backup og meta

Omicronကြောင့် ဘေဘီလေးတွေမှာ croup ဖြစ်နိုင်ပါတယ်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 18/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Omicronကြောင့် ဘေဘီလေးတွေမှာ croup ဖြစ်နိုင်ပါတယ်။

    Omicron က ကလေးတွေမှာ မပြင်းထန်ဘူးလို့ပဲ ယူဆနေတုန်းလား ……… အရင်လှိုင်းတွေတုန်းကလည်း ကိုဗစ်က ကလေးတွေမှာ သိပ်မပြင်းထန်ဘဲ သာမန် ဖျားနာမှုလောက်နဲ့ပဲ ပြီးသွားတာ များခဲ့တာကိုး။ ဒီတစ်ခါရော Omicronက ဘေဘီလေးတွေမှာ ပြင်းပြင်းထန်ထန် မခံစားရဘဲ သက်သာစေနိုင်လားဆိုတော့ ကလေးတိုင်းလိုလိုမှာ လက္ခဏာ ခပ်ပျော့ပျော့လေးတွေပဲ ပြတာမဟုတ်ပါဘူး။

    Omicronက ကူးစက်ခံရချိန်မှာ သိပ်မပြင်းထန်ရင်တောင် ဘေဘီလေးတွေ အထူးသဖြင့် ၅ နှစ်အောက်ကလေးတွေမှာ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်လို့ ပြောရမယ့် croup ကို ဖြစ်စေနိုင်တယ်လို့ သုတေသီတွေက သတိပေးပြောဆိုတာတွေ ရှိနေပါတယ်။  ဒီအကြောင်းလေးကို သေသေချာချာ သိရှိနိုင်စေဖို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။

    ကလေးတွေမှာ အရင်မျိုးစိတ်တွေနဲ့ မတူတဲ့ လက္ခဏာတွေကို ခံစားရစေတဲ့ Omicron

    ဘေဘီလေးတွေမှာ Omicron မျိုးစိတ်ကြောင့် ခံစားရမှုက အရင်မျိုးစိတ်တွေနဲ့ မတူပါဘူး။ Omicronက အရမ်းငယ်တဲ့ ဘေဘီလေးတွေမှာ အသက်ရှူလမ်းကြောင်း အထက်ပိုင်းကို ထိခိုက်စေနိုင်ပါတယ်။ လေပြွန်ကျဉ်းသွားစေတာမျိုး၊ လည်ချောင်းအတွင်းသားတွေ ရောင်ရမ်းပြီး အဆက်မပြတ် ပြင်းထန်ချောင်းဆိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်း အထက်ပိုင်း ပိုးဝင်ကူးစက်မှုကြောင့် အဆက်မပြတ် ချောင်းဆိုးခြင်း (croup) ကို ဖြစ်စေနိုင်ပါတယ်။

    အသက် ၆ နှစ်အောက် ကလေးအများစုမှာ အသံအိုးတဝိုက်မှာ ရောင်ရမ်းမှုတွေဖြစ်ပြီး ချောင်းသံကျယ်ကျယ်နဲ့ ချောင်းဆိုးတာကို ဖြစ်စေနိုင်ပါတယ်။ လေပြွန်နဲ့ အသက်ရှူလမ်းကြောင်းတွေမှာ ရောင်ရမ်းတာတွေကြောင့် ချောင်းအဆက်မပြတ် ဆိုးတာတွေကို ဖြစ်စေပါတယ်။ ဘေဘီလေးတွေရဲ့ လေပြွန်လေးတွေက သေးငယ်တာနဲ့ ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတာကြောင့် အခုလိုမျိုး ချောင်းဆိုးတာကို ပြင်းပြင်းထန်ထန် ခံစားရတာပါ။

    ဒါဆို အသက် နည်းနည်းကြီးတဲ့ ၆ နှစ်အထက် ကလေးတွေမှာ မခံစားရဘူးလားဆိုတော့ မဟုတ်ပါဘူး။ ခံစားရနိုင်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက ၆ နှစ်နဲ့အထက် ကလေးတွေမှာက လေပြွန်က ပိုပြီးကျယ်နေပြီဖြစ်သလို ပိုမိုဖွံ့ဖြိုးနေတာကြောင့် ရောင်ရမ်းမှုကို ပိုခံနိုင်ရည်ရှိတဲ့ အခြေအနေပါ။ ဒါကြောင့် ရောင်ရမ်းနေပေမယ့် အသက်ရှူရခက်တာမျိုး မခံစားရတာပါ။ ၆ နှစ်အောက် ကလေးတွေလောက် မပြင်းထန်တာပေါ့။

    Croup ရဲ့ လက္ခဏာတွေက ဘာတွေလဲ။

    Croupရဲ့ လက္ခဏာတွေက ချောင်းဆိုးတာနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ညဘက်တွေမှာ ပိုပြီး ပြင်းပြင်းထန်ထန် ချောင်းဆိုးပါတယ်။

    • ချောင်းသံကျယ်ကြီးနဲ့ ချောင်းဆိုးတာ ( ငိုတဲ့အခါ၊ ချောင်းဆိုးတဲ့အချိန်တွေမှာ ပိုပြင်းထန်ပါတယ်)
    • အဖျားတက်တာ
    • အသံဝင်တာ
    • အသက်ရှူတဲ့အခါ အသံကျယ်တာ၊ ချွဲသံလိုမျိုး တရွှီရွှီ ကြားနေရတာမျိုး ဖြစ်နိုင်ပါတယ်။

    ဘယ်လို အခြေအနေကို ပြင်းထန်တယ်လို့ ယူဆရမလဲ။

    ဘယ်လို အခြေအနေကို ပြင်းထန်တယ်လို့ ယူဆရမလဲ။

    တကယ်လို့ ကလေးက အခုလို လက္ခဏာတွေ ခံစားရပြီဆိုရင် နီးစပ်ရာ ဆေးခန်းကို အမြန်ဆုံး သွားရောက်ပြသဖို့ လိုပါမယ်။

    • အသက်ရှူသွင်းတဲ့အခါ၊ ရှူထုတ်တဲ့အခါ အသံအရမ်းကျယ်တာ
    • ငိုတဲ့အခါ အသက်ရှူသံက ပုံမှန်ထက် ပိုပြင်းတာ
    • အစားအစာတွေကို မျိုချရခက်တာ
    • စိတ်ရှုပ်ထွေးနေပုံရတာ
    • အားမရှိဘဲ နုံးနေတာ
    • ပုံမှန်ထက် အသက်ရှူသံ မြန်တာ
    • ပင်ပင်ပန်းပန်း အသက်ရှူနေရတာ
    • လက်သည်းလေးတွေ ပြာနေတာ
    • နှာခေါင်းနဲ့ ပါးစပ်တဝိုက်မှာ ပြာနှမ်းနေတာတွေ ခံစားနေရမယ်ဆိုရင် အရေးပေါ် ကုသမှု ခံယူဖို့ လိုအပ်နေပါပြီ။

    များသောအားဖြင့် croup ကို နေအိမ်မှာပဲ သက်သာအောင် လုပ်ဆောင်ပေးလို့ ရပါတယ်။ ဒါပေမယ့် သေချာ ဂရုစိုက်စောင့်ရှောက်နေပေမယ့် ၃ ရက်ကနေ ၅ ရက်လောက် ကြာတဲ့အထိ တိုးတက်မှု မရှိဘဲ ကလေးက မသက်သာဘူး။ လက္ခဏာတွေက ပိုဆိုးတာမယ်ဆိုရင် အမြန်ဆုံး ကုသမှု ခံယူဖို့ လိုပါမယ်။

    ဘေဘီလေးကို croup ကနေ ဘယ်လို သက်သာအောင် လုပ်ပေးမလဲ။

    ဘေဘီလေးကို အသက်ရှူလမ်းကြောင်း အထက်ပိုင်း ပိုးဝင်ကူးစက်မှုကြောင့် ချောင်းဆိုးခြင်း (croup) ကို သက်သာစေဖို့ဆိုရင်

    • လေထုထဲမှာ အစိုဓာတ် ရှိအောင် ဂရုစိုက်ပါ (အစိုဓာတ်ထိန်းစက် ဖွင့်ပေးပါ)။
    • ဘေဘီလေးကို အသက်ရှူရ လွယ်အောင် သက်တောင့်သက်သာဖြစ်မယ့် အနေအထားမျိုးနဲ့ မတ်မတ်လေး ထားပေးပါ။
    • ငိုတဲ့အခါ ချောင်းဆိုးတာက ပိုဆိုးနိုင်တာကြောင့် ကလေးကို မငိုအောင် ဂရုစိုက်ပါ။
    • အရည်နွေးနွေးလေးတွေ တိုက်ပါ။
    • အနားယူစေပါ။
    • အဖျားကျအောင် ဂရုစိုက်ပါ။
    • အဖျားကျဆေးရည်လိုမျိုး ဆေးတွေ တိုက်ပေးပါ။ ဘေဘီလေးက အသက် ၂ နှစ်အောက်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။

    Omicronက Deltaထက် ပိုပြင်းသလား။

    Omicronက Delta ထက် ပိုပြင်းထန်ပါတယ်။ အထူးသဖြင့် ကလေးလေးတွေမှာပါ။ အရင်မျိုးစိတ်တွေတုန်းက ဘေဘီလေးတွေက သာမန်ဖျားနာမှုလောက်နဲ့ သက်သာလာတတ်ပေမယ့် Omicronကူးစက်ခံရချိန်မှာတော့ မဖြစ်မနေ ဆေးကုသမှု ခံယူရတာတွေ ရှိပါတယ်။ ဒါကြောင့် ဘေဘီလေးကို မလိုအပ်ဘဲ ကျန်းမာ​ရေး ထိခိုက်တာမျိုး မဖြစ်စေဖို့ Omicron ကူးစက်မှု မဖြစ်အောင် သေချာလေး ဂရုစိုက်စေချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 18/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement