မတ်တတ်ပြေး နဲ့ မူကြိုအရွယ်ကလေး အသက် ၁ နှစ် ကနေ ၅ နှစ်အရွယ်ကို အစားအစာကျွေးမွေးရတာက တော်တော်လေး စိန်ခေါ်မှု ဖြစ်စေတဲ့ ကိစ္စရပ် တစ်ခုပါ။ ဒီကာလမှာ ကလေးက များစွာသော ပြောင်းလဲမှုတွေ၊ ကြီးထွားဖွံ့ဖြိုးမှုတွေ ဖြစ်ပေါ်နေတာကြောင့် အာဟာရ ပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့က အတော်လေး အရေးကြီးပါမယ်။
ဒီကာလမှာ သူတို့က ကြီးထွားမှု စပြီး နှေးသွားပြီ ဖြစ်သလို အစားစားချင်စိတ်လည်း နည်းသွားပါပြီ။ ဒီလို အပြောင်းအလဲတွေကြောင့် အစားစားချိန်မှာ ကျွေးဖို့ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် ဒီကာလမှာ ကလေးကို အာဟာရ ပြည့်အောင် ကျွေးဖို့ လိုသလို အာဟာရမျှတအောင် ကျွေးဖို့လည်း လိုပါမယ်။ ဒီတော့ မတ်တတ်ပြေး နဲ့ မူကြိုအရွယ်ကလေး အာဟာရ အကြောင်းကို အတူတူ လေ့လာလိုက်ရအောင်နော်။
မတ်တတ်ပြေး နဲ့ မူကြိုအရွယ်ကလေး အာဟာရအတွက် ဘာတွေ သိထားရမလဲ
ဒီကာလမှာ ကလေးတွေ အာဟာရ ပြည့်ဝစွာ ရရှိစေဖို့ဆိုရင်
- ကလေးကို အစာစားဖို့ ကြိမ်းမောင်းတာမျိုး မလုပ်ပါနဲ့
- ကလေးကို အစား အတင်းစားခိုင်းတာမျိုး မလုပ်ပါနဲ့
- ကလေးကို ပုံမှန် အစားအစာအတိုင်း ပြင်ပါ။ သရေစာတွေကိုလည်း စားနေကျအတိုင်း ပြင်ပေးပါ
- ကလေးကို အစားအစာ အသစ်တွေ မိတ်ဆက်ပေးတဲ့အခါ စိတ်ရှည်ပါ
- ကလေး မစားချင်တဲ့ အသစ်အသစ်သော စားစရာတွေကို အတင်း မကျွေးပါနဲ့
- ကလေးကို စားကုန်သလောက်ပဲ ထည့်ပေးပါ [ ပမာဏ အနေနဲ့ ပြောပြရရင် လူကြီးတွေ စားတဲ့ ပမာဏရဲ့ ၄ ပုံ ၁ ပုံစာပါ]
- ဖျော်ရည်တွေ သောက်တာကို ကန့်သတ်ပါ။ ဖျော်ရည်တွေအစား သစ်သီးတွေ ကျွေးပါ
- ကလေးကို ဆုချတဲ့အနေနဲ့ အချိုပွဲတွေ မကျွေးပါနဲ့။ အခြား အရာတစ်ခုခုကိုပဲ ကျွေးပေးပါ။
ဘေးကင်းစေဖို့
ကလေးကို အစားစားတဲ့အခါ ဘေးကင်းစေဖို့အတွက် ဒီအချက်လေးတွေကို ဂရုစိုက်ပေးပါ။
- အစားအစာတွေကို တစ်ကိုက်စာလေးတွေ ပိုင်းပေးပါ
- အစားအစာတွေကို နူးညံ့ပြီး စားရအဆင်ပြေအောင် လုပ်ပေးပါ
- အစားအစာတွေကို အခန်းအပူချိန်အတိုင်း ရှိနေဖို့ ဂရုစိုက်ပါ
- အသားကိုကြိတ်ပြီး ကျွေးပေးပါ
- ကလေးတွေအတွက် ထုတ်ထားတဲ့ ဇွန်းတွေ ခရင်းတွေကို ပြင်ဆင်ပေးပါ
- ကလေးရဲ့ အရပ်နဲ့ အဆင်ပြေမယ့် ထိုင်စရာ စားပွဲနဲ့ ခုံ ပြင်ဆင်ပေးပါ။
- ဓာတ်မတည့်တာ ရှိမရှိ သိစေဖို့ တစ်ကြိမ်တည်းမှာ အစာသစ်တွေ အများကြီးကို မမိတ်ဆက်ပါနဲ့။ ကျွေးသမျှကို စာအုပ်နဲ့ ရေးမှတ်ထားပါ။
ကလေးကို အစားသီးတာ နင်တာမျိုး မဖြစ်စေဖို့အတွက်
- ဝါးရခက်တာကို ဖြည်းဖြည်းချင်း မိတ်ဆက်ပေးပါ
- မျိုချရခက်တဲ့ အစားအစာတွေ မကျွေးပါနဲ့ဦး
- နင်လောက်မယ့် အစားအစာတွေကို မျိုချရလွယ်တဲ့ အနေအထားမျိုး ဖြစ်အောင် ပိုင်းဖြတ်ပေးပါ
- ကလေးအစားစားတဲ့အခါ ဂရုတစိုက် စောင့်ကြည့်ပေးပါ။
ကျန်းမာတဲ့ အစားအစာ ရွေးချယ်မယ်
ကလေးကို ဒီအရွယ်မှာ ကျန်းမာတဲ့ အစားအစာလေးတွေ ရွေးချယ်တတ်စေဖို့ သေချာလေး ဂရုစိုက် သင်ကြားပေးဖို့ လိုပါမယ်။ ဒါမှ ကလေးက ကျန်းမာပျော်ရွှင်စွာနဲ့ အရွယ်ရောက်ကြီးပြင်းလာပြီး သက်လတ်ပိုင်းမှာလည်း ရောဂါ ကင်းမှာပါ။ ဒါကြောင့် အသက် ၂ နှစ်ကျော်လာတဲ့ ကလေးတွေကို အစားအစာ သေချာရွေးချယ်တတ်စေဖို့ မေမေဖေဖေတို့က သေချာလေး သင်ကြားပေးဖို့ လိုပါမယ်။
ကလေးကို အသက် ၂နှစ်ပြည့်တဲ့အထိ မိခင်နို့ ဆက်တိုက်လို့ရပါတယ်။ ဖြည့်စွက်စာကျွေးရင်းနဲ့ မိခင်နို့ တိုက်လို့ရပါတယ်။ အာဟာရလုံလုံလောက်လောက် ရဖို့ ဖြည့်စွက်စာကို ဦးစားပေးကျွေးပါ။ ကြားအချိန်တွေမှာ နို့တိုက်ပါ။
မတ်တတ်ပြေး နဲ့ မူကြိုအရွယ်ကလေးရဲ့ နေ့စဉ်စားသုံးမှုမှာ
- နှံစားသီးနှံတွေ – ဆန်၊ ဂျုံ၊ အုတ်ဂျုံ၊ ဆီရီယယ် စတာတွေကို ဆိုလိုတာပါ။ နေ့စဉ် စားသုံးမှုမှာ ထမင်း၊ ဂျုံကြမ်းပေါင်မုန့်၊ ဆန်လုံးညို၊ အုတ်ဂျုံ စတာတွေ ပါဝင်အောင် ပြင်ဆင်ပေးဖို့ လိုပါမယ်။ တစ်နေ့တာရဲ့ ပန်းကန်မှာ ၄ ပုံ ၁ပုံစာကို နှံစားသီးနှံတွေနဲ့ ဖြည့်တင်းပေးပါ။
- ဟင်းသီးဟင်းရွက်တွေ – နေ့စဉ်စားသုံးမှုမှာ ဟင်းသီးဟင်းရွက်တွေ အရောင်အသွေးစုံလင်စွာ ပါဝင်ဖို့ လိုပါမယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ၊ အနီရောင်၊ လိမ္မော်ရောင် အသီးအနှံတွေ၊ ပဲအမျိုးမျိုး၊ ကစီဓာတ် ကြွယ်ဝတဲ့ အသီးအနှံတွေ ပါဝင်အောင် စားသုံးဖို့ လိုပါမယ်။
