းနဲ့ ရင်းနှီးလာခဲ့ပါတယ်။ သံဓာတ်ပြည့်အောင် ဘာစားရမလဲ မသိပေမယ့် သံဓာတ်ချို့တဲ့ရင် မူးမောတာတွေဖြစ်သလို သွေးအားနည်းတာဖြစ်စေမယ်။ ဘေဘီလေးတွေမှာဆိုရင် ဉာဏ်ရည် ဖွံ့ဖြိုးမှု အားနည်းမယ်ဆိုတာတွေကိုတော့ ကျန်းမာရေး အသိပေးမှုတွေကနေတဆင့် လူတိုင်းလိုလို သိလာကြပါတယ်။

    သံဓာတ်ဆိုတာ ဘာလဲ။

    သံဓာတ်ဆိုတာက ဘေဘီလေးတွေ သန္ဓေသားအရွယ် ကစလို့ အရွယ်ရောက်တဲ့အချိန်အထိ ကောင်းကောင်း ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ အရေးပါတဲ့ အာဟာရဓာတ် တစ်မျိုးပါ။ သန္ဓေသားဘဝ၊ မွေးဖွားပြီး ၂၈ ရက်အကြာနဲ့ မွေးကင်းစဘေဘီ၊ လမ်းလျှောက်တတ်စ ဘေဘီလေးတွေအကုန်လုံးမှာ သွေးနီဆဲလ်တွေ အသစ်ဖြစ်ပေါ်စေဖို့၊ ကြွက်သားဆဲလ်တွေ ဖြစ်ပေါ်စေဖို့ နဲ့ ဦးနှောက် ဖွံ့ဖြိုးစေဖို့ မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်က သံဓာတ်ပါ။

    ဒါကြောင့်လည်း ကိုယ်ဝန်ဆောင်ချိန်မှာ အများဆုံးသောက်ရတဲ့အားဆေးက ဖောလစ်အက်စစ်နဲ့ သံဓာတ်အားဆေးတွေပေါ့။ ကိုယ်ဝန်ဆောင်ချိန်ကတည်းက ဘေဘီလေးရော မေမေပါ သံဓာတ်ပြည့်ဝဖို့ လိုအပ်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့ကို သံဓာတ် အားဆေးသောက်ဖို့ ဆရာဝန်တွေက ညွှန်ကြားကြတာပါ။

    သံဓာတ် အမျိုးအစား

    သံဓာတ်ကို အဓိကအားဖြင့် ၂ မျိုး ခွဲထားပါတယ်။

    သံဓာတ်တွေကို အဓိကအားဖြင့် heme နဲ့ non-heme ဆိုပြီး (၂) မျိုး ခွဲခြား ထားပါတယ်။
    • Heme သံဓာတ်က တိရစ္ဆာန်ကနေ ရရှိနိုင်တဲ့ သံဓာတ်အမျိုးအစားပါ။ အနီရောင်အသားတွေ၊ ငါးတွေနဲ့ ကြက်သား၊ ဘဲသားတွေကနေ ရရှိတဲ့ သံဓာတ်အမျိုးအစားပါ။
    • Non-heme သံဓာတ်ကတော့ အဓိကအားဖြင့် အပင်ကနေရရှိနိုင်ပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ ပဲပြား၊ ပဲအမျိုးမျိုး၊ ပဲနီလေးတို့ကနေ ရရှိစေနိုင်ပါတယ်။

    သံဓာတ် ဘေဘီလေးတွေအတွက် ဘာလုပ်ပေးသလဲ။

    ဘေဘီလေးတွေ သံဓာတ် ပြည့်ဝစေချင်

    သံဓာတ်က အပေါ်မှာ ပြောခဲ့သလို ဘေဘီလေးတွေကို အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးပါတယ်။ သန္ဓေသား ဘဝမှာကတည်းက ဦးနှောက်နဲ့ အာရုံကြောတွေ အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးတာပါ။ သွေးနီဥဆဲတွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးသလို အဆုတ်နဲ့ ခန္ဓာကိုယ်အနှံ့က တစ်ရှူးတွေဆီကို အောက်ဆီဂျင် ရောက်ရှိစေဖို့လည်း ထောက်ကူပေးပါတယ်။

    ဘေဘီလေးကို အသက်အရွယ် အလိုက် လိုအပ်မယ့် သံဓာတ်ပမာဏကို ပြည့်ဝအောင် ဖြည့်တင်းပေးနိုင်မှ ဘေဘီလေးက အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးပြီး ရုပ်ပိုင်းဆိုင်ရာရော ဦးနှောက်နဲ့ဉာဏ်ရည်ပါ အကောင်းဆုံး ဖွံ့ဖြိုးနိုင်မှာပါ။

    ဘေဘီလေးရဲ့ အသက်အရွယ်အလိုက် သံဓာတ်လိုအပ်ချက်

    ဘေဘီလေးရဲ့ အသက်အရွယ်ကို လိုက်ပြီး သံဓာတ်လိုအပ်ချက် ကွာခြားနိုင်ပါတယ်။

    • အသက် ၇ လ ကနေ ၁၂ လ အရွယ် ဘေဘီလေးတွေအနေနဲ့ တစ်နေ့တာကိုသံဓာတ် ၁၁ မီလီဂရမ်
    • အသက် ၁ နှစ် ကနေ ၃ နှစ် အရွယ် ဘေဘီလေးတွေအနေနဲ့ တစ်နေ့တာကိုသံဓာတ် ၇ မီလီဂရမ်
    • အသက်၄ နှစ် ကနေ ၈ နှစ် အရွယ် သားသားမီးမီးတွေအနေနဲ့ တစ်နေ့တာကိုသံဓာတ် ၁၀ မီလီဂရမ်
    • အသက် ၉ ကနေ၁၃ နှစ် အရွယ် သားသားမီးမီးတွေအနေနဲ့ တစ်နေ့တာကိုသံဓာတ် ၈ မီလီဂရမ်
    • အသက်၁၄ နှစ် ကနေ ၁၈ နှစ် အရွယ် သားသားတွေအနေနဲ့ တစ်နေ့တာကို သံဓာတ် ၁၁ မီလီဂရမ်
    • အသက်၁၄ နှစ် ကနေ ၁၈ နှစ် အရွယ် မီးမီးတွေအနေနဲ့ တစ်နေ့တာကိုသံဓာတ် ၁၅ မီလီဂရမ် လိုအပ်ပါတယ်။

    ဘေဘီလေးတွေ သံဓာတ် မလုံလောက်တဲ့အခါ ဘာတွေ ဖြစ်နိုင်လဲ။

    ဘေဘီလေးတွေ အနေနဲ့ ဦးနှောက် ဖွံ့ဖြိုးမှု ကောင်းစေဖို့ သံဓာတ်ကို လိုအပ်ပါတယ်။ ဘေဘီလေးတွေက သံဓာတ်မလုံလောက်တဲ့အခါ ကိုယ်လက်လှုပ်ရှားနိုင်စွမ်း နည်းကြသလို ကြီးထွားမှုလည်း နှေးနိုင်ပါတယ်။ ဒါတွေအပြင်

    • အလေးချိန် ရှိသင့်သလောက် မရှိတာ
    • အသားအရောင် ဖျော့တော့တာ
    • အစာစားချင်စိတ် မရှိတာ
    • အာရုံစူးစိုက်နိုင်စွမ်း နည်းတာ
    • ပင်ပန်းလွယ်တာတွေကို ခံစားရနိုင်ပါတယ်။ အဆိုးဆုံး အနေနဲ့ကတော့ သွေးအားနည်းရောဂါ ခံစားရနိုင်တာပါ။

    ဘေဘီလေးတွေ အကောင်းဆုံး ဖွံ့ဖြိုးကြီးထွားစေဖို့နဲ့ ဉာဏ်ရည်ထက်မြက်စေဖို့ ကိုယ်ဝန်ဆောင်ချိန်ကစလို့ ဘေဘီလေးကို အရွယ်တိုင်းမှာ သံဓာတ်လိုအပ်ချက် ပြည့်မီအောင် သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 23/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement