backup og meta

အဖြစ်များတဲ့ မွေးရာပါ နှလုံးရောဂါများ

အဖြစ်များတဲ့ မွေးရာပါ နှလုံးရောဂါများ

ကလေးတွေမှာ တချို့က မွေးလာကတည်းက နှလုံးရောဂါလေးနဲ့ မွေးဖွားလာတတ်ပါတယ်။ ဒါကို ဆေးပညာအရ congenital heart disease (မွေးရာပါနှလုံးရောဂါ) လို့ ခေါ်ပါတယ်။ CDC အဆိုအရ အမေရိကန်မှာ လက်ရှိ မွေးရာပါ နှလုံးရောဂါရှိတဲ့ ကလေး တစ်သန်းနဲ့ လူငယ် တစ်သန်း ရှိတယ်လို့ ဆိုပါတယ်။ ဒီဘက်နှစ်ပိုင်းတွေမှာ ဆေးပညာတွေ တိုးတက်လာတဲ့အတွက် ရောဂါတွေကို အရင်ကထက် ပိုပြီးကောင်းအောင် ကုလာနိုင်တာကြောင့် မွေးရာပါနှလုံးရောဂါသည် ကလေးတွေဟာ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာကြပါပြီ။ ကုသလို့ပျောက်ကင်းတဲ့အတွက်ကြောင့် အသက်ရှင်နိုင်ခြေလည်း ပိုပြီး များလာပါပြီ။

မွေးရာပါ နှလုံးရောဂါ အမျိုးအစားများ

နှလုံးရောဂါ အမျိုးအစားတွေကိုတော့ နှလုံးရဲ့ နံရံက ဖြစ်တာရယ်၊ အဆို့ရှင်က ဖြစ်တာရယ်၊ သွေးကြောမကြီးတွေက ဖြစ်တာရယ်ဆိုပြီး ခွဲလို့ရပါတယ်။

  • နှလုံးနံရံရောဂါ – အဓိကကတော့ နှလုံးအခန်းတွေကြားမှာ ခြားထားတဲ့ အလွှာတွေ ကောင်းကောင်း မဖွံ့ဖြိုးတာပေါ့။ နှလုံးအပေါက်ပါတယ်လို့ ပြောကြပါတယ်။ ဥပမာ ပေးရရင် Atrial septal defect (နှလုံးအပေါ်ခန်း အလယ်နံရံ မရှိတာ)၊ Ventricular septal defect (နှလုံးအောက်ခန်း အလယ်နံရံ မရှိတာ)
  • နှလုံးအဆို့ရှင် မကောင်းတာ – နှလုံးအခန်း အချင်းချင်းကြား၊ နှလုံးနဲ့ သွေးကြောမကြီးတွေ ကြားက အဆို့ရှင်တွေ ကောင်းကောင်း မဖွံ့ဖြိုးတာပါ။ ဥပမာ pulmonary atresia (အဆုတ်သွေးကြောမကြီးမှာ အဆို့ရှင်ပါမလာတာ)
  • သွေးကြောမကြီးတွေ ပုံမှန်မဟုတ်တာ – နှလုံးက ထွက်တဲ့ သွေးကြောတွေ ပုံမှန်မဟုတ်တာမျိုးလည်း ရှိနိုင်ပါသေးတယ်။ ဥပမာ Transposition of the great vessels (သွေးကြောကြီးတွေ နေရာမှားထွက်တာ)၊ Coarctation of the aorta (သွေးကြောမကြီး တစ်ပိုင်းတစ်စမှာ သိမ်နေတာ)

နောက်ထပ် ခွဲတဲ့ နည်းကတော့ cyanoticနဲ့ acyanoticဆိုပြီးတော့ပါ။ Cyanoticဆိုတာ အသားအရေ၊ အမြှေးပါးနံရံ ပြာတာကို ပြောတာပါ။ ကိုယ်မှာ အောက်ဆီဂျင်နည်းတဲ့ သွေးတွေ များလာတဲ့အခါ ကလေးက ပြာလာပါတယ်။ ပုံမှန်ဆို နှလုံးက သွေးတွေကို အဆုတ်ကိုပို့ သန့်စင်ပေးပြီး အောက်ဆီဂျင်ပါတဲ့ သွေးတွေကို တစ်ကိုယ်လုံးကို ဖြန့်ပေးတာပါ။ တချို့သော မွေးရာပါ နှလုံးရောဂါအမျိုးအစားတွေမှာ ဒီလုပ်ငန်း ပျက်သွားလို့ ကလေးသွေးထဲမှာ အောက်ဆီဂျင်နည်းပြီး ပြာလာတာပါ။ Acyanotic အမျိုးအစားကတော့ ဒါမျိုး မဖြစ်ပေမယ့် သူသည်လည်း ရောဂါပဲမို့လို့ နှလုံးက သွေးကောင်းကောင်း မညှစ်နိုင်တာကို တွေ့ရမှာပါ။

မွေးရာပါ နှလုံးရောဂါရဲ့ လက္ခဏာများ

တစ်ခါတလေ ကိုယ်ဝန်ကို အယ်ထွာဆောင်းရိုက်နေရင်းနဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့တတ်ပါတယ်။ ကလေးနှလုံးခုန်တာ ပုံမှန်မဟုတ်တာကို သတိထားမိမယ်ဆိုရင် ပိုပြီးသေချာဖို့ ဆေးစစ်ချက်တွေ ထပ်လုပ်ရမှာပါ။ ဥပမာ echo ရိုက်တာတို့၊ ရင်ဘတ်ဓာတ်မှန်တို့၊ သံလိုက်ဓာတ်မှန်တို့ ရိုက်တာတို့ပေါ့။ များသောအားဖြင့်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ သိဖို့ ခက်ပါတယ်။ မွေးလာပြီး လက္ခဏာပြမှပဲ သိကြတာ များပါတယ်။

မွေးရာပါ နှလုံးရောဂါရှိတဲ့ ကလေးတွေဟာဆိုရင်

  • နှုတ်ခမ်း၊ ခြေဖျားနဲ့ လက်ဖျားလေးတွေ ပြာနေမယ်။
  • အသက်ရှူရခက်နေမယ်
  • နို့စို့ရ၊ အစားကျွေးရခက်မယ်။
  • ပေါင်မပြည့်ဘဲ မွေးလာမယ်။
  • ကလေးက ထွားသင့်သလောက် မထွားဘူး။

တချို့ကလေးတွေ ကျတော့လည်း မွေးပြီး တော်တော်လေး ကြီးလာမှ လက္ခဏာပြတာတွေလည်း ရှိပါတယ်။ လက္ခဏာပြပြီဆိုရင်

ဘာလို့ မွေးရာပါ နှလုံးရောဂါ ဖြစ်တာလဲ။

ကိုယ်ဝန်၆ပတ်လောက်ဆိုရင် နှလုံးက စဖွံ့ဖြိုးလာပြီး သွေးကြောတွေလည်း ဖြစ်လာပါပြီ။ နှလုံးလည်း စခုန်လာပါပြီ။ ဖြစ်ရတဲ့ အကြောင်းအရင်းကို သေသေချာချာ မသိပေမယ့် ဒီအချိန်မှာ တစ်ခုခု ချို့ယွင်းသွားခဲ့ရင် နှလုံးက ကောင်းကောင်း မဖွံ့ဖြိုးတော့ပါဘူး။ မျိုးရိုးဗီဇတွေ၊ ရောဂါအခြေအနေတွေ၊ ပတ်ဝန်းကျင်အခြေအနေနဲ့ စွဲသောက်နေတဲ့ ဆေးတွေကြောင့်လို့ ပညာရှင်တွေက ယူဆထားကြပါတယ်။

  • ဂျိုက်သိုး (ဂျာမန်ဝက်သက်) – ကိုယ်ဝန်ဆောင်ချိန်မှာ ဂျိုက်သိုး ဖြစ်ခဲ့မယ်ဆိုရင် ကလေးရဲ့ နှလုံးဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်မဆောင်ခင်မှာ ဆေးစစ်ပြီး ခုခံအား မရှိရင် ကာကွယ်ဆေးထိုးထားပါ။
  • ဆီးချိုရောဂါ – ကိုယ်ဝန်ယူဖို့ အစီအစဉ်ရှိတယ်ဆိုရင် ဆီးချိုကောင်းအောင် အရင်ထိန်းပါ။ ဆီးချိုကောင်းမှ ကလေးရဲ့ ဖွံ့ဖြိုးမှုကို အနှောင့်အယှက် မဖြစ်မှာပါ။ ဒါပေမယ့် ကိုယ်ဝန်ဆောင်မှာ ဖြစ်တဲ့ ဆီးချို (Gestational diabetes)ကတော့ မွေးရာပါ နှလုံးရောဂါ ဖြစ်နိုင်ခြေကို မမြင့်စေပါဘူးတဲ့။
  • ဆေးဝါးများ – ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးသောက်မယ်ဆို ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။ တချို့ဆေးတွေက ကလေးရဲ့ ကိုယ်တွင်းအင်္ဂါ ဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။ ဥပမာ ပြောရရင် သွေးကျဆေး တစ်မျိုးဖြစ်တဲ့ ACEIတွေ၊ သွေးတွင်း အဆီကျဆေးတွေ၊ တချို့သော ဝက်ခြံကုဆေးတွေက မွေးရာပါ နှလုံးရောဂါကို ဖြစ်စေပါတယ်။
  • ကိုယ်ဝန်ဆောင်ချိန်မှာ အရက်သောက်တာ၊ ဆေးလိပ်သောက်တာ၊ ဆေးလိပ်ငွေ့ရှူမိတာကလည်း မွေးရာပါ ချို့ယွင်းချက်ကို ဖြစ်စေပါတယ်။
  • မျိုးရိုးဗီဇ – မွေးရာပါ နှလုံးရောဂါက မျိုးရိုးလိုက်တတ်ပါတယ်။ တခြား မျိုးဗီဇရောဂါတွေမှာလည်း တွဲတွေ့ရတတ်ပါတယ်။ ဥပမာ ဒေါင်းရောဂါစုလိုမျိုးပေါ့။