- သစ်သီးတွေ – သစ်သီးတွေဆိုတဲ့နေရာမှာ လတ်လတ်ဆတ်ဆတ် သစ်သီးတွေကို ပြင်ဆင်ပေးပါ။ ဆီသွတ်ဘူးတွေ၊ သစ်သီးဖျော်ရည်တွေ၊ သစ်သီးခြောက်တွေကို တတ်နိုင်သမျှ လျှော့ကျွေးပါ။
- နို့ထွက်ပစ္စည်းတွေ – နို့ထွက်ပစ္စည်းတွေက ကယ်လ်ဆီယမ်ရော ပရိုတင်းပါ ကြွယ်ဝပါတယ်။ တစ်နေ့ကို နို့တစ်ခွက် ဒါမှမဟုတ် ဒိန်ချဉ်စတာတွေ ပြင်ဆင်ပေးလို့ ရပါတယ်။
- ပရိုတင်း – အဆီမပါတဲ့ ပရိုတင်းတွေ ပြင်ဆင်ပေးပါ။ အဆီမပါတဲ့ အနီရောင် အသား၊ အရေခွံမပါတဲ့ ကြက်သာ စတာတွေ ပြင်ဆင်ပေးပါ။ ငါး၊ အခွံမာသီးတွေ၊ အစေ့အဆန်တွေ၊ ပဲအမျိုးမျိုး စတာတွေကို ပြင်ဆင်ပေးပါ။ တိရစ္ဆာန်အဆီတွေ မကျွေးပါနဲ့။
နေ့စဉ် အာဟာရ ကြွယ်ဝအောင် ပြင်ဆင်ပေးပြီး ကိုယ်လက်လှုပ်ရှားမှု လုပ်ဖြစ်စေဖို့လည်း ဂရုစိုက် ပျိုးထောင်ပေးပါ။
ဘာတွေ သင်ကြားပေးမလဲ
ကလေးကို အာဟာရပြည့်ဝပြီး ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့အတွက်
- နေ့စဉ် စားသုံးမှုမှာ ဘာတွေ ထည့်သွင်းစားရမယ်။ ဘာတွေကတော့ ကျန်းမာရေးနဲ့ မညီညွတ်လို့ မစားရဘူးဆိုတာကို သင်ကြားပေးပါ
- ကိုယ်တိုင်ကလည်း ကျန်းမာစွာ စားသောက်တတ်သူအဖြစ် စံပြဖြစ်အောင် နေပါ
- ကလေးကို အာဟာရ တန်ဖိုးတွေ သိအောင် ရှင်းပြပြီး ကျန်းမာတဲ့ အစားအစာတွေ ရွေးချယ်တတ်အောင် သင်ပေးပါ
- အစားအစာ စားသုံးမှုမှာ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်တို့ စားပေးပါ
- ကယ်လ်လိုရီ စားသုံးမှုကို တွက်ချက်ပေးပါ
- ကလေးကို စားသုံးမှုပမာဏကို ချင့်ချိန်တတ်အောင် သင်ပေးပါ
- ကလေးရဲ့ Screen Time ကို တစ်နေ့ကို ၁ နာရီပဲ ထားရှိပေးပါ
- ကလေးကို လှုပ်လှုပ်ရှားရှား နေတတ်အောင် သင်ပေးပါ
- ကလေးကို ကျန်းမာပြီး ခန္ဓာကိုယ် ကျစ်လျစ်လှပစေဖို့အတွက် ရက်တော်တော်များများကို တစ်နေ့ကို မိနစ် ၆၀ လောက် လှုပ်ရှားမှု ပေးလုပ်ပါ
- ရေဓာတ်ခမ်းခြောက်မှုကို ကာကွယ်နိုင်ဖို့အတွက် ကိုယ်လက်လှုပ်ရှားမှု လုပ်ပြီးချိန်တိုင်းမှာ ရေတိုက်ပါ။ တစ်နေ့ကို ရေများများ သောက်ဖြစ်အောင် ဂရုစိုက်ပေးပါ။
ကျန်းမာတဲ့ စားသောက်မှု ပုံစံ ပိုင်ဆိုင်စေဖို့
[embed-health-tool-vaccination-tool]