backup og meta

ဦးနှောက်အကြောသေရောဂါ (Cerebral Palsy) ရှိတဲ့ကလေးကို ဘယ်လိုပြုစုမလဲ...


Aye Thi Mon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဦးနှောက်အကြောသေရောဂါ (Cerebral Palsy) ရှိတဲ့ကလေးကို ဘယ်လိုပြုစုမလဲ...

    ကိုယ့်ရဲက ရင်နဲ့အမျှချစ်ရတဲ့ သားသမီးလေးကို ကျန်းမာပျော်ရွှင်စွာနဲ့ ကြီးပြင်းလာစေချင်တာက မိဘတိုင်းရဲ့ ထပ်တူကျနေမယ့် စိတ်ကူးလေးတစ်ခုဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ဆုတောင်းတဲ့အတိုင်း မပြည့်ခဲ့ရင်တောင် သားသမီးကို ဂရုဏာပိုသက်လို့ ရင်ထဲကနေ နှစ်နှစ်ကာကာချစ်တတ်ကြတာကလည်း မိဘတွေပဲမဟုတ်လား။ ဒီတစ်ခေါက်တော့ ဦးနှောက်အကြောသေရောဂါ (Cerebral Palsy) ခံစားနေရတဲ့ ကလေးကို မိဘတွေအနေနဲ့ ဘယ်လိုပြုစုစောင့်ရမလဲ ဆိုတာကိုပြောပြပေးပါရစေနော်။

    ဦးနှောက်အကြောသေရောဂါ (Cerebral Palsy) ဆိုတာဘာလဲ……

    ဦးနှောက်အကြောသေရောဂါဆိုတာက ကြွက်သားတွေနဲ့ အာရုံကြောတွေကို ထိခိုက်စေတဲ့ရောဂါအခြေအနေတစ်မျိုးပါ။ ဒီရောဂါကို ခံစားရတဲ့အခါ ကလေးက လှုပ်ရှားမှုပိုင်းမှာထိခိုက်တာ စကားပြောဆိုမှုပိုင်းမှာထိခိုက်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒီရောဂါက မျိုးရိုးကြောင့်ဖြစ်တာမျိုးမဟုတ်ဘဲ ကလေးငယ်စဉ်ဘဝမှာစတင်ဖြစ်ပွားတာပါ။

    ဘာကြောင့် ဦးနှောက်အကြောသေရောဂါ (Cerebral Palsy) ခံစားရနိုင်လဲ………

    ဦးနှောက်အကြောသေရခြင်းရဲ့ အဓိကအကြောင်းအရင်းက ဦးနှောက်ကို သွေးစီးဆင်းရောက်ရှိမှုနည်းသွားတာကြောင့်ပါ။ ဒါပေမယ့် အခုလိုအခြေအနေတွေကြောင့်လည်း ကလေးမှာ ဦးနှောက်အကြောသေရောဂါကိုခံစားရနိုင်ပါတယ်။

    • ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွားတဲ့အချိန်နဲ့ ကလေးဘဝအစောပိုင်းမှာ ထိခိုက်မှုတစ်ခုခုခံစားခဲ့ရတာ
    • မွေးဖွားနေစဉ်အတွင်း နဲ့  မွေးဖွားပြီးနောက်ပိုင်းမှာ ကလေးက အောက်ဆီဂျင်လုံလောက်စွာမရရှိတာ
    • မိခင်ဆီမှ ကလေးဆီကိုရောဂါပိုးတစ်ခုခုကူးစက်တာ
    • ငယ်စဉ်ဘဝမှာ ပြင်းထန်တဲ့ရောဂါပိုးတစ်ခုခုကူးစက်ခံခဲ့ရတာ
    • အသည်းရောင်အသားဝါပိုးကို မကုသဘဲထားတာ
    • မျိုးဗီဇပြဿနာရှိနေတာ
    • ကိုယ်ဝန်ဆောင်ချိန်မှာ ရောဂါတစ်ခုခုခံစားနေရတာ
    • အဆိပ်မိတာ
    • ဘက်တီးရီးယားကူးစက်ခံရတာ
    • ဦးနှောက်ဆီသွေးစီးဆင်းရောက်ရှိမှုနည်းတာ
    • ကလေးကို ငယ်စဉ်မှာ အရမ်းလှုပ်ခါတာကြောင့် ဦးနှောက်ထိခိုက်တာ
    • ယာဉ်မတော်တဆမှုဖြစ်တာတွေကြောင့် ခံစားရနိုင်ပါတယ်။

    ဘယ်လိုလက္ခဏာတွေ တွေ့ရနိုင်လဲ………..

    ဦးနှောက်အကြောသေရောဂါခံစားနေတဲ့အခါ ကလေးငယ်မှာ

  • ခြေ၊လက်လှုပ်ရှားမှုပုံမှန်မဟုတ်တာ
  • နို့တိုက်ရအဆင်မပြေတာ
  • ကြွက်သားတွေက ပုံမှန်ထက်ပိုပြီး ပျော့ပျောင်းတာ
  • လမ်းလျှောက်ဖို့ ကြာနေတာ
  • စကားပြောပုံမှန်ထက်နောက်ကျတာ
  • ကိုယ်နေဟန်ထားပုံမှန်မဟုတ်တာ
  • ကြွက်သားတွေအကြောဆွဲ
  • ခန္ဓာကိုယ် တောင့်တင်းနေတာ
  • လှုပ်ရှားမှုတွေ ဟန်ချက်မညီတာ
  • မျက်စိစွေတာမျိုးတွေရှိနိုင်ပါတယ်။
  • ဘယ်လိုစောင့်ရှောက်ပေးမလဲ…………

