ဖိစီးမှုတွေနဲ့ ရင်ဆိုင်လာရတိုင်း အပူအပင်မရှိတဲ့ ကလေးဘဝကို တစ်ခါပြန်ပြီးရချင်သေးတယ်ဆိုပြီး တမ်းတကြလေရဲ့။ တကယ်တမ်းပြန်စဉ်းစားကြည့်ရင် ကိုယ်ငယ်ငယ်က တကယ်ရောအပူအပင်မရှိခဲ့တာသေချာရဲ့လား။ လူကြီးတွေနဲ့မတူတဲ့ စိတ်ဖိစီးစရာလေးတွေ သူ့အထွာနဲ့သူ ရှိခဲ့ကြမှာပါ။ ဒါ့ကြောင့် ကလေးပဲ ဘာမှမသိပါဘူး၊ ဖြစ်ပြီးရင်မေ့သွားလိမ့်မယ်၊ ကလေးတွေက အေးဆေးပဲ လို့ သူတို့ရဲ့ခံစားချက်တွေကို ပေါ့ပေါ့မတွေးသင့်ပါဘူး။
ဥပမာ “နောက်တစ်ခါစကားနားမထောင်ရင် မေမေထွက်သွားမှာနော်”ဆိုတာမျိုး ကိုယ်က ဘာရယ်မဟုတ်ပြောမိလိုက်တဲ့စကားအတွက် ကလေးမှာ အမေပျောက်သွားမှာစိုးတဲ့ကြောက်စိတ်ဝင်နေမယ်ဆိုတာ ကိုယ်သိနိုင်ပါ့မလား။ ဒါ့ကြောင့်ပြဿနာတွေကို နုနယ်တဲ့ကလေးတွေရှေ့ အထုပ်မဖြည်မိဖို့ သတိပေးကြတာဖြစ်ပါလိမ့်မယ်။
ကျောင်းမှာအဆင်ပြေရဲ့လား၊ အိမ်ကပြဿနာတွေရော သူတို့နားလည်နေသလား၊ ဘာကိုစိုးကြောက်နေသလဲ၊ စိတ်ဖိစီးစေတဲ့အရာတွေ ရှိနေသလား ကိုယ့်ကလေးကို သတိထားကြည့်သင့်ပါတယ်။ သူတို့ဘာသာလည်း ဘာဖြစ်နေမှန်းမသိတဲ့ဖိစီးမှုတွေအတွက် မိဘတွေကို ဖွင့်ပြောပြလာဖို့ဆိုတာဖြစ်နိုင်ခြေနည်းပါတယ်။
ကလေးအရွယ်ကတော့ ဘာကိုပဲဖြစ်ဖြစ် လူကြီးတွေနဲ့အမြင်မတူနိုင်တာ၊ လူကြီးတွေလောက် နားမလည်သေးတာ သဘာဝမို့ ဘယ်အခြေအနေ၊ ဘယ်အကြောင်းအရာမှာမဆို လူကြီးတွေဆီက အသိပညာပေးတာ၊ နားလည်အောင်ရှင်းပြတာတွေကို ရရှိဖို့လိုအပ်ပါတယ်။ ကိုယ်က အသေးအဖွဲလေးလိုမြင်ပေမယ့် သူတို့တွေရဲ့ကလေးအတွေးမှာတော့ အကြီးကြီးစိတ်ညစ်စရာဖြစ်နေတဲ့ကိစ္စတွေရှိတယ်။
ဒါပေမယ့်လည်း မိဘအများစုက ကလေးရဲ့စိတ်အတွင်းက ခံစားချက်မျိုးစုံကို မသိကြတာများပါတယ်။ အပြုအမူလေးတွေ သိသာလာမှ၊ပြောင်းလဲလာမှ၊ ကျန်းမာရေးယိုယွင်းလာမှ သိရတာထက် ကြိုတင်ဂရုစိုက်နိုင်မယ်ဆို ပိုကောင်းပါတယ်။ စိတ်သောကတွေရှိနေတာက စိတ်ညစ်ရုံတင်မဟုတ်ဘဲ ကလေးရဲ့ဘက်စုံဖွံ့ဖြိုးမှုမှာ ထိခိုက်လာနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။