သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

အသက်အရွယ်အလိုက် ဘေဘီလေးတွေကိုလုပ်ဆောင်ပေးသင့်တဲ့ ခံတွင်းသန့်ရှင်းမှု

အသက်အရွယ်အလိုက် ဘေဘီလေးတွေကိုလုပ်ဆောင်ပေးသင့်တဲ့ ခံတွင်းသန့်ရှင်းမှု

ခန္ဓာကိုယ်မှာ လိုအပ်တဲ့အာဟာရတွေကိုပြည့်ဝစွာဖြည့်တင်းနိုင်ဖို့အတွက် ငယ်စဉ်ကနေစလို့ အရွယ်ရောက်တဲ့အထိသေချာလေးဂရုစိုက်ပေးဖို့လိုတဲ့ အစိတ်အပိုင်းတစ်ခုရှိနေပါတယ်။ ဒါကတော့ သွားနဲ့ခံတွင်းကျန်းမာရေးပါ။ ငယ်စဉ်ကစလို့ ဘေဘီလေးကို သွားနဲ့ခံတွင်းသေချာဂရုစိုက်ပေးမှ အာဟာရတွေကိုပြည့်ဝအောင်စားသုံးနိုင်ပြီး အကောင်းဆုံးကြီးထွားဖွံ့ဖြိုးနိုင်မှာပါ။ ဒီတော့ ဘေဘီလေးရဲ့ သွားနဲ့ခံတွင်းကို ဘယ်လိုဂရုစိုက်ပေးရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ ပြောပြပေးမယ်နော်။

ဘေဘီလေး ဘယ်အချိန်မှာ သွားစပေါက်လဲ…………….

ဘေဘီလေးတွေက မွေးဖွားလာစဉ်ကတော့ သွားတွေပါမလာတတ်ကြပါဘူး။ မေမေ့နို့သောက်ရင်း ၇ လ နဲ့ ၂ ပတ်သားအရွယ် (အပတ် ၃၀ ) လောက်အရောက်မှာ သူတို့ရဲ့ ပထမဆုံးသွားလေးတွေ စထွက်လာပါပြီ။ ဒီအချိန်မှာ သွားတွေကိုသေချာဂရုစိုက်ပေးဖို့ လုပ်ပေးရပါတော့မယ်။ ဒါမှ ဘေဘီလေးက သွားတွေကြံ့ခိုင်ကျန်းမာပြီး ခံတွင်းပြဿနာကင်းတဲ့ ဘေဘီလေးအဖြစ်အရွယ်ရောက်ကြီးပြင်းလာမှာပါ။ ဒါပေမယ့် အချို့ဘေဘီလေးတွေကတော့ အသက် ၁ နှစ်ရောက်မှ သွားစပေါက်ကြတာပါ။

အသက် ၃ လရောက်လာတဲ့အခါ ဘေဘီလေးက အရင်ကထက်သွားရည်တွေ ပိုထွက်လာပါလိမ့်မယ်။ အကြောင်းကတော့ ဘေဘီလေးရဲ့ ပါးစပ်ကြွက်သားတွေ စတင်ဖွံ့ဖြိုးလာတာကြောင့်ပါ။ ဒီအချိန်မှာ ဘေဘီလေးက ပါးစပ်ထဲကို လက်တွေထည့်တာ၊ လက်မစုပ်တာတွေကို စလုပ်ပါပြီ။ ဒီလိုလုပ်နေရင်းကဘေဘီလေးက မေမေနို့တိုက်တဲ့အချိန်မှာ နို့ကိုကိုက်တာကနေစလို့ ထိုင်တတ်ချိန်မှာ အရုပ်လေးတွေကို ပါးစပ်ထဲထည့်ကိုက်တာမျိုးတွေလုပ်လာနိုင်ပါတယ်။ ၆ လပြည့်တဲ့အခါ အောက်သွားရှေ့နှစ်ချောင်းစထွက်လာပါလိမ့်မယ်။ ဘေဘီလေးအများစုက အသက် ၃ နှစ်မှာ ငယ်သွားအားလုံးစုံလာပါပြီ။

ဘယ်အရွယ်မှာ သွားစတိုက်ပေးမလဲ………

ဘေဘီလေးက အသက် ၂ နှစ်အရွယ်ရောက်လာတဲ့အခါ သွားတိုက်ဆေးကို သုံးပြီး စတိုက်လို့ရပါပြီ။ ဖလိုရွိုက်ပါတဲ့ သွားတိုက်ဆေးကို ပဲစေ့အရွယ်လောက်လေးထည့်​ပြီး သွားပွတ်တံလေးနဲ့စတိုက်လို့ရပါပြီ။ သွားတိုက်နည်းမှန်အောင်တော့ မေမေက ကူညီပေးဖို့လိုပါမယ်။ ဒီအချိန်မှာ ဘေဘီလေးကို သွားတိုက်ဆေး သီးသန့်ဝယ်ပေးဖို့ မလိုတော့ပါဘူး။ မေမေဖေဖေတို့တိုက်တဲ့ သွားတိုက်ဆေးကိုတိုက်ပေးရင်ကိုရပါပြီ။ ဘေဘီလေးကို သွားတိုက်လို့ထွက်လာတဲ့ အမြှုပ်တွေကို ထွေးထုတ်တတ်အောင် သင်ပေးဖို့တော့ လိုပါမယ်။ အကြောင်းကတော့ ငယ်ငယ်ကတိုက်ခဲ့တဲ့ သွားတိုက်ဆေးတွေလို မျိုချလို့ရတဲ့ အမျိုးအစား မဟုတ်တော့လို့ပါ။

အသက် ၂ နှစ်မတိုင်ခင်ရော ဘယ်လိုခံတွင်းသန့်ရှင်းပေးရမှာလဲ………….

အသက် ၂ နှစ်ပြည့်တဲ့အခါ ဘေဘီလေးကို သွားစတိုက်ပေးပါဆိုတော့ ဒီမတိုင်ခင်မှာရော သွားတိုက်ပေးဖို့ မလိုဘူးလား၊လို့ မေးစရာအကြောင်းရှိပါတယ်။ မဟုတ်ပါဘူးနော်။ သွားမပေါက်သေးပေမယ့်လည်း ဘေဘီလေးကို ငယ်စဉ်ကည်းကစလို့ ခံတွင်းသန့်ရှင်းပေးဖို့လိုမှာပါ။ ငယ်စဉ်ကတည်းက သွားနဲ့ ခံတွင်းကို သေချာဂရုစိုက်ပေးမှာ သွားပိုးစားတာ၊ သွားဖုံးနဲ့သွားပျက်စီးမှုကင်းတဲ့ ဘေဘီလေးအဖြစ်အရွယ်ရောက်လာမှာပါ။

မွေးစ ကနေ ၆ လ အရွယ်

မွေးစကနေ ၆ လအရွယ်အထိက ဘေဘီလေးမှာ သွားလုံးဝမပေါက်သေးပါဘူး။ ဒီအချိန်မှာတော့ ဘေဘီလေးရဲ့ သွားဖုံးနဲ့ လျှာတွေကို သေချာသန့်စင်ပေးရမှာပါ။ မနက်နိုးလာတဲ့အချိန် နဲ့ နို့ချိုတိုက်ကျွေးပြီးတိုင်းမှာ ဘေဘီလေးကို လက်တစ်ဖက်နဲ့ပိုက်လို့ အနှီးစသန့်သန့်လေးကို လက်ညှိုးမှာ ပတ်ပြီး ရေနွေးနွေးလေးစွတ်ပေးလို့ လျှာနဲ့သွားဖုံးလေးတွေကို ညင်ညင်သာသာသန့်စင်ပေးပါ။ ဒီလိုလုပ်ပေးတာက ဘေဘီလေးရဲ့ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားတာမျိုးမရှိအောင် အကောင်းဆုံးကာကွယ်ပေးနိုင်မှာပါ။

၆ လ ကနေ ၁ နှစ်အရွယ်

၆ လကနေ ၈ လလောက်အတွင်းမှာတော့ ဘေဘီလေးရဲ့ ပထမဆုံးသွားလေးစထွက်လာပါပြီ။ သွားငုတ်တုတ်၊ လူငုတ်တုတ်ဆိုတဲ့ အရွယ်လေးပေါ့။ တွေ့ကရာကို ပါးစပ်နဲ့ စမ်းသပ်တဲ့ရွယ်ဖြစ်တာကြောင့် ဒီအချိန်မှာ သွားနဲ့ခံတွင်းသန့်ရှင်းရေးကို သေချာလေး ဂရုစိုက်ပေးဖို့လိုပါမယ်။ မနက် အိပ်ရာထတဲ့အချိန်၊ နို့ချိုတိုက်ကျွေးပြီးတိုင်း နဲ့ ဖြည့်စွက်အာဟာရတွေကျွေးပြီးတိုင်းမှာ အပေါ်မှာပြောခဲ့တဲ့နည်းအတိုင်း အနှီးစသန့်သန့်လေးကို ရေနွေးစွတ်လို့ ခံတွင်း သန့်ရှင်းရေးလုပ်ပေးပါ။ ဒီလိုကနေ သွားလေးတွေထွက်လာပြီဆိုရင် ဘေဘီလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့သွားတိုက်ဆေး နဲ့ သွားပွတ်တံပျော့ပျော့လေးကို သုံးလို့ သွားလေးတွေကို သန့်စင်ပေးလို့ရပါတယ်။ ဘေဘီလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ သွားတိုက်ဆေးက ဖလိုရွိုက်ပါဝင်မှုမရှိသလို မျိုချမိလို့ ထိခိုက်စေတာမျိုးလည်း မရှိပါဘူး။ သွားပွတ်တံကလည်း သူတို့လေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ သွားပွတ်တံနဲ့ဆိုတော့ ဘေဘီလေးရဲ့ သွားတွေကို အကောင်းဆုံး သန့်စင်ပေးနိုင်မှာပါ။

ဒီအချိန်မှာ သတိထားဖို့လိုမယ့်အချက်က ဘေဘီလေးကို ဖလိုရွိုက်ပါဝင်နေတဲ့ အစားအစာတွေကျွေးပေးဖို့နဲ့ သွားနဲ့ခံတွင်းကျန်းမာရေး မထိခိုက်စေဖို့အတွက် နို့သီးခေါင်း၊ သွားယားကိုက်၊ ဇွန်းကနေစလို့ ဘေဘီလေး ပါးစပ်ထဲကို ထည့်ပြီး အသုံးပြုရတဲ့အရာတွေအားလုံးကို ဂရုတစိုက် သန့်စင်ပေးဖို့ပါ။ သစ်သီးတွေစားပြီးတဲ့အခါ သစ်သီးဖျော်ရည်တွေ သောက်ပြီးချိန်တိုင်းမှာလည်း ခံတွင်းသန့်ရှင်းပေးပါ။ ရေလည်း လုံလောက်အောင်တိုက်ပေးပါ။

တစ်နှစ် ကနေ တစ်နှစ်ခွဲအရွယ်

အသက် ၁ နှစ်လောက်ရောက်လာတဲ့အခါမှာ သွားလေးတွေက ၅ ချောင်းကျော်ကျော်ရှိလာပြီဖြစ်သလို ကျန်တဲ့သွားတွေကလည်း ထွက်လာဖို့ အားခဲနေပြီလေ။ ဒီအချိန်မှာ သေချာဂရုစိုက်ပေးနိုင်မှ ဘေဘီလေးက ပြုံးလိုက်တိုင်းလှတဲ့ သွားတွေကို ပိုင်ဆိုင်နိုင်မှာပါ။ ဒါကြောင့် အသက် ၁ နှစ်ပြည့်တဲ့အခါ ဘေဘီလေးကို သွားဆရာဝန်နဲ့ သွားရောက်ပြသပေးသင့်ပါတယ်။ ဒီအရွယ်မှာတော့ သွားပွတ်တံ ပျော့ပျော့လေးနဲ့ ဘေဘီလေးအတွက် သီးသန့်ထုတ်ထားတဲ့ သွားတိုက်ဆေးကို သုံးပြီး သွားနဲ့ခံတွင်းကို သေချာလေးသန့်စင်ပေးရုံပါ။ တစ်နေ့နှစ်ကြိမ်ပုံမှန်သွားတိုက်ပေးမှုကို ဒီအရွယ်မှာ စတင်ပါ။

တစ်နှစ်ခွဲ ကနေ ၅ နှစ်အရွယ်

တစ်နှစ်ကျော်လာတဲ့အချိန်ကနေ ၂ နှစ်အထိကတော့ ဘေ​ဘီလေးကို ပိစိကွေးတို့အတွက် သီးသန့်ထုတ်ထားတဲ့ သွားတိုက်ဆေးကို သုံးပြီး သွားတိုက်ခိုင်းတာက အဆင်ပြေဆုံးဖြစ်မှာပါ။ ဒီလိုကနေ အသက် ၂ နှစ်ပြည့်ပြီဆိုရင်တော့ သွးတိုက်ဆေးကို သီးသန့်ထားပေးစရာမလိုတော့ပါဘူး။ ဖလိုရွိုက်ပါတဲ့ သွးတိုက်ဆေးကို ပဲစေ့အရွယ်လောက် ထည့်ပြီး မှန်ကန်တဲ့ သွားတိုက်နည်းစနစ်ကို စပျိုးထောင်ပေးရတော့မှာပါ။ ၃ နှစ်လာက်အထိ ဘေဘီလေးက လက်မစုပ်တာ၊ နို့သီးခေါင်းစုပ်တာတွေကိုဆက်လုပ်နေနိုင်ပါသေးတယ်။ ဒါကပုံမှန်ပါပဲ။ ၃ နှစ်ကျော်တဲ့အထိ ဆက်လုပ်နေမယ်ဆိုရင်တော့ သွားဆရာဝန်နဲ့ သေချာတိုင်ပင်ဖို့လိုပါမယ်။ ဒီအရွယ်မှာ ဖလိုရွိုက်ကြွယ်ဝတဲ့ အစားအစာတွေကို ကျွေးမွေးပေးဖို့လိုပါမယ်။ ဖလိုရွိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ စတိုက်နေပြီဖြစ်တဲ့ ဘေဘီလေးကို သွားတိုက်လို့ထွက်လာတဲ့ အမြှုပ်တွေကို ထွေးထုတ်ဖို့ သတိပေးရမှာဖြစ်သလို နည်းစနစ်မှန်တဲ့ သွားတိုက်နည်းနဲ့ သွားတိုက်တတ်အောင် သင်ပေးရမှာပါ။

သွားဖုံး၊ လျှာနဲ့ နှုတ်ခမ်းသားတို့မှာ ပုံမှန်မဟုတ်တဲ့ အဖြူစက်လေးတွေ အကွက်လေးတွေများရှိနေလားဆိုတာ နဲ့ လျှာတွေဖြူနေလား၊ ပုံမှန်မဟုတ်တဲ့ အရောင်တစ်မျိုးမျိုးဖြစ်နေလားဆိုတာကိုလည်း သေချာလေးစစ်ဆေးဖို့လိုပါမယ်။ အသက် ၃ နှစ်နောက်ပိုင်းမှာတော့ ဘေဘီလေးကို ၆ လတစ်ကြိမ် သွားဆရာဝန်နဲ့ပြသလို့ လိုအပ်တဲ့ သွားနဲ့ခံတွင်းကျန်းမာရေး စစ်ဆေးမှုတွေကိုလုပ်ပေးပါ။ သွားတိုက်ဆေးက ဖလိုရွိုက်ပါတဲ့ ဖေဖေမေမေတို့တိုက်နေတဲ့ သွားတိုက်ဆေးနဲ့ စတိုက်လို့ရပြီဖြစ်ပေမယ့် သွားပွတ်တံကတော့ Baby toothbrush ခပ်ပျော့ပျော့လေးတွေက အဆင်ပြေဆုံးဖြစ်မှာပါ။

ဘေဘီလေးက ကိုယ့်ရဲ့သွားတွေကို ကိုယ်တိုင်ဂရုမစိုက်နိုင်သေးသရွေ့တော့ လိုအပ်တာတွေကို ဖေဖေမေမေတို့က ကြီးကြပ်ပေးရမှာပါ။ သွားနဲ့ခံတွင်းကျန်းမာရေးအတွက် လိုအပ်တဲ့ ဂရုစိုက်ရမယ့်အချက်လေးတွေကိုလည်း သင်ပေးရင်းပေါ့။ ဘေဘီလေး ခံတွင်းပြဿနာကင်းပြီး ပြုံးအလှပိုင်ရှင်ဖြစ်ဖို့ ပိစိကွေးအရွယ်ကတည်းက သေချာလေးဂရုစိုက်ပေးပါနော်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Infant and Children’s Oral Health https://www.health.ny.gov/prevention/dental/birth_oral_health.htm Accessed Date 31 October 2019

When Should Kids Start Brushing Their Teeth? https://kidshealth.org/en/parents/healthy.html Accessed Date 31 October 2019

8 Ways to Protect Your Child’s Teeth https://www.webmd.com/oral-health/dental-health-for-kids#2 Accessed Date 31 October 2019

Baby’s First Tooth: 7 Facts Parents Should Know https://www.healthychildren.org/English/ages-stages/baby/teething-tooth-care/Pages/Babys-First-Tooth-Facts-Parents-Should-Know.aspx Accessed Date 31 October 2019

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 4 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။