ကုသလို့ ရပါ့မလား။

တချို့သော မွေးရာပါ နှလုံးရောဂါတွေက ကလေးအရွယ်ရောက်လာတာနဲ့အမျှ သူ့အလိုလို သက်သာသွားတာမျိုး ရှိပါတယ်။ ဥပမာ နှလုံးအပေါက်ပါပေမယ့် အပေါက်က သေးတယ်ဆိုရင် ကလေးကြီးလာရင် အလိုလို ပိတ်သွားပါတယ်။ တချို့ရောဂါတွေကတော့ မကုရင် အသက်အန္တရာယ်ထိခိုက်တဲ့အထိ ပြင်းထန်တာမျိုးလည်း ရှိပါတယ်။

  •  Catheterization techniques – ပြွန်ချောင်းအသေးလေးကို ခြေထောက်သွေးကြောကနေ တဆင့် ထည့်ပြီး ကုသပေးတာပါ။ နှလုံးအပေါက်ပါတာတွေ၊ သွေးကြောကျဉ်းတာတွေ၊ အဆို့ရှင် မကောင်းတာတွေအတွက် သုံးလို့ရပါတယ်။
  • ရင်ဘတ်မှတဆင့် ခွဲစိတ်ခြင်း – ရောဂါအခြေအနေပေါ်မူတည်ပြီး အပေါ်က နည်းလမ်း သုံးလို့မရတဲ့အခါ ရင်ဘတ်ကနေတဆင့် နှလုံးကို ခွဲစိတ်ပါတယ်။
  • ဆေးဝါးများ – အခြေအနေ သိပ်မဆိုးရင်တော့ ဆေးနဲ့ပဲ ကုလို့ရပါတယ်။ သွေးဖိအား ထိန်းဖို့အတွက် သွေးကျဆေးတွေ ပေးတာ၊ နှလုံးခုန်နှုန်း ထိန်းဖို့အတွက် ဆေးတွေ ပေးတာ၊ ခန္ဓာကိုယ်ထဲမှာ ဖောနေတဲ့ အရည်တွေ ထွက်သွားဖို့ ဆီးဆေးတွေ ပေးတာမျိုး လုပ်လို့ရပါတယ်။

မွေးရာပါ နှလုံးရောဂါကလေးတွေက အရင်ကထက်စာရင် အသက်ရှင်ဖို့ အခွင့်အလမ်းပိုများလာပါပြီ။ ဒါဟာ တိုးတက်လာတဲ့ ဆေးပညာကြောင့်ပါ။ ကုသတဲ့နည်းလမ်းတွေကလည်း အရင်ကထက်စာရင် ပိုကောင်းပြီး ကလေးတွေကို ပိုပြီး သက်သောင့်သက်သာ ဖြစ်စေပါတယ်။ မွေးရာပါ နှလုံးရောဂါကို စောစောသိ စောစောကုနိုင်မယ်ဆိုရင် ကလေးတွေ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာမှာပါ။ ကလေး မွေးရာပါနှလုံးရောဂါ ပြဿနာတွေကို မိဘတွေရော ကလေးတွေရော သက်သာအဆင်ပြေစေမယ့်နည်းလမ်းတွေနဲ့ အတူ စင်ကာပူနိုင်ငံရှိ Mount Elizabeth ဆေးရုံကြီးမှာ ကျွမ်းကျင်ကလေးဆရာဝန်နဲ့ ပညာရှင်တွေ၊ ခေတ်မီစမ်းသပ်မှုတွေနဲ့ ကုသပေးနေပါပြီ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.mayoclinic.org/diseases-conditions/congenital-heart-defects-children/diagnosis-treatment/drc-20350080

https://www.cdc.gov/ncbddd/heartdefects/facts.html

https://www.webmd.com/heart-disease/guide/congenital-heart-disease#1

https://www.healthline.com/health/congenital-heart-disease#prevention

ယခုပုံစံ

09/08/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Tetralogy of Fallot မွေးရာပါ ပြာနှမ်းတဲ့နှလုံးရောဂါ ။ ။

မွေးရာပါ ပြာနှမ်းတဲ့ နှလုံးရောဂါရှိတဲ့ ကလေးတစ်ယောက်ကို ဘယ်လို ဂရုစိုက်ရမလဲ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement