သင့်ကလေးကို ကိုယ်ပြင်ဆင်ပေးတဲ့အစားအစာတွေ စားလာဖို့နဲ့ ကျန်းမာရေးနဲ့ညီတဲ့ စားသောက်ပုံအလေ့အကျင့် တွေမွေးမြူပေးဖို့ကအရမ်းကြီးအားထုတ်ကြိုးပမ်းစရာမလိုလောက်ပါဘူး။ အောက်ပါအချက်တွေကို နည်းနည်းချင်း သတိထားလုပ်ဆောင်သွားရင်ပဲ ကလေးတွေရဲ့နောက်ပိုင်းဘဝမှာ မှန်ကန်တဲ့စားသောက်ပုံနဲ့ ကျန်းမာတဲ့အလေ့အကျင့်တွေမွေးမြူနိုင်စေပါလိမ့်မယ်။
- မိသားစုထမင်းဝိုင်းဖြစ်အောင် တတ်နိုင်သလောက်ကြိုးစားပါ – ဆူပူ၊ငြင်းခုံနေတာထက် စကားစမြည်ပြောဆိုရင်းသာယာတဲ့ ထမင်းစားချိန်ဖြစ်အောင်ကြိုးစားပါ။ ထမင်းစားချိန်က ပျော်စရာမကောင်း ခဲ့ရင် ကလေးတွေက မြန်မြန်စားပြီးထမင်းဝိုင်းကထသွားချင်နေမှာဖြစ်ပြီး စိတ်ဖိစီးမှု/မကျေနပ်စိတ်နဲ့အစာစားရတဲ့အကျင့် ပါသွားနိုင်ပါတယ်။
- အိမ်မှာထားမယ့်အစားအစာတွေကို မိဘကပဲသင့်တော်သလိုရွေးချယ်စီစဉ်ပါ – ဘယ်အစားအစာတွေကို ဝယ်ထားမလဲ၊ ကလေးတွေအတွက် ဘာတွေပြင်ဆင်ပေးထားမလဲဆိုတာ မိဘကပဲဆုံးဖြတ်ပါ။ ကလေးတွေကတော့ အာဟာရနည်းတဲ့အစားအစာတွေကိုပဲရွေးမှာဖြစ်ပေမယ့် ဘာတွေကို အိမ်မှာအမြဲထားရှိပေးမလဲဆိုတာကို လူကြီးတွေကဆုံးဖြတ်ရမှာပါ။ ကလေးဆိုတာ အငတ်မနေနိုင်တဲ့အတွက် အိမ်ကကြောင်အိမ်နဲ့ရေခဲသေတ္တာထဲမှာရှိတာကို ရှာစားကြမှာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့တွေ အစားအတွက်စိတ်မပျက်ရအောင်လို့ သူတို့ကြိုက်တဲ့အစားအစာတွေကအာဟာရသိပ်မရှိလည်း တခါတလေတော့ ဝယ်ထည့်ထားနိုင်ပါတယ်။
- စားစရာဝယ်ယူတဲ့အခါနဲ့ပြင်ဆင်ချက်ပြုတ်တဲ့အခါမှာ ကလေးတွေကို အတူပါဝင်စေပါ – ဒီလိုအတူပါဝင်စေခြင်းအားဖြင့် ကိုယ့်ကလေးဘာကိုကြိုက်တတ်လဲဆိုတာ ပိုသိလာမယ်၊အာဟာရတန်ဖိုးနဲ့ပတ်သက်ပြီး ကလေးတွေကို ရှင်းပြနိုင်ဖို့ အခွင့်အရေးရမယ်၊ ကလေးတွေမှာလည်း အရေးတယူဆက်ဆံခံရတဲ့ခံစားချက်မျိုးဝင်စေပါတယ်။ ဒါ့အပြင် ကလေးတွေက သူတို့ကိုယ်တိုင် ကူလုပ်ပေးထားတဲ့ အစားအစာတွေကို စားကြည့်ချင်စိတ်ပိုများတတ်ပါတယ်။
- အမြည်းကျွေးကြည့်ပြီးဆွဲဆောင်ပါ – ကလေးဘဝတည်းက အကြိုက်ကအမျိုးမျိုးရှိတတ်ကြပါတယ်။ သူတို့အတွက် အစားအစာအသစ်အဆန်းတစ်ခုကို ကလေးလက်ခံလာအောင် အကြိမ်ကြိမ် အမြည်းစမ်းကျွေးကြည့်ပါ။ ကလေးကို အတင်းအကျပ်မစားခိုင်းဘဲ ည်းနည်းလေးစားကြည့်ဖို့ချော့ကျွေးပါ။