    ကလေးက အခြားကလေးတွေလိုမျိုး စိတ်သွားတိုင်းကိုယ်ပါ မလှုပ်ရှားနိုင်တဲ့အခြေအနေမို့ ပိုပြီးဂရုစိုက်ဖို့လိုမယ်ဆိုတာ ပြောနေစရာတောင်မလိုအောင်ပါနော်။ ဒီရောဂါခံစားနေရပေမယ့် သေချာဂရုစိုက်ပေးမယ်၊ အရမ်းမပြင်းထန်ဘူးဆိုရင် ကလေးက ပုံမှန်အတိုင်း သက်တမ်းစေ့နေနိုင်မှာပါ။ ဒါကြောင့် ကလေးကို

    ကလေးကို အမြဲမပြတ်ဂရုစိုက်ပေးပါ

    ကလေးကိုဂရုစိုက်ဖို့က အရာအားလုံးထက်အရေးကြီးတဲ့အရာအဖြစ်ထားပေးပါ။ ကလေးကိုပြသပေးဖို့ အကောင်းဆုံးဆရာဝန်ရွေးချယ်ဖို့လည်း မမေ့ပါနဲ့။ ကလေးကို နေမကောင်းဖြစ်တာမျိုးမဖြစ်စေဖို့ အမြဲတမ်းသေသေချာချာလေး ဂရုစိုက်ပေးပါ။ ကလေးကို အိပ်ချိန်ကစလို့ စားရေးသောက်ရေးအထိအသေးစိတ်သေချာလေးဂရုစိုက်ပေးပါ။

    ကလေးကိုဆရာဝန်ပြနေတယ်ဆိုရင်တောင်မှ ရုပ်ပိုင်းဆိုင်ရာ သန်စွမ်းရေးအတွက်လိုအပ်မယ့် လှုပ်ရှားမှုတွေကို မိဘတွေက သေချာလေးဂရုစိုက်ပြီး လုပ်ပေးဖို့လိုမှာပါ။ ကြွက်သားသန်မာစေမယ့် လေ့ကျင့်ခန်းလေးတွေနဲ့ ဟန်ချက်ညီစေမယ့် လေ့ကျင့်ခန်းလေးတွေကို အချိန်ပေးပြီး ဂရုစိုက်လုပ်ပေးပါ။ ဒါက ကလေးကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အားပေးရာလည်းရောက်ပါတယ်။ ကလေးကို ကြွက်သားနာကျင်မှုတွေမဖြစ်စေဖို့ နှိပ်နယ်ပေးတာ၊ အကြောတွေလျော့အောင် လုပ်ဆောင်ပေးဖို့လည်း သတိရပါ။

    ကလေးက အခြားကလေးတွေလို အားကစားနည်းတွေကို ကစားချင်ရင်တောင် မကစားနိုင်ပါဘူး။ ဒါ​ကြောင့်ကလေးက အခြားကလေးတွေနဲ့ အတူတူမကစားနိုင်တာလည်း အသေအချာပါ။ ဒါကြောင့် ကလေးကစားချင်တဲ့နည်းလမ်းလေးတွေကို ကလေးနဲ့ အတူတူကစားပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးကို စိတ်သက်သာရာရစေနိုင်သလို ကြွက်သားတွေကို သန်စွမ်းစေပြီး အကြောတွေကိုပြေလျော့စေမှာပါ။

    စိတ်ပိုင်းဆိုင်ရာ အားပေးပါ

    ကလေးကို စိတ်အပန်းပြေပြီး စိတ်ခွန်အားတွေ၊ စိတ်ကူးအာရုံအသစ်တွေရစေဖို့အတွက် ကလေးကို

    • ပြတိုက်ခေါ်သွားပေးတာ
    • ကလေးကို လက်မှုအနုပညာဖန်တီးမှုတွေလုပ်ခိုင်းတာ
    • အတူတူသီချင်းနားထောင်တာ
    • ကလေးနဲ့အတူတူ ဂိမ်းဆော့တာမျိုးလုပ်ပေးပါ။

    ကလေးကို ယုံကြည်စိတ်မွေးပေးပါ

    ကလေးကအခြားရွယ်တူကလေးတွေလိုမလှုပ်ရှားနိုင်တာမှန်ပေမယ့် သူလှုပ်ရှားနိုင်တဲ့အရာလေးတွေရှိတယ်ဆိုတာကို သိအောင်ပြောပြရင်း လက်တွေ့လုပ်ဆောင်ခွင့်ပေးပါ။ ဒီလိုလုပ်တာက ကလေးကို သူလုပ်နိုင်တဲ့အကြောင်းကိုသိရှိစေပြီး ကလေးကို ယုံကြည်မှုတိုးစေမှာ အသေအချာပါ။

    အစာအာဟာရဂရုစိုက်ပေးပါ 

    ကလေးကျန်းမာပျော်ရွှင်စေဖို့အတွက် အာဟာရကျွေးမွေးတဲ့အခါမှာလည်း ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်ဝအောင် သေချာလေးဂရုစိုက်ပေးဖို့လိုပါမယ်။ အရိုးနဲ့ကြွက်သားတွေသန်မာစေမယ့် အစားအစာတွေကို အဓိကထားကျွေးပေးပါ။ များသောအားဖြင့်ဒီရောဂါခံစားနေရတဲ့ကလေးတွေက  အရိုးအားနည်းနေတတ်တာ​ကြောင့် အရိုးကို သန်မာစေနိုင်တဲ့ ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေကို များများကျွေးပေးပါ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေ အတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement