ဘေဘီလေးတွေရဲ့ဦးရေပြားနဲ့ မျက်နှာပေါ်က အဆီဖုလေးတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးတွေရဲ့ဦးရေပြားနဲ့ မျက်နှာပေါ်က အဆီဖုလေးတွေ

    နုနုရွရွ ကလေးပေါက်စလေးတစ်ယောက် မွေးဖွားလာတယ်ဆို မထိရဲမကိုင်ရဲ အသည်းယားနေမှာ အသစ်စက်စက်မိဘတိုင်းပါပဲ။ ဒါပေမယ့် ဒီအရွယ်မှာ ကလေးရဲ့အရေပြားကို ဂရုစိုက်ဖို့ အရေးပါတာမို့ မထိမကိုင်လို့မဖြစ်ပါဘူး။

    ကိုယ့်ဘေဘီလေးရဲ့ မျက်နှာ ဒါမှမဟုတ် နဖူးအစပ်လေး၊ ဦးရေပြားလေးမှာ အဆီဖုလေးတွေလိုလို တွေ့ရရင် မစိုးရိမ်ပါနဲ့။ ကလေးငယ်တွေမှာအဖြစ်များကြတဲ့ အဖုလေးတွေပါ။ ကလေးရဲ့အရေပြားမှာ အဆီနဲ့ ဆဲလ်သေတွေကြောင့် ချွေးပေါက်ပိတ်ဆို့ပြီး အဖြူ သို့မဟုတ် အရည်ကြည်ဖုလို အဖုလေးတွေဖြစ်လာနိုင်ပါတယ်။

    ဘာကြောင့်ဖြစ်ရတာလဲ

    မွေးကင်းစအရွယ်မှာဖြစ်ကြတဲ့ ဒီအဖုလေးတွေရဲ့ အကြောင်းရင်းကိုတော့မသိရပေမယ့် မေမေတို့စားတဲ့ အစားအသောက်တွေကြောင့်တော့ မဟုတ်ပါဘူးနော်။ တစ်ခုရှိတာက ဒီအဖုလေးတွေကို မိခင်ရဲ့ဟော်မုန်းကြောင့်ဖြစ်တဲ့ ကလေးဝက်ခြံနဲ့မှား တတ်ကြတာပါပဲ။

    ကလေးဝက်ခြံနဲ့မတူတာက ဒီအဆီဖုလေးတွေက ရောင်ရမ်းတာ မရှိလာနိုင်ပါဘူး။ အဆီဖုလေးတွေက မွေးတည်းကပါလာတတ်ပေမယ့် ကလေးဝက်ခြံကတော့ မွေးပြီး ၂ ပတ်ကနေ ၄ ပတ်လောက်မှာ ဖြစ်တတ်တာပါ။

    ဘယ်လိုလုပ်ပေးရမလဲ

    ဘာမှလုပ်ပေးဖို့မလိုပါဘူးတဲ့။ အများအားဖြင့်တော့ အချိန်တန်ရင် သူ့အလိုလိုချပ်ရပ်ပျောက်ကင်းသွားပါလိမ့်မယ်။ ဒါပေမယ့် သတိထားဖို့အချက်လေးတွေတော့ ရှိပါတယ်။

    • ကလေးရဲ့ အဆီဖုလေးတွေပေါ် ကိုယ့်သဘောနဲ့ကိုယ် အရွက်ကြိတ်ရည်တွေ၊ လူကြီးသုံးတဲ့ဆေးတွေလျှောက်မလိမ်းပါနဲ့။
    • အဖုလေးတွေကို မညှစ်ဖောက်ပစ်ပါနဲ့။ အမာရွတ်ဖြစ်နိုင်တဲ့အပြင် ပိုးဝင်သွားခဲ့ရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲအန္တရာယ်တွေ ဖြစ်လာနိုင်တာသတိပြုပါ။
    • ဆပ်ပြာများများသုံးတာ၊ ပွတ်ပစ်တာတွေကလည်း မလုပ်သင့်တဲ့အချက်တွေပါ။
    • ထိခိုက်လွယ်တဲ့အရေပြားဖြစ်လို့ အနူးညံ့ဆုံးအသုံးအဆောင်လေးတွေပဲသုံးပါ။

    ကလေးအရေပြားအတွက် –

    ကလေးရဲ့အသားအရေကို နေရသက်သာစေဖို့၊ အဆီဖုတင်မကဘဲ တခြားအပူဖု၊ ဝက်ခြံတွေသက်သာစေဖို့၊ ကာကွယ်နိုင်ဖို့က ဒီလိုအခြေခံဂရုစိုက်မှုတွေ သိထားရပါမယ်နော်။

    • ကလေးရဲ့မျက်နှာကို သန့်ရှင်းအောင်ထားပါ။ ရေနွေးနွေးလေးနဲ့ တစ်နေ့တစ်‌ကြိမ် မျက်နှာသစ်ပေးပါ။

    • ရေသုတ်တဲ့အခါ မျက်နှာအသားအရေကို မပွတ်မိစေဖို့ ညင်ညင်သာသာလေး တို့သုတ်ပါ။

    • ကလေးအသားအရေအတွက်သုံးတဲ့ပစ္စည်းတွေကို ဓာတ်မတည့်မှုကင်းမယ့် အနူးညံ့ဆုံး အမျိုးအစားကိုပဲ ရွေးပါ။

    • အဖုလေးတွေကို မကုတ်မိအောင် ကလေးကို လက်သည်းညှပ်ပေးထားပါ။

    • ကလေးကို အေးမြပြီး အရိပ်ရတဲ့နေရာမှာပဲ နေရာချပေးပါ။

    • စုပ်ယူအားကောင်းပြီး ပေါ့ပါး ချောင်ချိတဲ့ အဝတ်တွေပဲ ဝတ်ဆင်ပေးပါ။

    • ကလေးရဲ့ လည်ပင်း၊ ခွကြားနဲ့ အရေပြားတွန့်ခေါက်နေတဲ့ နေရာတွေကို သန့်ရှင်း ခြောက်သွေ့ အောင်ထားပါ။

    ကဲ မေမေတို့ရေ… အဆီဖုလေးတွေအတွက် အထူးတလည်ကုသစရာမလိုပေမယ့် ဒီအခြေခံဂရုစိုက်မှု လေးတွေရှိရမယ်၊ အရည်အသွေးကောင်းတဲ့ အနူးညံ့ဆုံး ကလေးအသားအရေထိန်းပစ္စည်းတွေကို သုံးရမယ်ဆိုတာ မမေ့နဲ့နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement