ဘေဘီလေးကို အငိုတိတ်စေဖို့ ချော့မြူဖို့ ဆိုပြီး ချိုလိမ်လေးတွေကို မေမေဖေဖေတို့ တော်တော်များများ အသုံးပြုလေ့ ရှိကြပါတယ်။ ဒီ ချိုလိမ် အသုံးပြုတာက လူတိုင်း သုံးလို့သာ သုံးလိုက်တယ်။ ကောင်းလား ဆိုးလားလည်း မသိပါဘူး။ ချိုလိမ်စုပ်ခြင်း က ကလေးကိုရော ထိခိုက်စေမလား ဆိုပြီး စိုးရိမ်နေတဲ့ မေမေတွေအတွက် ဒီဆောင်းပါးလေး ကနေ ပြောပြပေးပါရစေ။
ဘေဘီလေးအတွက် ချိုလိမ်စုပ်ခြင်း ရဲ့ ကောင်းကျိုး
ဘေဘီလေးတွေအတွက် ချိုလိမ် ပေးသုံးတာက
ကလေးကို အငိုတိတ်စေတယ် – ဘေဘီလေးတွေဟာ ချိုလိမ် ဒါမှမဟုတ် မေမေ့နို့၊ နို့ဗူးတွေကို စို့ရချိန်က သူတို့ရဲ့ အပျော်ဆုံး အချိန်ပါ။
ကလေးကို အာရုံပြောင်း ပေးနိုင်တယ် – ကလေးကို ကာကွယ်ဆေး ထိုးတာ၊ သွေးဖောက် စစ်ဆေးတဲ့အခါ နာကျင်မှုကို အာရုံ မရောက်စေဖို့ ချိုလိမ်လေးကို အသုံးပြုပေးလို့ ရပါတယ်။
ကလေးကို အိပ်ပျော်စေတယ် – ကလေးကို နှစ်နှစ်ခြိုက်ခြိုက် အိပ်စေချင်တယ်ဆိုရင် ချိုလိမ်ကို အသုံးပြုပေးလို့ ရပါတယ်။
ကလေးကို မအီမသာ ဖြစ်တာ သက်သာစေတယ် – ကလေးက ကားစီးရင်း ကားမူးတာကို သက်သာစေဖို့လည်း ချိုလိမ်လေးကို အသုံးပြုပေးလို့ ရပါတယ်။
မွေးကင်းစကလေးငယ် ရုတ်တရက် သေဆုံးမှု မဖြစ်အောင် ကာကွယ်ပေးတယ် – အိပ်ချိန်မှာ ဘေဘီလေးကို ချိုလိမ် ပေးစို့ထားတာက ဘေဘီလေးမှာ ရုတ်တရက် သေဆုံးမှု ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
ချိုလိမ်စုပ်ခြင်း ရဲ့ ဆိုးကျိုးများ
ချိုလိမ်ကို ကလေး အသက် ၁ လကျော်မှ စတင် မိတ်ဆက်ပေးသင့်ပါတယ်။ ဒီလို မိတ်ဆက်ပေးတဲ့အခါမှာလည်း ဒီဆိုးကျိုးတွေ ဖြစ်နိုင်တယ်ဆိုတာကို သိထားဖို့ လိုပါမယ်။
ကလေးကို အစောကြီး ချိုလိမ်ပေးစို့တာက နို့တိုက်ရခက်စေတယ် – ကလေးကို ချိုလိမ် ပေးစို့တာ၊ နို့ဗူး တိုက်တာတွေက ကလေးကို မိခင်နို့စို့တာမှာ အနှောင့်အယှက် ဖြစ်စေပါတယ်။ ကလေးက မိခင်နို့ မစို့ဘဲ ချိုလိမ်ပဲ စို့ချင်တာ၊ နို့ဘူးပဲ သောက်ချင်တာတွေ ဖြစ်လာနိုင်ပါတယ်။
ကလေးက ချိုလိမ် မပါရင် မအိပ်တာမျိုး ဖြစ်နိုင်ပါတယ် – ကလေးကို ချိုလိမ်က အိပ်ပျော်စေပေမယ့် အမြဲ ချိုလိမ် ပေးသုံးတာက ကလးကို ချိုလိမ်ပေါ်မှာ မှီခိုလွန်းတဲ့ စိတ်ဖြစ်စေပြီး ချိုလိမ် မပါရင် အိပ်မပျော်တာမျိုး ဖြစ်နိုင်ပါတယ်။
အတွင်းနား ပိုးဝင်ကူးစက် ခံရနိုင်တယ် – ချိုလိမ် ပေးစို့တာက ဘေဘီလေးရဲ့ အတွင်းနားကို ပိုးဝင်ကူးစက်တာမျိုး ခံစားရနိုင်ပါတယ်။ အထူးသဖြင့် ၆လအထက် ကလေးတွေမှာ ဖြစ်တတ်ပါတယ်။
သွားပြဿနာ ခံစားရနိုင်တယ် – ချိုလိမ်စို့တာက ဘေဘီလေးကို သွားမညီတာ၊ သွားပေါက် နောက်ကျတာမျိုး သွား နဲ့ ခံတွင်း ပြဿနာတွေ ခံစားရနိုင်ပါတယ်။
ဘေဘီလေးကို ချိုလိမ်ပေးတဲ့အခါ ဒီအချက်တွေကို သတိထားပါ
- ကလေးကို အိပ်ဖို့ ပုခက်ထဲ ထည့်တဲ့အခါ အကူအညီဖြစ်အောင် ချိုလိမ်စုပ်ခိုင်းထားနိုင်ပါတယ်။ အိပ်ပျော်သွားရင်တော့ ပြန်ဖြုတ်ပေးပါ။
- ချိုလိမ်ကို ကလေးတွန်းလှည်း၊ ပုခက် စတာတွေနဲ့ တွဲမချည်ထားပါနဲ့။ ကြိုးရှည်ရှည်နဲ့ ချည်ပြီး ကလေးအင်္ကျီ သို့ လက်မှာ ချိတ်ထားတာလည်း မလုပ်သင့်ပါဘူး။ ကြိုးက ကလေးလည်ပင်းကို ပတ်သွားနိုင်ပါတယ်။
- အရုပ်တွေ ကပ်ထားတဲ့ ချိုလိမ်ကို မသုံးသင့်ပါဘူး။ ချိုလိမ်က ချိုလိမ်ပဲ ဖြစ်သင့်ပြီး ဘာပစ္စည်းအပိုမှ မပါသင့်ပါဘူး။ မတော်တဆ ပြုတ်ထွက်သွားရင် ကလေးပါးစပ်နဲ့ နှာခေါင်းထဲ ဝင်ပြီး သီးတတ်ပါတယ်။
- ချိုလိမ်ကို မကြာခဏ ဆေးပါ။ အနည်းဆုံးတော့ တစ်နေ့ တစ်ကြိမ် ဆေးပါ။ ဆပ်ပြာနဲ့ဆေး၊ ရေနွေးနဲ့ ပြုတ်ပါ။ ဆပ်ပြာကို ရေပြောင်အောင် ဆေးပါ။ ရေနွေးနဲ့ ပြုတ်မှာ ဖြစ်တဲ့အတွက် အပူခံတဲ့ ချိုလိမ်ကို ဝယ်ပါ။ ချိုလိမ်တွေ ရွဲလာရင်၊ ဟောင်းလာရင် အသစ်လဲပါ။
- ချိုလိမ်ကို အချိုရည်တွေ မသုတ်ပါနဲ့။ ကလေးငြိမ်အောင် ချိုလိမ်ထိပ်မှာ အချိုရည်တွေ သုတ်ပြီး စုပ်ခိုင်းတာလည်း မလုပ်ရပါဘူး။ ကလေးရဲ့ သွားနဲ့ သွားဖုံးကို ထိခိုက်နိုင်ပါတယ်။
- ကလေးကို ထမင်းမကျွေးနိုင်၊ နို့မတိုက်နိုင်သေးလို့ ချိုလိမ်ပေး စုပ်တာမျိုးကိုလည်း ရှောင်ပါ။
- နို့ဗူးအဖုံးကို ချိုလိမ်အနေနဲ့ မသုံးရပါ။ အပိုင်းအစလေးတွေ ပြုတ်ထွက်ပြီး ကလေး နင်တတ်ပါတယ်။
ချိုလိမ်က ကောင်းကျိုးရော ဆိုးကျိုးရော ရှိပါတယ်။ သတိထားရမဲ့ အချက်တွေကို သတိထားရင် ချိုလိမ်သုံးရတာ အန္တရာယ်ကင်းမှာပါ။
[embed-health-tool-baby-poop-tool]