- တီဗီကြည့်နေရင်း ထမင်းစားတာ၊ သရေစာစားတာမျိုး မလုပ်ပါစေနဲ့ – ကလေးတွေကို ထမင်းစားခန်း၊ မီးဖိုချောင်တို့လို အိမ်ထဲမှာ သီးသီးသန့်သန့်နေရာတစ်ခုထားရြိှပ်ီး အဲဒီမှာပဲအစာစားအောင်အကျင့်လုပ်ပါ။ တီဗီရှေ့မှာအစားစားတာက ဗိုက်ပြည့်မပြည့်ကို အာရုံမရနိုင်ဘဲ ပိုစားမိတာတွေဖြစ်စေနိုင်ပါတယ်။
- ဖြည်းဖြည်းစားဖို့ ကလေးကိုသတိပေးပါ – ကလေးတွေကဖြည်းဖြည်းဝါးစားရင် ဗိုက်ပြည့်မပြည့်ကို ပိုသတိထားမိနိုင်ပါတယ်။ဖြည်းဖြည်းချင်းဝါးစားတာက ဗိုက်ပြည့်မပြည့်သိရှိနိုင်ဖို့ ဦးနှောက်ကိုအချိန်ပေးလိုက်တာပဲဖြစ်ပါတယ်။
- အချိုရည်ထက်ရေပိုသောက်ဖို့ ကလေးကို တိုက်တွန်းပါ – အချိုရည်တွေနဲ့ ဆိုဒါတို့ များများသောက်သုံးခြင်းက ကလေးအဝလွန်ရောဂါဖြစ်နိုင်ခြေ ပိုများစေနိုင်ပါတယ်။
ကလေးတွေရဲ့ အစားစားပုံအလေ့အကျင့်ကို ကျန်းမာရေးနဲ့ညီညွတ်စေဖို့အတွက် မိဘတွေအနေနဲ့အောက်ပါအချက်တွေကိုရှောင်ကြဉ်သင့်ပါတယ် –
- ဒါမစားနဲ့လို့ တားမြစ်တာမျိုးမလုပ်ပါနဲ့ – ကလေးက ဝနေတယ်ဆိုရင် တချို့အစားအစာတွေကိုရှောင်ရမယ်လို့ မိဘကတွေးမိမှာပါ။ ဒါပေမယ့် မစားရဘူးလို့ တားမြစ်လိုက်တာကမှ ကလေးတွေအတွက် ပိုစိတ်ဝင်စားစရာဖြစ်စေပြီးအခွင့်ရတာနဲ့ ဒီအစားအစာတွေကို အငမ်းမရစားကြလေ့ရှိပါတယ်။ ဒါ့ကြောင့် လုံးဝတားမြစ်မယ့်အစား ရှောင်သင့်တဲ့အစာကိုလျှော့ကျွေးရင်းနဲ့ ကျန်းမာရေးအတွက်ပိုကောင်းတဲ့စားစရာတွေကို ပိုညွှန်းပြဆွဲဆောင်ပါ။
- တစ်ပန်းကန်လုံးကုန်အောင်စားရမယ်ဆိုတဲ့စည်းကမ်းကို မထားပါနဲ့ – ကလေးတွေကို သူတို့ဗိုက်ဝပြီလို့ခံစားရတဲ့အချိန်မှာ စားတာရပ်ခွင့်ပေးပါ။ မိဘအတော်များများက ကလေးတွေကို အကုန်ကုန်အောင်စားခိုင်းတဲ့နည်းနဲ့မွေးမြူခဲ့ကြပေမယ့် ဗိုက်ပြည့်ပြီလို့ ကလေးရဲ့ခန္ဓါကိုယ်ကအချက်ပြတာကို နားထောင်သင့်ပါတယ်။
- ကလေးအကြိုက်ချည်းပဲ အမြဲလုပ်မကျွေးပါနဲ့– ကလေးကြိုက်တတ်တဲ့အစားအစာကို အသစ်အဆန်းတွေ၊ သိပ်မကြိုက်တဲ့ အစားအစာတွေနဲ့ရောကျွေးပါ။ မစားလောက်တဲ့အရာတွေကိုပြင်ဆင်ပေးရတာ ပင်ပန်းတယ်ဆိုပေမယ့် လက်မလျှော့ဘဲကြိုးစားကြည့်ပါ။ ကလေးတစ်ယောက်က ကြက်သားတစ်မျိုးတည်းပဲစားတယ်ဆိုရင်တောင် အချိန်တန်တဲ့အခါ စိတ်ပြောင်းပြိး အစုံစားလာနိုင် ပါတယ်။
