ကလေးကို ပေါင်ဒါလိမ်းပေးတာ စိတ်ချရရဲ့လား ….. မေမေရော ဘယ်လိုထင်လဲ ……
ဘေဘီလေးကို ချီလိုက်သူတိုင်းက မွှေးနေတာပဲလို့ ချီးမွှမ်းခံရတာကို သဘောကျလို့ ကလေးကို ရေချိုးပြီးတိုင်း ပေါင်ဒါ လူးပေးတယ်။ ရှူးရှူးပေါက်လို့ သန့်ရှင်းရေး လုပ်ပြီးတိုင်း အင်းအင်းပါလို့ သန့်ရှင်းရေး လုပ်ပေးပြီးတိုင်း ပေါင်ဒါ ရိုက်ပေးနေမိပြီလား။ မွှေးနေတာ ကောင်းပေမယ့် ပေါင်ဒါ အရမ်း အများကြီး သုံးတာက ဘေဘီပိစိလေးအတွက် စိတ်ချရရဲ့လား။
ပေါင်ဒါဆိုတာ
ပေါင်ဒါ ဆိုတာက သဘာဝက ရတဲ့ အမွှေးနံ့သာ ပစ္စည်းတွေကို အသုံးပြုပြီး လုပ်ထားတဲ့ အမှုန် သေးသေးလေးတွေပါ။ ကလေး ပေါင်ဒါမှုန့်လေးတွေက ဓာတုပစ္စည်း ပါဝင်မှု မရှိတာကြောင့် ကလေး အသားအရေကို ထိခိုက်တာမျိုး ဖြစ်မှာကိုတော့ စိုးရိမ်စရာ မရှိပေမယ့် သေးငယ်တဲ့ အမှုန်လေးတွေက ကလေး အသက်ရှူစနစ်အတွက်တော့ အန္တရာယ် ရှိနိုင်ပါတယ်နော်။
ကလေးကို ပေါင်ဒါလိမ်းပေးတာ စိတ်ချရရဲ့လား
ကလေးကို ပေါင်ဒါလိမ်းပေးတာ စိတ်ချရရဲ့လား ဆိုတော့ လေထဲမှာ အလွယ်တကူ ပြန့်လွင့်လွယ်တဲ့ ပေါင်ဒါမှုန့်လေးတွေက ကလေးကို မွှေးစေတာ မှန်ပေမယ့် အခုလိုမျိုး ထိခိုက်တာတွေတော့ ဖြစ်စေနိုင်ပါတယ်။
အဆုတ် ထိခိုက်စေနိုင်တယ်
ပေါင်ဒါ လူးပေးချိန်မှာ ပေါင်ဒါမှုန့်လေးတွေက ကလေးရဲ့ နှာခေါင်းကနေတဆင့် အသက်ရှူလမ်းကြောင်းထဲကိုရောက်သွားပြီး ဖွံ့ဖြိုးဆဲ ကလေးအဆုတ်ထဲက နုနယ်လှတဲ့ လေအိတ်လေးတွေကို ထိခိုက်စေနိုင်ပါတယ်။ အဆိုးဆုံး အခြေအနေနဲ့တော့ ကလေးကို အသက်ရှူရခက်စေပြီး အရမ်းပြင်းထန်ရင်သေဆုံးတဲ့အထိ ဖြစ်စေနိုင်တာပါ။
အသက်ရှူလမ်းကြောင်းပြဿနာတွေ ခံစားရစေနိုင်တယ်
ကလေးကို ပေါင်ဒါ လူးပေးတာက ကလေးကို ပေါင်ဒါတွေကို ရှူရှိုက်မိနိုင်ခြေ ပိုများစေနိုင်ပါတယ်။ ဒီလို ရှူရှိုက်မိတာက အဆုတ်ကို ထိခိုက်စေတယ်ဆိုတာတော့ အပေါ်မှာလည်းပြောပြီးသားပါနော်။ ဒါပေမယ့် ထပ်ပြောပြချင်တာက ကလေးက ပေါင်ဒါမှုန့်တွေကို ရှူရှိုက်လိုက်တဲ့အခါ ချောင်းဆိုးမယ်။ အသက်ရှူကြပ်မယ်၊ ကြက်ညှာချောင်းဆိုးဖြစ်မယ် စတဲ့ ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ကလေးကထိခိုက်လွယ်မယ်ဆိုရင် ပန်းနာရင်ကြပ် ရောဂါဖြစ်တာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။
အသားအရေ ဓာတ်မတည့်တာမျိုးဖြစ်နိုင်ပါတယ်
ဓာတုပစ္စည်းမပါဘူးဆိုပေမယ့် ထိခိုက်လွယ်တဲ့အသားအရေပိုင်ရှင် ဘေဘီလေးတွေကတော့ ဓာတ်မတည့်တာမျိုးတွေ ခံစားရနိုင်ပါတယ်နော်။ အသားအရေမှာ နီမြန်းရောင်ရမ်းတာမျိုး ဖြစ်မယ်ဆိုရင်တော့ ကလေးကို ပေါင်ဒါ ဆက်မလူးပေးပါနဲ့တော့။
ဘေဘီလေးကို အန္တရာယ်ကင်းကင်းနဲ့ ဘယ်လိုပေါင်ဒါလူးပေးမလဲ
အကောင်းဆုံးကတော့ မလိုအပ်ဘူးဆိုရင် ကလေးကိုပေါင်ဒါမလူးပေးဖို့ပါ။ ကလေးကိုမွှေးစေချင်တယ်ဆိုရင် baby lotionလေး လူးပေးပါနော်။ သမီးမိန်းကလေးမွေးထားတာဆိုရင်တော့ ပိုသတိထားဖို့လိုပါမယ်။ ပေါင်ဒါသုံးမယ်ဆိုလည်း ဆေးဝါးထောက်ခံချက်ရှိပြီး ကလေးအတွက် သီးသန့်ထုတ်ထားတဲ့ ပေါင်ဒါကိုပဲ သုံးပါ။
ကလေးကို ပေါင်ဒါလူးပေးတော့မယ်ဆိုရင် လက်ဖဝါးထဲကို အရင်ထည့်ပြီးမှာ ကလေးကို နောက်လက်တစ်ဖက်နဲ့နည်းနည်းချင်စီယူလူးပေးပါ။ နှာခေါင်းနားမှာ ပေါင်ဒါမှုန့်ကိုထည့်တာမျိုး မလုပ်မိဖို့ သတိထားပေးပါ။ မျက်လုံးနားမှာလည်း မလုပ်မိပါစေနဲ့။ နောက်ဆုံးတစ်ချက်က ဘေဘီမီးမီးလေးတွေရဲ့ မိန်းမကိုယ်ကိုပေါင်ဒါမှုန့်ထည့်ပေးတာမျိုး မလုပ်ပါနဲ့။ ကလေးကိုပေါင်ဒါထည့်ပေးတဲ့အခါ လည်ပင်း၊ခြေထောက်၊ချိုင်းကြားနဲ့ ခန္ဓာကိုယ်တို့မှာသာလူးပေးပါနော်။ မျက်နှာကို ပေါင်ဒါလူးပေးတာမျိုး မလုပ်ပါနဲ့။
[embed-health-tool-baby-poop-tool]