ကလေး ကြို့ထိုးနေပြီ။ ဘာလုပ်ရ မလဲ၊ နို့တိုက်လိုက်လေ ဆိုတာက အမြဲလိုလို ကြားနေရတယ်နော်။ နောက်တစ်ခု ရှိသေးတယ် ကလေးရဲ့ အင်္ကျီမှာ ထွက်နေတဲ့ ချည်စလေးကိုမေမေ ဒါမှမဟုတ် ဖွားဖွားက ဝါးပြီး ကလေး နဖူးမှာ ကပ်လို့ ကြို့ခမဲ ပေးလိုက်တာလေ။ ဒါက တကယ်ပဲ သက်သာသွားတာလား။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေ ကြို့ထိုးတဲ့အခါ ဘာလုပ်လို့ လုပ်ပေးရမှန်း မသိဘူးဆိုတဲ့ မေမေတို့ အတွက် နည်းလမ်းကောင်းလေးတွေ ပြောပြပေး ပါရစေနော်။
ဒါတွေကြောင့်ဘေဘီလေးကြို့ထိုးရတာပါ
ဒီအချက်တွေကြောင့် ဘေဘီလေး ကြို့ထိုးနိုင် ပါတယ်။
- အစားစားရင်း ဒါမှမဟုတ် နို့သောက်ရင်း လေတွေ မျိုချမိတာ
 - တစ်ခုခုကို လန့်သွားတဲ့ အခါမျိုး
 - စိတ်ဖိစီးတဲ့ အခါမျိုး
 - အစားတွေ အများကြီး စားမိတဲ့ အခါမျိုး
 - အစား စားတာကို မြန်မြန်စားတာ ဒါမှမဟုတ် နို့ကို အငမ်းမရ သောက်တာ
 - လေတွေ အများကြီး မျိုချမိတာတွေကြောင့် ဘေဘီလေးက ကြို့ထိုးရတာ ပါနော်။
 
ဘေဘီလေးတွေ ကြို့ထိုးတဲ့အခါ ဘယ်လိုသက်သာအောင်လုပ်ပေးမလဲ
ဒီအတိုင်းထားလိုက်ပါ
တစ်ခါတလေမှာ ကလေး ကြို့ထိုးတာက သူ့အလိုလို နေရင်း ပျောက်သွားတတ်ပါတယ်နော်။ ကြို့ထိုးတာကြောင့် ကလေးက စိတ်အနှောက်အယှက် ဖြစ်တာမျိုး မရှိဘူးဆိုရင် ဒီအတိုင်းသာ ထားလိုက်ပါ။ အချိန် နည်းနည်းကြာရင် သူ့အလိုလို သက်သာသွားပါလိမ့်မယ်။
ကြို့ထိုးတာက ကာကွယ်လို့ရပါတယ်
ကလေးကို ကြို့ထိုးတာကြောင့် နေရထိုင်ရ ခက်တာမျိုး မဖြစ်ချင်ဘူးဆိုရင်တော့ ကာကွယ်ပေးလို့ ရပါတယ်နော်။ ကလေးကို ကြို့မထိုးအောင် ကာကွယ်ဖို့ ဒီနည်းလမ်းလေးတွေက အသုံးဝင်မှာပါ။
- ကလေးကို ဗိုက်အရမ်းဆာမှာ နို့တိုက်တာ၊ အစားကျွေးတာမျိုးမလုပ်ပါနဲ့။
 - ကလေးကို ထမင်းစားနေချိန်၊ နို့တိုက်နေချိန်မှာ သက်သောင့်သက်သာဖြစ်အောင် ဂရုစိုက်ပါ။
 - ကလေးကို ငိုနေတုန်း နို့တိုက်တာမျိုးမလုပ်ပါနဲ့။
 - ကလေးကို အစားတစ်ခုခုကျွေးပြီးတိုင်းမှာ ပြင်းပြင်းထန်ထန်လှုပ်ရှားတာမျိုး ပေးမလုပ်ပါနဲ့။
 - အစားစားပြီးတိုင်း ကလေးကို မိနစ် ၂၀ ကနေ နာရီဝက်လောက် ခပ်မတ်မတ်လေးထိုင်ပေးပါ။
 - ကလေးကို နည်းနည်းချင်းနဲ့ မကြာမကြာကျွေးပေးပါ။
 - ကလေးပါးစပ်ထဲကို လေမဝင်စေဖို့ ဂရုစိုက်ပါ။
 - ကုန်သွားတဲ့ နို့ဗူးကို ပေးစို့ထားတာမျိုး မလုပ်ပါနဲ့။
 
[embed-health-tool-baby-poop-tool]

