- ကလေးကိုပြေးလွှားကစားရင်း ထမင်းလိုက်မခွံ့ပါနဲ့ – ကလေးက စားစရာ သို့မဟုတ် သောက်စရာတစ်ခုခု တောင်းတဲ့အချိန်တိုင်းကျွေးတော့မယ်ဆိုရင် တစ်နေရာမှာ ထိုင်ချခိုင်းပြီးမှ စနစ်တကျစားစေတာ အကောင်းဆုံးပါပဲ။ရေကိုတော့ ခြွင်းချက်အဖြစ် ဘယ်အချိန်မဆို တိုက်လို့ရတယ်ဆိုပေမယ့် မနက်စာ၊နေ့လည်စာ၊ညနေစောင်း သရေစာမုန့်စားချိန်၊ ညစာနဲ့ အိပ်ခါနီးမုန့်စားချိန် ကို အချိန်ဇယားဆွဲ သတ်မှတ်ထားတာကောင်းပါတယ်။ ကလေးတွေရဲ့အစာအိမ်ကသေးသေးလေးဖြစ်လို့ ထမင်းစားချိန် တစ်ခုနဲ့ တစ်ခုကြားမှာ အစာတောင်းတတ်ပါတယ်။ ထမင်းစားထားတာမကြာသေးကြောင်းရှင်းပြပြီး ဒီမှာခဏထိုင်၊ မုန့်ကျွေးမယ်လို့ပြောပြပါ။ပြေးလွှားကစားရင်း မုန့်ကျွေးထားတာထက် စားပွဲမှာထိုင်ချပြီး မုန့်နည်းနည်းကျွေးလိုက်ပါ။
- သကြားလုံးအချိုတွေကို သူ့အချိန်နဲ့သူကျွေးပါ – သကြားလုံးတွေကို တခါတလေကျွေးတာကိစ္စမရှိပေမယ့် သကြားလုံးကျွေးမယ်လို့ မက်လုံးပေးပြီး ထမင်းမစားခိုင်းပါနဲ့။ ညစာစားပြီး အချိုပွဲကျွေးတဲ့အခါ ကလေးတွေက ပန်းဂေါ်ဖီစိမ်းလိုဟာထက် အချိုများတဲ့ကိတ် ကိုပဲ ပိုတန်ဖိုးထားကြလေ့ရှိပါတယ်။
- စားစရာတွေနဲ့ ဆုပေးဒဏ်ပေး မလုပ်ပါနဲ့ – ကလေးတွေကို အစားအသောက်နဲ့ပတ်သက်ပြီး ဒဏ်ပေးတာတွေက မကောင်းပါဘူး။ အစာဝအောင်စားရမှာမဟုတ်တော့ပါဘူး ဆိုပြီး ကလေးက စိုးရိမ်ပူပန်နေရမှာပါ။ အလားတူပဲ ဟင်းသီးဟင်းရွက်တွေကို ကုန်အောင်စားရင် မုန့်အချိုတွေဆုချမယ်လို့ပြောလိုက်ရင် ကလေးတွေက ဟင်းသီးဟင်းရွက်စားစေချင်တဲ့ အဓိပ္ပါယ်ရဲ့ အရေးပါပုံကို မသိတော့ဘဲ မုန့်ကိုသာအာရုံရောက်တော့မှာဖြစ်ပါတယ်။
- မိဘတွေဆိုတာ ကလေးတွေအတွက် စံပြပါပဲ။ မိဘလုပ်သလို လိုက်အတုခိုး၊နေထိုင်ကြမှာဖြစ်လို့ ကိုယ်ကိုယ်တိုင်က စံပြဖြစ်အောင်၊ ကျန်းမာရေးလိုက်စားရပါမယ်။ ကျန်းမာရေးအတွက် မှန်ကန်တဲ့စားသောက်ပုံ အလေ့အကျင့်ရအောင် သင်ပေးနေတဲ့အချိန်မှာ စံနမူနာကောင်းဖြစ်စေဖို့ မိဘတွေဟာလည်း အာဟာရရှိမယ့်စားစရာတွေစားပါ၊ ထမင်းစားပွဲမှာစနစ်တကျစားပါ၊ အစာမှန်အောင်စားပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-baby-poop-tool]