ကလေးလေးတစ်ယောက်ကောင်းကောင်းမွန်မွန်ကြီးပြင်းလာစေဖို့ မိဘတွေအနေနဲ့ အဖက်ဖက်က ဂရုစိုက်ရပါတယ်။ ဒီလိုဂရုတစိုက်နဲ့ အရိပ်တကြည့်ကြည့်မွေးထားတဲ့ ကလေးလေးတစ်ယောက် ကိုယ်ကျွေးလိုက်မိတဲ့ အစားတစ်လုတ်ကြောင့် ဒုက္ခရောက်မှာကိုတော့ ဘယ်မိဘမှဖြစ်ချင်မယ်မထင်ပါဘူးနော်။ ဒီတော့ အစားတစ်လုတ်ကြောင့် ကိုယ့်ရင်သွေးလေးဒုက္ခမရောက်စေဖို့ အန္တရာယ်ကင်းကင်းနဲ့ အစားဘယ်လိုကျွေးမလဲပြောပြမယ်နော်။
ဘေဘီလေးတွေ အစားစားတဲ့အခါ အန္တရာယ်ကင်းကင်းဖြစ်စေဖို့
- အစာစားစမှာ စားစရာတွေကို ကြိတ်ခြေပြီးကျွေးရပါမယ်။ ထမင်းကနေစလို့ အသီးအရွက်တွေရော၊ သစ်သီးတွေရောပေါ့။ ဒါမှ ကလေးက အစာနင်တာ၊ သီးတာမျိုးမဖြစ်စေမှာပါ။
- ကလေးအစားစားတဲ့အခါ အရိပ်တကြည့်ကြည့်စောင့်ကြည့်ပေးပါ။
- ကလေးကို အစားကောင်းကောင်းဝါးနိုင်စေဖို့အတွက် စားနေတုန်းမှာ အချိန်လေးပေးလိုက်ပါ။
- အစားစားတဲ့အခါ ကလေးကို မတ်မတ်လေးထိုင်ခိုင်းပေးပါ။ သရေစာစားချိန်ရော၊ရေသောက်ချိန်မှာပါ ကလေးကို မတ်မတ်လေးထားပေးပါ။
- ကလေးကိုလှဲနေတုန်း အစားခွံတာ၊ပြေးလွှားဆော့နေတုန်းအစားခွံတာ၊ ငိုနေတုန်းခွံတာမျိုးတွေမလုပ်ပါနဲ့။
- ကလေးကို နို့ဘူးတိုက်တဲ့အခါမှာလည်း ကိုင်ပြီးတိုက်ပါ။ သူ့လက်နဲ့သူ ကိုင်သောက်တာမျိုးမလုပ်ပါနဲ့။
- ကလေးကို နင်စေနိုင်တယ်ဆိုတဲ့ အစားအစာတွေ မကျွေးပါနဲ့။
- နင်စေနိုင်တဲ့ အစားအစာတွေဖြစ်ကြတဲ့ ဘယ်ရီသီးတွေ၊ စပျစ်သီး၊ သကြားလုံး၊ ဂျယ်လီတို့လိုမျိုး အစားအစာတွေကို မကျွေးပါနဲ့။
- စေးကပ်တဲ့ အစားအစာတွေနဲ့ မျိုချရခက်တဲ့ အစားအစာတွေကိုလည်း မကျွေးပါနဲ့။
- ကလေးကို အစားစားနေတုန်း စနောက်ပြီး လှုပ်ခါတာမျိုးမလုပ်ပါနဲ့။
အစာသီးတာ၊ နင်တာက အခန့်မသင့်ရင် ကလေးကိုသေစေနိုင်တာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို အစားအစာကျွေးတဲ့အခါ သီးတာနင်တာမျိုးတွေမဖြစ်စေဖို့ အပေါ်မှာပြောခဲ့တဲ့ အချက်လေးတွေကို ဂရုစိုက်ပေးစေချင်ပါတယ်နော်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ အစားအစာပြင်ဆင်တဲ့အခါ ဂရုစိုက်ပေးရမှာလေးတွေရှိပါသေးတယ်နော်။
ဒါတွေမကျွေးပါနဲ့ ကလေးနင်နိုင်တာကြောင့်ပါ
အရမ်းသေးလွန်းတဲ့ အစားအစာတွေ – အခွံမာသီးတွေ၊ အစေ့အဆန်တွေ၊ ပြောင်းဖူး၊ ချယ်ရီခရမ်းချဉ်သီး၊ ပြောင်းဖူးပေါက်ပေါက်တို့လိုမျိုးအရာတွေမကျွေးပါနဲ့။
လည်ချောင်းထဲကို အလွယ်တကူဝင်သွားနိုင်တဲ့ အစားအစာတွေ – သစ်သီးသေးသေးလေးတွေ၊ စပျစ်သီး၊ ဘယ်ရီသီးနဲ့ ချယ်ရီသီးတို့လိုမျိုးပေါ့။ ရေခဲတုံးလေးတွေ၊ အနီရောင်အသားနဲ့ ကြက်သားတွေကို ခပ်ကြီးကြီးတုံးထားတာမျိုး နဲ့ ဝါးရခက်တဲ့ သကြားလုံးတွေ၊ ချိုချဉ်တွေ မကျွေးပါနဲ့။ အခန့်မသင့်ရင် နင်တာ၊ သီးတာဖြစ်စေနိုင်တာကြောင့်ပါ။ စပျစ်သီးတွေကို တစ်လုံးကို ၄ စိတ်လောက်စိတ်ပြီးကျွေးပေးပါ။
စေးကပ်တဲ့အစားအစာတွေ မကျွေးပါနဲ့ -မြေပဲထောပတ်၊ ယိုတွေ၊ ဝါးစားလို့ရတဲ့ ချိုချဉ်တွေ၊ marshmallowတွေ၊ ဂျယ်လီလေးတွေ၊ သစ်သီးခြောက်တွေမကျွေးပါနဲ့။ပေါင်မုန့်ကို ယိုသုတ်ကျွေးချင်တယ်ဆိုရင်တောင် ခပ်ပါးပါးလေးပဲ သုတ်ပြီးကျွေးပါ။
ဘေဘီလေးတွေ အစားမတော် တစ်လုတ်ကြောင့် အသက်အန္တရာယ်မထိခိုက်စေဖို့နေ့စဉ် ဒီအချက်လေးတွေကို ဂရုစိုက်ပေးပါနော်……
[embed-health-tool-vaccination-tool]